ပျောက်ဆုံးလေယာဉ်အတွက် ရှာဖွေမှုများ ဆက်လက်ပြုလုပ်နေ

ပျောက်ဆုံးလေယာဉ်အတွက် ရှာဖွေမှုများ ဆက်လက်ပြုလုပ်နေ

တပ်မတော်မှ သယ်ယူပို့ဆောင်ရေးလေယာဉ် Y-8 ပျက်ကျမှု နောက်ပိုင်း ဇွန် ၁၄ ရက်ထိ
ရုပ်အလောင်း ၈၇ လောင်းကို ရှာဖွေတွေ့ရှိပြီးဖြစ်ကာ ရှာဖွေရေး လုပ်ငန်းများကို
ဆက်လက်ပြုလုပ်သွားမည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

အဆိုပါသယ်ယူပို့ဆောင်ရေး လေယာဉ်ပေါ်တွင် တပ်မတော်မှ အရာရှိနှင့် စစ်သည်၊
တပ်မတော်မိသားစုဝင်နှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၁၂၂ ဦး စီးနင်း လိုက်ပါလာသည်။

ပျက်ကျခဲ့သည့် လေယာဉ်သည် ဇွန် ရ ရက်က ရန်ကုန်-ထားဝယ်-မြိတ်-ဘုတ်ပြင်း-မြိတ်-ရန်ကုန်
ခရီးစဉ်အတိုင်း လူနှင့်ကုန်ပစ္စည်းများ သယ်ဆောင်ပြီး၊ မြိတ်မှ ရန်ကုန်သို့ အပြန်ခရီးတွင် ထားဝယ်မြို့၏
အနောက်ဘက် မိုင် ၂၀ ခန့်တွင် ဆက်သွယ်မှုပြတ်တောက်ခဲ့သည်။

အဆက်အသွယ်ပြတ်တောက်ပြီး နောက်နေ့တွင် ပျောက်ဆုံးခဲ့သော လေယာဉ်မှ အစိတ်အပိုင်း
အချို့နှင့်၊ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးရုပ်အလောင်း သုံးလောင်းကို ဇွန် ၈ ရက်၊ နံနက်ပိုင်းတွင်
ကျောက်နီ မော်ကျေးရွာ၏ အနောက်ဘက်၊ လောင်းလုံမြို့၏ အနောက်တောင်ဘက် ပင်လယ်ပြင်တွင်
စတင်ရှာဖွေ တွေ့ရှိခဲ့သည်။

ပျက်ကျလေယာဉ်၏ လေယာဉ်ဘီးကို လောင်းလုံမြို့၏ အနောက်တောင်ဘက်ရှိ ကပ္ပလီပင်လယ်မှ ဆယ်ယူရရှိခဲ့သည်ကို ဇွန်လ ၈ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - အီးပီအေ

အဆိုပါနေ့ မွန်းလွဲပိုင်း ၂ နာရီ သတင်းထုတ်ပြန်ချက်တွင် "ပျက်ကျခဲ့သည့် လေယာဉ်" ဟု
စတင် သုံးစွဲခဲ့သည်။

တပ်မတော်မှ လူဦးရေ အယောက် ၁၀၀ ခန့် တင်ဆောင်လာသည့် လေယာဉ်ပျက်ကျမှုသည်
တပ်မတော်သမိုင်းတွင် ပထမဆုံးဖြစ်သည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

"အဆိုးရွားဆုံးသော ဘယ်လိုမှ မမျှော်မှန်းတဲ့၊ အိပ်မက်တောင် မမက်ခဲ့တဲ့ ဒါကိုဖြစ်ခဲ့ပါတယ်။
ဒါကြောင့် ကျွန်တော်တို့လည်း ခံစားရပါတယ်" ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က
ဇွန်လ ၁၀ ရက်က လေယာဉ်ပေါ်တွင် ပါရှိသွားသူများ၏ ဆွေမျိုးများကိုတွေ့ဆုံကာ
အလှူငွေ ပေးအပ်ပွဲတွင် ပြောကြားခဲ့သည်။

လေယာဉ်ပျက်ကျသည့် အကြောင်းရင်းများကို သိရှိနိုင်ရန်အတွက် ရှာဖွေမှုများကို
ဆက်လက်လုပ်ဆောင်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန် ၁၀ ရက်က
ပြောကြားခဲ့သည်။

စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှု၊ ပေါက်ကွဲပစ္စည်းတစ်ခုခု ပေါက်ကွဲမှုနှင့် လေယာဉ်မောင်းနှင်သူကြောင့်
ဖြစ်ပေါ်သည့် ချို့ယွင်းမှု စသည်တို့မှာ လေယာဉ်ပျက်ကျရခြင်းနှင့် စပ်လျဉ်းသည့် ဖြစ်နိုင်ခြေ သုံးခု
ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

ထားဝယ်လေဆိပ်နှင့် အဆက်အသွယ်ပြတ်တောက်ချိန် ဇွန်လ ရ ရက်၊ မွန်းလွဲ ၁ နာရီခွဲခန့်ရှိ
ဒေသတစ်ဝိုက်တွင် ဖြစ်ပေါ်ခဲ့သော ရာသီဥတုဆိုင်ရာ အခြေအနေများကိုလည်း ထည့်သွင်း
စဉ်းစားသင့်သည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

၁၄ လုံးတပ် အင်ဂျင်ဖြစ်သော်လည်း၊ အခက်အခဲ ဖြစ်ပေါ်ပါက ပျံသန်းလမ်းကြောင်းပြန်လှည့်ပြီး
မိုင် ၂၀ သာ ကွာဝေးသည့် ထားဝယ်လေဆိပ်သို့ မိနစ် ၃၀ အတွင်း ရောက်သွားနိုင်ကြောင်း
ပျက်ကျသည့် တပ်မတော် လေယာဉ်နှင့်ပတ်သက်ပြီး ပြောကြားရာတွင် ၎င်းက
ထည့်သွင်းပြောဆိုခဲ့သည်။

ဇွန် ၁၄ ရက်အထိ ရုပ်အမည်ခွဲခြားမှုပြုလုပ်နိုင်သည့် အမျိုးသားရုပ်အမည် ၃၅ လောင်း၊ အမျိုးသမီး
ရုပ်အမည် ၂၈ လောင်းနှင့် ကလေးရုပ်အမည် ရှစ်လောင်းကို သင်္ဂြိုဟ်ထားသည်ဟု တပ်မတော်က
သတင်းထုတ်ပြန်သည်။

တရုတ်နိုင်ငံလုပ် Y-8 လေယာဉ်အမျိုးအစားသည် စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးတွင်
အသုံးများပြီး တန်ချိန် ၂၀ ခန့် တင်ဆောင်နိုင်သည်။

အဆိုပါ Y-8 200 F လေယာဉ်သည် ၂၀၁၆ ခုနှစ်၊ မတ်လတွင် တပ်မတော်က
နောက်ဆုံးဝယ်ယူခဲ့သည့် လေယာဉ်ဖြစ်ပြီး၊ စုစုပေါင်း ပျံသန်းချိန် ၈၀၉ နာရီ ပျံသန်း အသုံးပြုခဲ့ပြီး
ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး