မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်စဉ်များမှ ဖက်ဒရယ်စနစ်ကို အခြေခံသော ဖွဲ့စည်းပုံ
အခြေခံဥပဒေသစ် ရေးဆွဲမှုများ ပြုလုပ်လာပါက လက်ရှိ အခြေခံဥပဒေက အသိအမှတ်ပြုထားသော
ဘာသာရေးအသိအမှတ်ပြု ပုဒ်မများ ပါ၀င်လာစေရန် အလေးနက်ထား ဆုတောင်းမိကြောင်း
သီတဂူကမ္ဘာ့ဗုဒ္ဓ သာသနာပြုဆရာတော် ဒေါက်တာအရှင် ဉာဏိဿရက ဇွန်လ ၁၀ ရက်က ပြုလုပ်သည့်
'သီတဂူ အဘိဓဇမဟာရဋ္ဌဂုရုပူဇာ' သဘင် အခမ်းအနားတွင် မိန့်သည်။
"ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဘုန်းကြီးတို့က နည်းနည်းတုန်လှုပ်တယ်။ သတင်းလေးတစ်ခု
ကြားလိုက်တယ်။ ဘာသာရေးကို အခြေခံသော အခြေခံဥပဒေမျိုး မဆွဲဘဲနဲ့ ဖက်ဒရယ်စနစ်ကို
အခြေခံသော အခြေခံစည်းမျဉ်း Federal Constitution လာရင် ဘာသာရေး သာသနာရေးတွေ
ပါလာပါ့ဦးမလားလို့ စိတ်ပူတယ်" သီတဂူဆရာတော်က မိန့်သည်။
၂၀၀၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈၊ ပုဒ်မ ၃၆၁ တွင်
"နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသား အများဆုံး
ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာသာသနာ ဖြစ်သည်ဟု နိုင်ငံတော်က
အသိအမှတ်ပြုသည်"ဟု ပြဋ္ဌာန်းထားသည်။
ထို့အတူ ပုဒ်မ ၃၆၂ တွင် "နိုင်ငံတော်သည် ခရစ်ယာန်ဘာသာသာသနာ၊ အစ္စလာမ်
ဘာသာသာသနာ၊ ဟိန္ဒူဘာသာသာသနာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို
ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သောနေ့၌ နိုင်ငံတော်တွင် ရှိနေကြသော ကိုးကွယ်ရာ
ဘာသာများဟူ၍ အသိမှတ်ပြုသည်"ဟု ပြဋ္ဌာန်းထားသည်။
အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲသည့်အခါ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၃၆၁ ပါ၀င်ရန်
လိုအပ်သကဲ့သို့ ပုဒ်မ ၃၆၂ ကိုလည်း ပြန်လည်ထည့်သွင်းရေးဆွဲရန် လိုအပ်ကြောင်း၊ ထိုသို့
ပါ၀င်လာမှသာ သာသနာ ပြန့်ပွားရေးလုပ်ငန်းများကို ပြုလုပ်နိုင်မည်ဖြစ်ပြီး မပါ၀င်လာပါက
ဆုံးရှုံးနိုင်သဖြင့် မိမိ၏ 'အဘိဓဇပူဇော်ပွဲ'တွင် အလေးအနက်ထား ဆုတောင်းကြောင်း ဆရာတော်က
ထည့်သွင်းမိန့်ကြားခဲ့သည်။
"၃၆၁ နဲ့ ၃၆၂ ဒီနှစ်ပိုဒ်မပါဘူးဆိုရင် ဘာသာမဲ့နိုင်ငံဆိုတဲ့ အဓိပ္ပာယ်မျိုးကို ရောက်သွားမှာ ဘုန်းကြီးတို့
သိပ်ပြီးတော့ စိုးရိမ်ပါတယ်။ ဘာသာသာသနာနဲ့ ပတ်သက်တဲ့ အခြေခံဥပဒေအပိုဒ် ၃၆၁နဲ့ ၃၆၂
လည်းပဲ နောက်လာမယ့် အခြေခံဥပဒေထဲမှာ ပြန်လည်၍ ပါလာနိုင်ပါစေဆိုတာကို ဘုန်းကြီးတို့
ဆုတောင်းပါတယ်"ဟု သီတဂူဆရာတော်က မိန့်သည်။

နိုင်ငံသားများသည် ဘာသာတရားများကို စနစ်တကျ သင်ကြားကျင့်ကြံမည်ဆိုပါက
သင်ကြားလေ့ကျင့်ခြင်း၏ အကျိုးကျေးဇူးအဖြစ် တိုင်းသူပြည်သားများ၏ ကိုယ်၊ နှုတ်၊ နှလုံး
သုံးပါးစလုံးတွင် ယဉ်ကျေးခြင်း၊ နူးညံ့ သိမ်မွေ့ခြင်းနှင့် သည်းခံခြင်းစသည့် အကျိုးကျေးဇူးများကို
များစွာရရှိနိုင်ကြောင်း ဆရာတော်က ဆိုသည်။
ကမ္ဘာပေါ်တွင် သာသနာရေးဝန်ကြီးဌာနဟု ခန့်အပ်ထားသည့် နိုင်ငံဟူ၍ သီရိလင်္ကာနိုင်ငံနှင့်
မြန်မာနိုင်ငံတို့သာ ရှိပြီး အခြားနိုင်ငံများတွင် မတွေ့ရှိရကြောင်း၊ ထိုကြောင့် သာသနာရေးဝန်ကြီးဌာန
ကြာရှည်တည်တ့ံစေရန် အလေးအနက် ဆုတောင်းကြောင်း၊ ခေတ်မီ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့်အတူ
ခေတ်နှင့် လျော်ညီစွာ တိုင်းပြည် ပြုပြင်ပြောင်းလဲခြင်းသည် ကောင်းမွန်သော်လည်း
စဉ်ဆက်မပြတ်သည့် ဖွ့ံဖြိုးတိုးတက်မှုဖြစ်ရန် အရေးကြီးကြောင်း သီတဂူဆရာတော်က မိန့်သည်။
ယင်းနေ့က ပြုလုပ်သည့် "သီတဂူ အဘိဓဇ မဟာရဋ္ဌဂုရုပူဇာ"သဘင် အခမ်းအနားတွင်
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက်ခဲ့သည်။
ဇွန် ၁၁ ရက်က ကရင်ပြည်နယ်တွင် ပြုလုပ်ခဲ့သည့် အမျိုးဘာသာ သာသနာထိန်းသိမ်း
စောင့်ရှောက်ရေးအဖွဲ့၏ အထူးအသိပေး ရှင်းလင်းပွဲတွင်လည်း သီတဂူဆရာတော်
ဒေါက်တာအရှင်ဉာဏိဿရ၏ ဩဝါဒမိန့် ကြားချက်အပေါ် လေးစားလိုက်နာမည်ဖြစ်ပြီး
သာသနာရေးဝန်ကြီးဌာန ရေရှည်တည်တံ့ရေးနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ
ပုဒ်မ ၃၆၁၊ ၃၆၂ တို့ ဆက်လက် တည်မြဲရေးအတွက် အလေးထားဆောင်ရွက်မည်ဖြစ်ကြောင်း
ထုတ်ပြန်ထားသည်။
နိုင်ငံသားတို့၏ ဘာသာရေးဆိုင်ရာ ကိုးကွယ်ယုံကြည်မှုသည် အခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲ
ပြဋ္ဌာန်းခြင်းထက် နိုင်ငံသားတို့၏ ယုံကြည်သက်ဝင်မှုနှင့်သာ ပိုမိုသက်ဆိုင်သည်ဟု
ထင်မြင်ယူဆကြောင်း ဆရာတော် တစ်ပါးဖြစ်သူ အရှင်ဦးစိန္တိတက မိန့်သည်။
"ဦးဇင်း အမြင်အရဆိုရင် ဆရာတော်ကြီးကို အရွဲ့တိုက်တာ မဟုတ်ဘူး။ ဘာသာတစ်ခုဆိုတာက
ကိုးကွယ်ယုံကြည်တာမို့ ဗုဒ္ဓဘာသာအရ ခိုင်ခံ့ယုံကြည်နေဖို့ အရေးကြီးတယ်။ ကိုယ့်ဘာသာက
ဘယ်လို ဘာသာမျိုးလဲ၊ ကိုးကွယ်တဲ့ ဘာသာလား ဆိုတာ ဝေဖန်ပိုင်ခြားနိုင်တဲ့ အသိစိတ်က
အရေးကြီးတယ်။ ရှေ့တန်းရောက်တာ နောက်တန်းရောက်တာ ပျောက်သွားမှာ စိုးရိမ်စရာမလိုဘူး။
ဖွဲ့စည်းပုံမှာ ပါခြင်း မပါခြင်းက ဥပဒေပိုင်းဆိုင်ရာဖြစ်ပြီး တည်ငြိမ်အေးချမ်းမှုက အရေးကြီးတယ်။
ဥပဒေအရ ပြဋ္ဌာန်းပါ၀င်လာရင်တော့ ပိုကောင်းတာပေါ့"ဟု ၎င်းက ဆိုသည်။
















