လက်ပံတောင်းတောင် သပိတ်စခန်းအား မည်သည့်လက်နက်များသုံး၍ မည်သည့်အဆင့်ဖြင့်ဖြိုခွင်း
ခဲ့ကြောင်း သက်သေပြနိုင်သော သက်ရှိလူသက်သေ၊ ပစ္စည်းသက်သေ၊ ရုပ်ရှင်- ရုပ်ငြိမ် ဓာတ်ပုံ၊
ဗီဒီယိုသက်သေများ အလုံအလောက်ရရှိထားပြီဖြစ်ကြောင်း ၈၈ ကျောင်းသား မျိုးဆက်မှ
ကိုမင်းကိုနိုင် က မြန်မာတိုင်း(မ်)ကို ပြောသည်။
"ဒီဖြစ်စဉ်မှာပါတဲ့ ဒဏ်ရာရထားတဲ့ မဖြူဖြူဝင်းတို့လို ပြောပြနိုင်တဲ့သူတွေ ရှိပါတယ်။ ဒဏ်ရာရ
သံဃာတော်တွေလည်း ရှိတာပေါ့။ သက်သေအဖြစ် သက်ရှိသက်မဲ့ နှစ်မျိုးရှိရာမှာ စကား ပြောနိုင်
သူက စကားနဲ့၊ တခြားပစ္စည်း သက်သေတွေလည်း တော်တော်လုံလုံ လောက်လောက်ရှိနေပါပြီ"
ဟု ၎င်းက ပြီးခဲ့သည့် တနင်္ဂနွေနေ့ နံနက် မန္တလေးမြို့ ပြည်သူ့ဆေးရုံရှိ လက်ပံတောင်းအရေးတွင်
ဒဏ်ရာရခဲ့သော သံဃာတော်များနှင့် လူပုဂ္ဂိုလ်တို့အား ၀င်ရောက်ကြည့်ရှုအားပေးခဲ့စဉ် မြန်မာ
တိုင်း(မ်)ကို ပြောခဲ့ခြင်းဖြစ်သည်။
ကိုမင်းကိုနိုင်သည် မီးသင့်ဒဏ်ရာများကိုသာမက လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွင်းခဲ့ရစဉ်
က သံဃာတော်တစ်ပါး ၀တ်ဆင်ထားသော အနွေးထည်အကျႌ၏ ရိပြတ်လောင် ကျွမ်းပေါက်ပြဲ
သော ဒဏ်ရာဒဏ်ချက်များအပြင် သံဃာတော်တို့ ရရှိထားသော သပိတ်စခန်းဖြိုခွင်းရာတွင် ကျန်
ရစ်ခဲ့သည့် ပေါက်ကွဲပြီး ဗုံးခွံများ၊ မပေါက်ကွဲသေးသည့် ဗုံးခွံများကိုပါ ကြည့်ရှုခဲ့သည်ဆို၏။
"မျက်ရည်ယိုဗုံးတွေနဲ့ ပတ်သက်ရင်တော့ ၁၉၈၈ ခုနှစ်တုန်းက အရေးအခင်းဖြစ်ခဲ့တဲ့နေရာတွေမှာ
ကျွန်တော်တို့ကိုယ်တိုင် ပြန်ကောက်ပြီး သင့်လျော်ရာ ပစ်ခဲ့ရတာတွေ အများကြီးပါ။ မျက်ရည်ယိုဗုံး
များစွာနဲ့ ဖြိုခွင်းခံရတာလည်း ကိုယ်တိုင်ကြံုခဲ့ဖူးတယ်။ အခုတွေ့ ရတဲ့ ဗုံးတွေနဲ့ မတူပါဘူး။ အခုလို
ရတဲ့ ဒဏ်ရာမျိုးတွေနဲ့လည်း ဘယ်လိုမှ မတူပါဘူး"ဟု ကိုမင်းကိုနိုင်ကပြောသည်။
ထို့ပြင် စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်များ ရောက်ရှိလာပါက ပစ္စည်းသက်သေကဲ့သို့ ရှိသမျှ
သက်သေ အားလုံးကို ထုတ်ပေးရမှာဖြစ်ကြောင်း၊ ကော်မရှင်နှင့် တွေ့ဆုံရာ၌ (၂၉ ရက်နေ့ နံနက်
က)ဖြစ်စဉ် အစအဆုံးကို ပြန်ထွက်ဆိုဖို့ကလည်း အရေးကြီးလှ ကြောင်း ၎င်းကဖြေကြားခဲ့သည်။
စုံစမ်းစစ်ဆေးရေးကော်မရှင်အနေ ဖြင့် လက်ပံတောင်းတောင်အရေး အတွက် ဒီဇင်ဘာ ၅ ရက်နေ့
ကတည်းက စတင်ကွင်းဆင်းစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ သို့ရာတွင် သပိတ်စခန်းများအား
ပြင်းထန်စွာ ဖြိုခွင်းခဲ့ခြင်း နှင့် ပတ်သက်၍ သီးခြားမေးမြန်းစုံစမ်း ခြင်းမျိုးမရှိဘဲ ကြေးနီစီမံကိန်း
အကြောင်းစုံစမ်းရာတွင် ရောနှော၍ မေးမြန်းမှုသာရှိခဲ့ကြောင်း လက်ပံတောင်းတောင်အရေး၌
အဓိကဦး ဆောင်ပါ၀င်ခဲ့သည့် ၀က်မှေးကျေးရွာသူ မသွဲ့သွဲ့ဝင်းက ပြောသည်။
"အဓိကရုဏ်းဖြိုခွင်းတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကော်မရှင်က သီးခြားမေးတာမျိုးတော့ မရှိပါဘူး။ ကျွန်မ
တို့ ဘက်က စကားဆက်စပ်ပြီးရသလောက် ရှင်းပြခဲ့ပါတယ်။ ဒီသပိတ်စခန်း ဖြိုခွင်းခံရတဲ့အထဲမှာ
၀က်မှေး၊ ဆည်တဲ၊ ကျော်ရွာ၊ မိုးကြိုးပြင်၊ ရွှေလှေစတဲ့ ရွာသားတွေလည်း ဒဏ်ရာရကြတယ်။ စုံစမ်း
စစ်ဆေးရေးအဖွဲ့က ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွာသားတွေကိုလည်း မမေးသေးဘူး။ သံဃာတော်တွေ
ကိုလည်း မမေးသေးဘူး။ ကျွန်မတို့ကသာ ဆက်စပ်ပြီး ပြောကြတာ၊ အခင်းဖြစ်တဲ့ နေရာက ရထား
တဲ့ ဗုံးဆန်တွေ၊ ဗုံးသီး တွေကိုတော့ ထုတ်မပြနိုင်ခဲ့ဘူး။ ဒါတွေကို သံဃာတော်တွေက ဓာတ်ခွဲခန်း
ပို့ဖို့အတွက် စီစဉ်ထားလို့ပါ"ဟု သူမက ဖြေကြားသည်။
စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်တို့ ကြေးနီတောင်နှင့် မုံရွာမြို့တွင် ဗုံးဆန်အကြွင်းအကျန်များ
ကို ၎င်းနေ့က မကြည့်ခဲ့ရသော်လည်း ၎င်း ကော်မရှင်၌ ဗုံးဆန်အချို့ ယခင်ရက်ကတည်းက ရရှိခဲ့
သည်ဟု မန္တလေး ဆေးရုံကြီးသို့ လာရောက်ပြီး သံဃာတော်တို့အား ကြည့်ရှုသွားသော ကော်မရှင်
အဖွဲ့မှ ဦးကျော်တင့်ဆွေက မန္တလေး ဆေးရုံကြီးရှိ သံဃာတော်တို့အား ပြောကြားခဲ့ကြောင်းသိရ
သည်။
"ဦးဇင်းတို့ အခုလက်ရှိအနေအထားမှာပဲ တွေ့မြင်ထားတဲ့ သက်ရှိသက်မဲ့ သက်သေတွေဟာ
အကယ်၍ ရာနှုန်းပြည့် မဟုတ်ရင်တောင် ၉၀ ရာခိုင်နှုန်း လောက်တော့ ပြည့်စုံနေပြီးလို့ ထင်ပါ
တယ်။ ဒါပေမယ့် ဦးဇင်းတို့က ပညာရှင်တွေမဟုတ်တော့ ဒီသက်သေတွေက ပြည့်စုံတယ်၊ မပြည့်စုံ
တယ်၊ အတပ်မပြောနိုင်ဘူးပေါ့။ ဒါ့ပေမယ့် ကော်မရှင်ကို ဒီသက်သေတွေ အကုန်လုံးမဟုတ်တောင်
တတ်နိုင်သမျှ တင်ပြသွားဖို့ စီစဉ်ထားပါတယ်"ဟု သံဃာတော်များ ပြုစုစောင့်ရှောက်သည့်အဖွဲ့ဝင်
ဦးရာဇာဓမ္မက ပြောသည်။















