ကလေးအလုပ်သမား ၁၂ သိန်းကျော်ရှိပြီး ခြောက်သိန်းကျော်မှာ အန္တရာယ်ရှိ လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေ

ကလေးအလုပ်သမား ၁၂ သိန်းကျော်ရှိပြီး ခြောက်သိန်းကျော်မှာ အန္တရာယ်ရှိ လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေ

 

မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် ကလေးအလုပ်သမားစုစုပေါင်း ၁၂ သိန်းကျော် ရှိနေပြီး
ကလေးငယ်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအပြင် ကျန်းမာရေး၊ လူမှုရေးနှင့် ကိုယ်ကျင့်သီလကို
ထိခိုက်စေသည့် အန္တရာယ်ရှိလုပ်ငန်းများတွင် လုပ်ကိုင်နေရသည့် ကလေးပေါင်း ခြောက်သိန်းကျော်
အထိ ရှိနေသည်ဟု မြန်မာနိုင်ငံ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား
ဝန်ကြီးဌာနက ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ထုတ်ပြန်ထားသည်။

ကလေးငယ်များ၏ ရုပ်ပိုင်း၊ စိတ်ပိုင်း ကျန်းမာရေးနှင့် ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ပင်ထားဆီးမှု
အလားလာရှိသည့် အလုပ်အကိုင်များတွင် လုပ်ကိုင်နေရသည့် ကလေးလုပ်သား ၁၁ သိန်းကျော်
ပါဝင်နေသည်ဟုလည်း ၂ဝ၁၅ ခုနှစ်အတွင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့
(အိုင်အယ်လ်အို)နှင့်အလုပ်သမားဝန်ကြီးဌာနတို့ ပူးပေါင်းကောက်ယူထားသည့် စစ်တမ်းတွင်
ဖော်ပြထားသည်။

''ကျွန်တော်တို့ကတော့ ကလေးသူငယ်တွေ အဆိုးရွားဆုံးပုံစံနဲ့ ခိုင်းစေခံရမှုတွေကို ပပျောက်ရေး
ကိစ္စ၊ နောက် ကလေးသူငယ်တွေ အဓမ္မစေခိုင်းမှု လျော့ကျရေးကိစ္စတွေကို အိုင်အယ်လ်အိုရဲ့
ပြဋ္ဌာန်းချက်မှာလည်း လက်မှတ် (လိုက်နာမည်ဟု) ရေးထိုးပြီးဖြစ်ပါတယ်။ ဆက်လက်ပြီးလည်း
ဆောင်ရွက်နေပါတယ်'' ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဇွန် ၉ ရက်က မီဒီယာများကို ပြောကြားခဲ့သည်။

ပဋိပက္ခများနှင့် ဘေးအန္တရာယ်များအတွင်းက ကလေးသူငယ်များကို ကလေးအလုပ်သမားများ
ဖြစ်မလာရန် တားဆီးကာကွယ်ပေးရေးခေါင်းစဉ်ဖြင့် အိုင်အယ်လ်အို တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ
အလုပ်သမားဝန်ကြီးဌာနတို့က ဆွေးနွေးပွဲတစ်ခုကို ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်တွင် ဇွန် ၉ ရက်က
ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက အခမ်းနားအပြီးတွင် မီဒီယာများ၏ မေးမြန်းမှုများကို
ဖြေကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအစိုးရနှင့် အိုင်အယ်လ်အိုတို့ ၂ဝ၁၅ ခုနှစ်အတွင်း ကောက်ယူထားသော စစ်တမ်းများအရ
နိုင်ငံရှိ ကလေးသူငယ် စုစုပေါင်း ၁၂,၁၄၆,၄၆၃ ဦးတွင် ၁,၂၇၈,၉ဝ၉ဦးမှာ ဝင်ငွေရမည့်အလုပ်
လုပ်ကိုင်နေရသည်ဟု ဆိုထားသည်။

ယင်းအထဲမှ ကလေးလုပ်သားဟု သတ်မှတ်ထားသည့် ကလေးသူငယ်ပေါင်း ၁,၁၂၅,၆၆၁ ဦးရှိနေသည့်
အပြင် ၆၁၆,၈၁၅ ဦးမှာ အန္တရာယ်ရှိသည့် လုပ်ငန်းခွင့်များတွင် အလုပ်လုပ်ကိုင်နေကြသည်ဟု
ဆိုထားသည်။

ကလေးအလုပ်သမားများ၏ ၄ဝ ရာခိုင်နှုန်းကျော်ခန့်မှာ ဖုန်၊ အခိုးအငွေ့ရှိနေသည့် လုပ်ငန်း
နယ်ပယ်တွင် လုပ်ကိုင်နေရပြီး ၁၆ ဒသမ ၃ ရာခိုင်နှုန်းမှာ အန္တရာယ်ရှိသည့် စက်ပစ္စည်းကိရိယာများ
ပါဝင်သည့် လုပ်ငန်းနယ်ပယ်နှင့် ၁၁ ဒသမ ၂ ရာခိုင်နှုန်းတို့မှာ ပြင်းထန်သည့် အအေးဓာတ်
(သို့မဟုတ်) ပြင်းထန်သည့် အပူရှိန်ရှိသည့် လုပ်ငန်းနယ်ပယ်တို့တွင် လုပ်ကိုင်နေရသည်ဟု
စစ်တမ်းက ဆိုထားသည်။

ထို့ပြင် အခြားကလေးငယ်များမှာလည်း မီးတောက်၊ မီးလျှံနှင့် ဓာတ်ငွေ့ရှိသည့်လုပ်ငန်းခွင်များ၊
ဓာတုပစ္စည်းသုံးစွဲရသည့် လုပ်ငန်းခွင်များ၊ ကျယ်လောင်သည့် ဆူညံသံနှင့် တုန်ခါမှုရှိသည့်
လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေကြရသည်ဟု ဝန်ကြီးဌာန၏ စစ်တမ်းတွင် ဖော်ပြထားသည်။

''ကျွန်တော်တို့ နိုင်ငံမှာက ကလေးသူငယ်စောင့်ရှောက်မှုဂေဟာတွေ မဖွင့်နိုင်သေးဘူး။နိုင်ငံရဲ့
အနေအထားအရ ဆင်းရဲနွမ်းပါးမှု၊ပညာရေး၊ ကျန်းမာရေး အချက်တွေ အများကြီးရှိတယ်။
ဘယ်သူမှတော့ ကလေးလုပ်သား မလုပ်ချင်ကြပါဘူး။ နိုင်ငံရဲ့ အလေ့အထအရ ကလေးများတဲ့
မိသားစုတွေမှာတော့ ကလေးတွေက စားဝတ်နေရေးအတွက် အလုပ်လုပ်နေကြရတာ'' ဟု
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံများနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်ကလည်း အခမ်းအနားအပြီးတွင် မီဒီယာများကို ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် ယခင်က အသက် ၁၃ နှစ်ပြည့်ပြီးသူများ အလုပ်လုပ်ကိုင်နိုင်သည်ဟု
ခွင့်ပြုပေးထားခဲ့သော်လည်း၊ ၁၉၅၁ ခုနှစ်၊အလုပ်ရုံများအက်ဥပဒေနှင့် ၂ဝ၁၆ ခုနှစ်ဆိုင်နှင့်
အလုပ်ဌာနများ ဥပဒေတွင် ကလေးအလုပ်သမားအဖြစ် အလုပ်လုပ်ကိုင်ရန် အနိမ့်ဆုံး
၁၄ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်ဟု ပြန်လည် ပြဋ္ဌာန်းထားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး