အငြင်းပွားနေသော လက်ပံတောင်း တောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးမှုအရ ပေါ်ထွက်လာမည့်
အဖြေသည် လူတိုင်းကျေနပ်မည် မဟုတ်သော်လည်း နိုင်ငံနှင့် ပြည်သူလူထုအတွက်အကောင်းဆုံး
အဖြေတစ်ခုအား အမှန်တရားအပေါ်အခြေခံကာ ရဲရဲဝံ့ဝံ့တင်ပြသွားမည်ဖြစ်ကြောင်း လက်ပံတောင်း
တောင်စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ဥက္ကဋ္ဌဒေါ် အောင်ဆန်းစုကြည်က ပြောသည်။
"စုံစမ်းရေးမှာ အားလုံးကျေနပ်တယ် ဆိုတာမရှိပါဘူး။ ကျေနပ်တဲ့သူရှိသလို မကျေနပ်တဲ့သူလည်း
ရှိတယ်။ လူတိုင်း ကိုယ့်ဘက်ပဲနိုင်စေချင်တာ သဘာဝပါ ပဲ။ လူတိုင်းကျေနပ်အောင်လုပ်ဖို့တော့
ကော်မရှင်ရဲ့ တာဝန်မဟုတ်ဘူး။ ကော်မရှင်ရဲ့တာဝန်က အမှန်တရားကို ဖော်ထုတ်ဖို့နဲ့ အမှန်တရား
ကို အခြေခံပြီး နိုင်ငံအတွက်အကောင်းဆုံး၊ တိုင်းသူပြည်သားတွေရဲ့ အကောင်းဆုံးဖြစ်မယ် ထင်တဲ့
အကြံပြုချက်တွေကို ရဲရဲဝ့ံဝံ့မှန်မှန်ကန်ကန်တင်ပြဖို့ပဲ"ဟု ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလ ၆
ရက် နေ့က ကော်မရှင်၏ ပထမဆုံးအကြိမ် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ကော်မရှင်အနေဖြင့် ပေးအပ်ထား သော တာဝန်များကို အကောင်အထည်ဖော်ရာတွင် တရားဥပဒေ
စိုးမိုး ရေးကိုအခြေခံ၍ နိုင်ငံတော်၊ နိုင်ငံသားများ၏ ရေရှည်အကျိုးစီးပွားနှင့် ဒေသ၏ စီးပွားရေး၊လူမှု
ရေး၊ ပတ်ဝန်းကျင်ထိခိုက်မှု အနေအထားများကို ထည့်သွင်းစဉ်းစားကာ ပြည်သူလူထု နှင့် ပူးပေါင်း
ဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။
"ကျွန်မတို့နိုင်ငံဟာ တကယ့်ကိုခိုင်မာတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ချင်ရင် တရားဥပဒေစိုးမိုရေးဆိုတာ မရှိ
လို့ မဖြစ်ပါဘူး။ လူတိုင်းဟာတရားဥပဒေရဲ့ အကျိုးကို ခံစားခွင့်ရှိပါတယ်"ဟု ဒေါ်အောင်ဆန်း
စုကြည်ကပြောသည်။
ကော်မရှင်၏ စုံစမ်းရေးလုပ်ငန်းစဉ် များအရ ဒေသခံရွာသားများနှင့် စုံစမ်း မေးမြန်းရာတွင် စီမံကိန်း
ရပ်ဆိုင်းချင်သည့် အသံများကို ကြားခဲ့ရကြောင်း ယင်းအသံများကိုလည်းထည့်သွင်းစဉ်း စားသွား
မည်ဟု ၎င်းကပြောသည်။
သို့ရာတွင်နို၀င်ဘာလ ၂၉ ရက်နေ့ က အစိုးရ၏ သပိတ်စခန်းများ ဖြိုခွင်းမှုဖြစ်စဉ်အပေါ် ကော်မရှင်
အနေဖြင့် စုံစမ်းဆဲဖြစ်သည့်အတွက် သက်သေအထောက်အထား ခိုင်လုံမှသာ ပြောလိုကြောင်း၊
ထိခိုက်ဒဏ်ရာ ရရှိခဲ့သော သံဃာတော်များအပါအဝင် ဒေသခံလူထုများနှင့်လည်း တွေ့ဆုံကြောင်း၊
ယင်းဖြစ်စဉ်တွင် အသုံးပြုခဲ့သည့် သက်သေခံပစ္စည်းတချို့ ရရှိထားပြီး အစိုးရနှင့် သက်ဆိုင်သော
ပြင်ပ ပညာရှင်များ၏ အကူအညီဖြင့် စုံစမ်း သွားမည်ဖြစ်ကြောင်း သိရသည်။
"ဘာပဲဖြစ်ဖြစ် ဒီအချိန်မှာတော့ ဘယ်သူမှအပြစ်မရှိဘူးလို့ တရားဥပဒေရဲ့ သဘောတရားအရ ဒီလို
ပဲသတ်မှတ်မယ်။ စုံစမ်းပြီးတော့မှ သက်သေအစုံအလင်နဲ့ ဘယ်နေရာမှာ အပြစ်ရှိတယ်ဆိုတာကို
မြင်ရင်မြင်သလို ပြောပြပါ့မယ်။ တရားဥပဒေနဲ့ ပြော တယ်ဆိုတာ မှန်းခြေနဲ့ ပြောလို့ မဖြစ်ပါဘူး။
လူတိုင်းမှာသံသယရဲ့ အကျိုးကို ခံစားခွင့်ရှိပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ထို့ပြင် ၎င်းစီမံကိန်းမှာ မိမိတို့ အနေဖြင့် စာချုပ်အရ ဆောင်ရွက်နေ သည်ကိုနားလည်ထားကြောင်း၊
လက်ရှိ လုပ်ကိုင်နေသော ကုမ္ပဏီများမှာ တစ်ဖက်သတ်လာရောက်လုပ်ကိုင် ခြင်းမျိုး မဟုတ်ဘဲ
အစိုးရနှင့် သဘောတူညီချက်အရ လာရောက်လုပ်ကိုင် နေခြင်းဖြစ်ကြောင်း၊ ကိုယ့်နိုင်ငံအတွက်
ကိုယ့်အစိုးရကသာ တာဝန်ယူရမည်ကြောင်း၊ ယခုဖြစ်ပွားနေသော ပြဿနာများမှာ ပွင့်လင်းမြင်
သာမှုမရှိခြင်း ကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
သို့ဖြစ်၍ ၎င်းအနေဖြင့် နောင်တွင် ယခုကဲ့သို့ ပြဿနာမျိုးမဖြစ်အောင် အကြံပြုကာ နှစ်ဦးနှစ်ဖက်
ပူးပေါင်း ဆောင်ရွက်မှုဖြင့် ညှိနှိုင်းအဖြေရှာကာ မျှမျှတတဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း
ပြောသည်။
"အပေးအယူရဲ့ သဘောတရားက နှစ်ဖက်စလုံး ပျော့ပျောင်းမှုရှိရမယ်။ နားလည်မှုရှိရမယ်။ ဒါဟာ
ဒီမိုကရေစီ ရဲ့အခြေခံပဲ။ အပေးအယူမလုပ်ဘဲနဲ့ မဆွေးနွေးဘဲနဲ့ ကိုယ်လိုချင်တာဘဲ ရအောင်လုပ်
မယ်ဆိုတာ ဒီမိုကရေစီစိတ် ဓာတ်မဟုတ်ဘူး"ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။
















