သက်ကြီးများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေ ယနေ့စတင်ပေးအပ်

သက်ကြီးများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေ ယနေ့စတင်ပေးအပ်

 

အသက် ၉ဝ နှင့်အထက် သက်ကြီးနိုင်ငံသားတိုင်းကို ထောက်ပံ့မည့်အစိုးရ၏ လူမှုရေးပင်စင်
အစီအစဉ်၏ ပထမဆုံးအကြိမ်အဖြစ် ထောက်ပံ့ငွေများကို နိုင်ငံတစ်ဝန်းရှိ မြို့နယ်အထွေထွေ
အုပ်ချုပ်ရေးမှူးများထံသို့ ယနေ့(ဇွန် ၁၅ ရက်)တွင် လွှဲပြောင်းပေးအပ်မည်ဟု လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ပြောသည်။

အစိုးရသည် အသက် ၉ဝ နှင့်အထက် သက်ကြီးနိုင်ငံသားတိုင်းကို ယခုနှစ် ဧပြီလမှစ၍ တစ်လလျှင်
ထောက်ပံ့ငွေကျပ် ၁ဝ,ဝဝဝ နှုန်းဖြင့် သုံးလတစ်ကြိမ်ပေးအပ်မည့် လူမှုရေးပင်စင် အစီအစဉ်ကို
စတင်ခဲ့သည်။

''အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွေကိုငွေတွေပို့လိုက်ပြီ။ တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး
တွေက သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ၁၅ ရက်မှာ တစ်ပြိုင်တည်း၊ တစ်ရက်တည်း
ငွေသား လွှဲမယ်။ ၁၆ ရက်ကစပြီး၊ လမကုန်ခင်ထိ တာဝန်ရှိသူတွေက ကိုယ်တိုင် အိမ်တိုင်
ရာရောက် လိုက်ပေးမှာ။ သက်သေအဖြစ်ရပ်မိရပ်ဖတစ်ဦးနဲ့ ကျောင်းဆရာမတစ်ဦးတို့ ပါပါမယ်'' လို့
လူမှုဝန်ထမ်းဦးစီးဌာန၊ ကလေးနှင့် လူငယ်ဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုးက
မြန်မာတိုင်း(မ်)ကို ပြောသည်။

ပထမဆုံးအကြိမ် ထောက်ပံ့မှုတွင် တစ်နိုင်ငံလုံးရှိ အသက် ၉ဝ ကျော်ဘိုးဘွားစုစုပေါင်း ၃၁,၈၃၅
ယောက်ကိုထောက်ပံ့ပေးမည် ဖြစ်သည်။ ဘိုးဘွားများကို လူမှုရေးပင်စင်ထောက်ပံ့ရန် (၂ဝ၁၇-၁၈)
ဘဏ္ဍာနှစ်တွင် နိုင်ငံတော်ဘတ်ဂျက်ထဲမှ ကျပ်သန်းပေါင်း ၄၂ဝ ခွဲဝေသတ်မှတ်ပေးထားသည်ဟု
တာဝန်ရှိသူများက ဆိုသည်။

ယခုနှစ် ဧပြီလမှစ၍ သုံးလတစ်ကြိမ် ငွေသားပေးအပ်ထောက်ပံ့ခြင်းဖြစ်သောကြောင့်
မတ် ၃၁ ရက်တွင် အသက် ၉ဝ နှစ် ပြည့်ပြီးသူ ဘိုးဘွား မည်သူမဆို လူမျိုး၊ ဘာသာ၊ အလုပ်အကိုင်
ခွဲခြားထားခြင်းမရှိဘဲ ထောက်ပံ့ခြင်းဖြစ်သည်ဟု ၄င်းတို့ကဆိုသည်။

သို့သော် လူမှုရေးပင်စင်လျှောက်ထားနိုင်မည့် ဘိုးဘွားများသည် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း
အထောက်အထားပြရမည်ဟု သတ်မှတ်ထားသည့်အတွက် အသက် ၉ဝ ပြည့်ပြီးသော်လည်း
ယင်းလူမှုရေး ပင်စင်မရရှိသည့် ဘိုးဘွားအချို့ရှိနေသေးသည်။

သတ်မှတ်ထားသည့် သက်သေအထောက်အထား မရှိသော်လည်း အမှန်တကယ်ထောက်ပံ့မှု
လိုအပ်နေသည့် အသက် ၉ဝ ကျော် ဘိုးဘွားများအားလုံးအတွက် တစ်စုံတစ်ခုထောက်ပံ့ပေးနိုင်ရန်
သက်ဆိုင်ရာ လူမှုဝန်ထမ်းဦးစီးဌာနသို့ဆွေးနွေးတင်ပြထားသည်ဟု ဆည်းဆာရိပ်ခိုကိုးရာမဲ့
ဂီလာနဘိုးဘွားရိပ်သာ၏ ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်မမက ပြောသည်။

''ကျွန်မတို့ ဂေဟာက စွန့်ပစ်ခံရတဲ့ ဂိလာန ဘိုးဘွားရိပ်သာဖြစ်တဲ့အတွက် ဘာအထောက်အထားမှ
မရှိတဲ့ ဘိုးဘွားတွေ အများကြီးပါ။ နိုင်ငံတော်ကထောက်ပံ့တဲ့နေရာမှာ သားသမီး၊ ဆွေမျိုး၊ ညီအစ်ကို
မောင်နှမ မရှိတဲ့ ခိုကိုးရာမဲ့၊ ဂီလာန ဘိုးဘွားတွေကိုတော့ နည်းနည်းလေးပိုပြီးတော့ စဉ်းစားပေး
စေချင်ပါတယ်။ သူတို့ကအမှန်တကယ်နိုင်ငံတော်ရဲ့ အကူအညီကိုလိုအပ်နေတဲ့သူတွေပါ။
အထောက်အထားပါမှ ဆိုတာကြောင့် အမှန်တကယ် လိုအပ်နေတဲ့သူတွေကို မပေးနိုင်ဖြစ်သွားမှာ
စိုးပါတယ်'' လို့ ၄င်းကဆိုသည်။

ယင်းကဲ့သို့ အထောက်အထားမပြနိုင်သည့် အသက် ၉ဝ ကျော်ဘိုးဘွားများအားလုံး လူမှုရေးပင်စင်
ခံစားနိုင်စေရန် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ရပ်မိ၊ ရပ်ဖတစ်ဦးဦး(သို့)ရပ်ကွက်အုပ်ချုပ်ရေးမှူးက
ထောက်ခံပြီး မြို့နယ်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက််၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေး၏
စိစစ်ထောက်ခံချက်၊ ပြည်နယ်တိုင်းလူမှုဝန်ထမ်းဦးစီးဌာနနှင့် နေပြည်တော်ရှိ လူမှုဝန်ထမ်း
ဦးစီးဌာနရုံးချုပ်၏ ထောက်ခံချက် စသည့်အဆင့်လေးဆင့်ဖြင့် အဆင်ပြေအောင် ဆောင်ရွက်
ပေးထားသည်ဟု ဦးအောင်ကျော်မိုးက ပြောသည်။

''အခုပထမတစ်ခေါက်မှာ အထောက်အထားမရှိပေမဲ့ ထောက်ခံချက်နဲ့ ပေးထားတဲ့ ဘိုးဘွားတွေ
အများကြီးပါပါတယ်။ အခုအကြိမ်မှာ အသက်မပြည့်သေးတဲ့ဘိုးဘွားတွေအနေနဲ့ နောက်သုံးလ
ဒုတိယအကြိမ်အတွက် အသက်ပြည့်ရင် လျှောက်ထားနိုင်ပါတယ်''လို့ ၄င်းကဆိုသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် ၂ဝ၁၄-၁၅
ဘဏ္ဍာနှစ်မှစ၍ အသက် ၉ဝ နှင့် အထက်ဘိုးဘွားများကို တစ်နှစ်တစ်ကြိမ် လူမှုရေးပင်စင်
ထောက်ပံ့ပေးအပ်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး