မိုးတိမ်တောင်များကြောင့် မိုးကြိုးအန္တရာယ် အများဆုံးဖြစ်ပေါ်ပြီး သေဆုံးသူ ၆၀ ဦးအထိရှိ

မိုးတိမ်တောင်များကြောင့် မိုးကြိုးအန္တရာယ် အများဆုံးဖြစ်ပေါ်ပြီး သေဆုံးသူ ၆၀ ဦးအထိရှိ

ယခုနှစ်တွင် မိုးကြိုကာလမှ စတင်ကာ နေ့အပူချိန် မြင့်တက်မှုများကြောင့် မိုးတိမ်တောင်
အန္တရာယ်များ ဖြစ်ပေါ်ခဲ့ပြီး လေပြင်းတိုက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးထစ်ချုန်းခြင်းများကို တိုင်းနှင့်ပြည်နယ်
အများစုတွင် ခံစားခဲ့ရသည်။

ယမန်နှစ်က ဧပြီနှင့် မေလအကုန်အထိ မိုးကြိုးအန္တရာယ်ကြောင့် သေဆုံးသူ ၁၀ ဦးဝန်းကျင်သာ
ရှိခဲ့သော်လည်း ယခုနှစ် ဧပြီမှ ဇွန်လ ၁၃ ရက်အထိ မိုးကြိုးဘေးကြောင့် သေဆုံးသူ ၆၀ ဦး၊
ထိခိုက်ဒဏ်ရာ ရရှိသူ ၁၈ ဦးခန့်ရှိကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ
သိရသည်။

ချင်းပြည်နယ်မှအပ ကျန်တိုင်းနှင့်ပြည်နယ်များတွင် မိုးကြိုးအန္တရာယ်ကြောင့် သေဆုံးသူနှင့်
ထိခိုက်ဒဏ်ရာ ရရှိသူများ ရှိခဲ့ပြီး သေဆုံးမှုများသည့် ဒေသများမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်း
မိုးကြိုးပစ်ခြင်းကြောင့် သေဆုံးသူ ၁၄ ဦး၊ ပဲခူးတိုင်းတွင် ၈ဦး၊ တနင်္သာရီတိုင်းတွင် ရ ဦး၊
မကွေးတိုင်းတွင် ၆ ဦးနှင့် ရန်ကုန်တိုင်းတွင် ၅ ဦး ရှိခဲ့သည်။

ထို့ပြင် လေပြင်းအန္တရာယ်ကြောင့် မတ်မှ မေ ၂၆ ရက်အထိ ကနဦးစာရင်းအရ ထိခိုက်ဒဏ်ရာရသူ
အယောက် ၃၀ ၀န်းကျင်၊ သေဆုံးသူ ၁၉ ဦး၊ နေအိမ်ပေါင်း ၁၃,၀၀၀ ကျော်၊ ဘာသာရေးအဆောက်အုံ
၁၆၀ ကျော်ခန့် ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနမှ
သိရသည်။

နေ့အပူချိန်များ မြင့်တက်ခြင်းကြောင့် ရေခိုးရေငွေ့များ ပျံတက်တာ မိုးတိမ်တောင်များဖွဲ့စည်းစေပြီး
မိုးတိမ်တောင်စုဖွဲ့ချိန်သည် တိုတောင်းကာ ပြန်လည်ပြိုကွဲချိန်သည်လည်း ကြာမြင့်လေ့မရှိကြောင်း
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက
မြန်မာတိုင်း(မ်)ကို ပြောသည်။

"အခုနောက်ပိုင်းနှစ်တွေမှာ မိုးတိမ်တောင်စုဖွဲ့မှုက ဧရိယာကျယ်လာတာကြောင့် ဧရာဝတီ၊ ပဲခူး၊
ရန်ကုန် စတဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေအထိ ဖြစ်လာတာကိုတွေ့ရတယ်။ ဒီနှစ်မှာမိုးတိမ်တောင်ကြောင့်
မိုးကြိုးပစ်တာအများဆုံး ကြံုတွေ့ရတယ်။ မနှစ်ကဆိုရင် အရွယ်ကြီးတဲ့ မိုးသီးကြွေတာတွေ ရှိခဲ့တယ်။
ဒီနှစ်မှာတော့ လူထုက တစ်ခုခုထူးခြားတာဖြစ်ရင် သတင်းပို့ရမယ်ဆိုတဲ့ အသိရှိလာတဲ့အတွက်
မိုးကြိုးပစ်ခံရတယ်ဆိုရင် သတင်းပိုရလာတာလည်း ရှိတယ်"ဟု ၎င်းက ပြောသည်။

နေ့အပူချိန်များ မြင့်တက်ခြင်းကြောင့် အပူပျံတက်ကာ တိမ်များစုဖွဲ့ပြီး မိုးတိမ်တောင်များဖြစ်ပေါ်ကာ
မွန်းလွဲ/ညနေပိုင်း အချိန်များတွင် မိုးတိမ်တောင်များ ရွေ့လျားရာနေရာများတွင် လေပြင်းတိုက်ခြင်း၊
လေပြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့်
မိုးသီးကြွေခြင်းများ ဖြစ်ပေါ်စေခြင်း ဖြစ်သည်။

"နေ့ဘက်မှာ အပူချိန်များတဲ့အတွက် မိုးကြိုးပစ်တာ၊ လေပြင်းတိုက်တာကို ဒီနှစ်မှာ
ဒေသအတော်များများကြံုရ တာတွေ့ရတယ်။ မိုးကြိုးနဲ့ပတ်သက်ပြီးတော့ မိုးတိမ်တောင် စုဖွဲ့လာပြီ
မိုးရွာတော့မယ်၊ မိုးခြိမ်းသံကြား တယ်ဆိုရင် တီဗီ၊ မိုဘိုင်းဖုန်းလို လျှပ်စစ်ပစ္စည်းတွေကို
ပိတ်ထားရင်တော့ အန္တရာယ်ကင်းတာပေါ့"ဟု ဦးကျော်မိုးဦးက ပြောသည်။

လတ်တလောတွင် မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် မုတ်သုံလေအားကောင်းနေပြီး မွန်၊ ကရင်၊
တနင်္သာရီ နှင့် မြစ်ဝကျွန်းပေါ်ဒေသများ၊ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများတွင် မိုးရနေနိုင်ကြောင်း
၎င်းကပြောသည်။

"မိုးတိမ်တောင်တွေက ဒေသအတွင်းမှာ နေ့အပူချိန်တွေ မြင့်လာတဲ့အခါ ရေခိုးရေငွေ့တွေက
အပေါ်တက်ပြီး စုဖွဲ့တယ်၊ ညနေဆိုရင် မိုးအဖြစ် ပြန်ရွာကျတယ်။ မိုးကြို ကာလဖြစ်တဲ့ ဧပြီ၊ မေနဲ့
မိုးနှောင်းကာလတွေမှာ မိုးကြိုးအန္တရာယ်အများဆုံး ဖြစ်တတ်တယ်"ဟု ဦးကျော်မိုးဦးက ပြောသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ဇွန် ၁၃ ရက် မနက်ပိုင်း ထုတ်ပြန်ချက်အရ မုတ္တမကွေ့၊
မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ရခိုင်ကမ်းရိုးတန်းတို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်း
ကျရောက်နိုင်ပြီး တစ်နာရီလျှင် မိုင် ၄၀ ခန့် လေပြင်းတိုက်ခတ်နိုင်ပြီး လှိုင်းကြီးခြင်းများ
ဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက် တွင် လှိုင်းအမြင့် ၁၀ ပေမှ ၁၄ ပေခန့်နှင့်
မွန်-တနင်္သာရီ ကမ်းရိုး တန်းတစ်လျှောက်တွင် ၆ ပေမှ ၁၀ ခန့် လှိုင်းအမြင့် ရှိနိုင်ကြောင်း မိုး/ဇလမှ
ဇွန် ၁၂ ရက်က ထုတ်ပြန်ထားသည်။

"မြစ်ဝကျွန်းပေါ်နဲ့ အလယ်ပိုင်းဒေသတွေအနေနဲ့တော့ မိုးတိမ်တောင်ဖြစ်ထွန်းမှုတွေ
ရှိနေနိုင်သေးတယ်။ မုတ်သုံဝင်ပြီးဖြစ်ပေမဲ့ မိုးထစ်ချုန်းတာ၊ လေပြင်းနဲ့ မိုးကြိုးအန္တရယ်တွေ
ရှိနေနိုင်သေးတယ်။ မုတ်သုံလေအားက တောက်လျောက် အားကောင်းလာရင်တော့ ဒီအန္တရာယ်တွေ
လျော့သွားနိုင်ပါတယ်"ဟု ဦးကျော်မိုးဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး