၁၄၅ နှစ်သက်တမ်းရှိ အထူးထိမ်းမြားခြင်းဆိုင်ရာ အက်ဥပဒေကို ပြင်ဆင်မည်

၁၄၅ နှစ်သက်တမ်းရှိ အထူးထိမ်းမြားခြင်းဆိုင်ရာ အက်ဥပဒေကို ပြင်ဆင်မည်

မြန်မာတစ်နိုင်ငံလုံး ကိုလိုနီလက်အောက်သို့ ကျရောက်ခဲ့ခြင်း မရှိသေးခင် ၁၈၇၂ ခုနှစ်ကတည်းက
ပြဋ္ဌာန်းခဲ့သည့် အထူးထိမ်းမြားခြင်းဆိုင်ရာ အက်ဥပဒေကို ပြန်လည် ပြင်ဆင်ရန်အတွက်
အထူးထိမ်းမြားခြင်းဆိုင်ရာ အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို ပြည်ထောင်စု
တရားလွှတ်တော်ချုပ်က ဇွန် ၁၄ ရက်တွင် ပြည်သူ့ လွှတ်တော်သို့ တင်သွင်းခဲ့သည်။

အဆိုပါဥပဒေသည် တည်ဆဲဥပဒေများနှင့်လည်းကောင်း၊ ခေတ်ကာလနှင့်သော်လည်းကောင်း
မလျော်ညီတော့သောကြောင့် ပြင်ဆင်ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်
တရားသူကြီး ဦးမြင့်အောင်က လွှတ်တော်သို့ တင်ပြခဲ့သည်။

ထိုဥပဒေတွင် ထိမ်းမြားမှု မှတ်ပုံတင်အရာရှိ ခန့်အပ်ခြင်း၊ လက်ထပ်ထိမ်းမြားခွင့်ရှိသည့် မိန်းမ၏
အသက်ကို ပြင်ဆင်သတ်မှတ်ရန် လိုအပ်ခြင်း၊ ငွေကြေးတန်ဖိုးအားဖြင့်လည်း ခေတ်ကာလနှင့်
လိုက်လျောညီထွေရှိရန် လိုအပ်ခြင်းတို့ကြောင့် ပြင်ဆင်ထားခြင်းဖြစ်သည်။

"ရာဇသတ်ကြီးကို ပြင်ဆင်သည့်ဥပဒေမှာ မိမိ ဇနီးမယားရဲ့ အသက်ကို ၁၃ နှစ်မှ ၁၅ နှစ်သို့
ပြင်ဆင်ခဲ့တဲ့အတွက် လက်ထပ်ထိမ်းမြားခွင့်ရှိတဲ့ မိန်းမရဲ့အသက်ကို ၁၅ နှစ်လို့ ပြင်ဆင်ရန်လိုအပ်ပြီး
ခေတ်ကာလငွေကြေး တန်ဖိုးနဲ့ လိုက်လျောညီထွေဖြစ်စေမယ့် ငွေကြေးတန်ဖိုး သတ်မှတ်ချက်များ
ကိုလည်း ပြင်ဆင်ရန်လိုအပ်တဲ့အတွက် ပြင်ဆင်ရေးဆွဲခဲ့ခြင်းဖြစ်ပါတယ်"ဟု ဦးမြင့်အောင်က
ပြောကြားခဲ့သည်။

အဆိုပါဥပဒေကို ၁၈၇၂ ခုနှစ်တွင် အိန္ဒိယအက်ဥပဒေ အမှတ်(၃)ဖြင့် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် တရားလွှတ်တော်ချုပ်သည် 'အထူး ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်
ဥပဒေကြမ်း' အား ရေးဆွဲတင်ပြခဲ့ခြင်းဖြစ်သည်။

အထက်ပါ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ
လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၊ ပြည်သူ့ လွှတ်တော် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီတို့နှင့်
၂၀၁၆ ခုနှစ်အတွင်း နှစ်ကြိမ်တိုင် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း ဥပဒေကြမ်းကော်မတီအဖွဲ့ဝင်
ဦးပါဌာန်းက ပြောကြားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး