တနိုင်းမှ ထွက်ပြေးလာသူများ လမ်းခရီးတွင် ပိတ်မိနေဆဲ

တနိုင်းမှ ထွက်ပြေးလာသူများ လမ်းခရီးတွင် ပိတ်မိနေဆဲ

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ ရွှေနှင့် ပယင်းမှော်များမှ အရပ်သားများကို ဇွန် ၁၅ ရက်
နောက်ဆုံးထား ထွက်ခွာရန် တပ်မတော်က သတိပေးထားရာ သတ်မှတ်ရက် နီးကပ်ချိန်အထိ
လမ်းခရီးတွင် ပိတ်မိနေသူ ရာနှင့်ချီရှိနေဆဲဖြစ်ကြောင်း ဒေသခံများနှင့် ကယ်ဆယ်ရေးလုပ်ငန်း
ဆောင်ရွက်နေသူ ဘာသာရေး အဖွဲ့အစည်းများထံက သိရသည်။

တနိုင်းမြို့နယ်အတွင်းရှိ ရွှေနှင့် ပယင်းများထွက်သော ထန်းပလား၊ ၀မ်းပလား၊ အောင်လွတ်၊ တုံမဏီ၊
ချောင်းဆုံ၊ နန်ဗြူ၊ ဂျာအောင်ဘာ၊ ဇီးဖြူကုန်း၊ ညောင်ပင်ကုန်း နှင့် နမ့်ကွမ်းမှော်ရှိ အလုပ်သမားများကို
နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရန်အတွက် ယခုလ (ဇွန်လ) ၁၅ ရက် နောက်ဆုံးထား ထွက်ခွာရန်
တပ်မတော်က ဇွန် ၅ ရက် ရဟတ်ယာဉ်ဖြင့် စာများ ဖြန့်ကြဲကာ သတိပေးခဲ့ခြင်းဖြစ်သည်ဟု
ကချင်ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ဒွဲဘူက ပြောသည်။

အဆိုပါ စာတွင် တနိုင်းဒေသတွင် တရားမဝင် ရွှေနှင့် ပယင်းများ တူးဖော်လုပ်ကိုင်မှုကြောင့်
သဘာဝ ပတ်ဝန်းကျင် ပျက်စီးနေရကြောင်း၊ နိုင်ငံတော်ဝင်ငွေဆုံးရှုံးကာ ကချင်လွတ်မြောက်ရေးအဖွဲ့
(ကေအိုင်အို)က လုပ်ငန်းရှင်များထံက ငွေများရရှိသည်ဟု ဆိုသည်။

ထို့ကြောင့် တပ်မတော်က အဆိုပါဒေသကို နယ်မြေရှင်းလင်းရေးလုပ်ရာတွင် အလုပ်သမားနှင့်
ဒေသခံများ ထိခိုက်မှုကို မလိုလားသည့်အတွက် ရက်သတ်မှတ်ကာ ထွက်ခွာစေခြင်းဖြစ်ကြောင်း၊
အကယ်၍ သတ်မှတ်ရက်တွင် မထွက်ခွာပါက ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)နှင့်
ပူးပေါင်းနေသူများအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း အဆိုပါစာတွင် ဖော်ပြသည်။

ထို့ပြင် ဒေသခံများကို ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း မိုးကောင်း - ကာမိုင်း၊ လဝါး - ကာမိုင်း၊
ကာမိုင်း - ဖားကန့်နှင့် ဝှေ့ခါ - ဖားကန့် လမ်းများတွင် ည ရ နာရီမှ မနက် ၆ နာရီအတွင်း
ဖြတ်သန်းသွားလာမှု မပြုလုပ်ရန် ဇွန် ရ ရက် ရက်စွဲဖြင့် ကေအိုင်အေဘက်က သတိပေးထားသည်။

"မှော်မှာရှိတဲ့ လူတွေက ကချင်ဒေသခံတွေထက် အောက်ပြည်က လာလုပ်တဲ့ သူတွေ များတယ်။
၅ ရက်က ဝေတဲ့ စာမှာ တရားမဝင်လုပ်တဲ့ သူတွေ ထွက်ဖို့ဆိုပေမဲ့ ကျွန်တော်တို့လို ဒေသခံတွေပါ
အခုရွာမှာ မနေနိုင်တော့ဘူး။ စာဝေပြီးကတည်းက တိုက်ပွဲကပြင်းတာ ရဟတ်ယာဉ်တွေတောင်
ပါလာတော့ ဘယ်သူမှ ရွာမှ မနေရဲတော့ဘူး" ဟု အင်ဂါးဂါးကျေးရွာမှ ထွက်ပြေးလာသူ
ကိုချမ်းယိမ်းက ယခုလ ၁၃ ရက်တွင် ပြောသည်။

အင်ဂါးဂါးရွာသည် တိုက်ပွဲဖြစ်ပွားရာ နေရာနှင့် တစ်မိုင်ခန့်သာ ဝေးသည့်နေရာတွင်
တည်ရှိသည့်အတွက် ရွာသားများ၏ အသက်အန္တရာယ်အတွက် အလွန်စိုးရိမ်နေရသည့်
အခြေအနေဖြစ်သည်ဟု ကိုချမ်းယိမ်းက ပြောသည်။

တနိုင်းမြို့အတွင်းရှိ မှော်များတွင် လုပ်ကိုင်နေသည့် အလုပ်သမားများအပါအဝင် ဒေသခံရွာသား
တစ်သိန်းကျော်ရှိပြီး ငွေကြေးတတ်နိုင်သူ အချို့မှာ ၎င်းတို့ အစီအစဉ်ဖြင့် ရေလမ်း၊ ကုန်းလမ်းမှ
တနိုင်းမြို့မှတစ်ဆင့် အခြားမြို့များသို့ ထွက်ခွာနိုင်သော်လည်း လမ်းခရီးတစ်လျှောက်တွင် ပိတ်မိနေသူ
ရာချီရှိနေဆဲ ဖြစ်ကြောင်း ထွက်ပြေးလာသူများကို အကူအညီပေးနေသည့် ခရစ်ယာန်ဘာသာရေး
အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ပြောသည်။

"လမ်းမှာတော့ လူတွေ ပိတ်မိနေတုန်းပဲ။ အရင်သွားနေကျ လမ်းတွေက ပိတ်လိုက်တော့
အခု ရေလမ်းကြောင်းကနေ အဓိကထားပြီး ကြိုးစားထွက်နေရတယ်။ တခြားနယ်က လာတဲ့
သူတွေကတော့ ဘုရားကျောင်းမှာ ခဏပဲ နေကြတယ်။ အဆင်ပြေတာနဲ့ မန္တလေး၊ မြစ်ကြီးနားကနေ
တစ်ဆင့် ပြန်တယ်။ မနေ့ကအထိတော့ ဒီကိုရောက်လာနိုင်တဲ့သူ ၃၀၀ ကျော်လောက်ရှိတယ်"ဟု
နှစ်ခြင်းခရစ်ယာန် အသင်းတော် (KBC) မှ ကူညီကယ်ဆယ်ရေး တာဝန်များ ဆောင်ရွက်နေသူ
ဦးဘရန်ရှောင်က ယခုလ ၁၃ ရက်က ပြောသည်။

တနိုင်းမြို့ပေါ်ရှိ ဘုရားကျောင်းများတွင် လာရောက် ခိုလှုံသူများကို အသင်းတော်က လက်ခံကာ
ကူညီစောင့်ရှောက်ပေးမှုများ ရှိသော်လည်း စစ်ရှောင်စခန်း မဖွင့်ရန် မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင်
အစိုးရတာဝန်ရှိသူများက လာရောက်ပြောဆိုမှုများရှိကြောင်း အသင်းတော်မှ တာဝန်ရှိသူများက
ပြောသည်။

ကချင်ပြည်နယ်၊ တနိုင်းမြို့ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်၌ စေတနာ့ဝန်ထမ်းများက ရွှေ့ပြောင်းနေထိုင်သူများအတွက် ညစာပြင်ဆင်ပေးနေသည်ကို ဇွန် ၁၄ ရက်က တွေ့ရစဉ်။ ကောင်းထက်/မြန်မာတိုင်း(မ်)

"ဒုက္ခသည်တွေကြားမှာ ကေအိုင်အေဘက်က လူတွေ ပါနေမှာကို စိုးရိမ်ပုံရတယ်။ ဒါပေမဲ့
တကယ်ဒုက္ခရောက်တဲ့သူတွေကို ဒီအတိုင်းပစ်ထားလို့ မရဘူး။ ခုထိလည်း အစိုးရဘက်က
ကူညီတာမျိုးလည်း မရှိသေးတော့ ကျွန်တော်တို့ကမှ လက်မခံရင် သူတို့ကို ဘယ်သူတာဝန်ယူမလဲ"ဟု
ဦးဘရန်ရှောင်က ပြောသည်။

အသင်းတော်သို့ ရောက်လာသူ ရွှေ့ပြောင်းအလုပ်သမားများမှာ မိမိနေရပ်သို့ ပြန်ရန်
စိတ်ဆန္ဒရှိသည့်တိုင် ဒေသခံများအတွက်မူ ဘုရားကျောင်းမှ လွဲ၍ အခြားခိုလှုံစရာ နေရာမရှိသဖြင့်
အသင်းတော်မှ တာဝန်ရှိသူများက နေထိုင်ရန်နှင့် လိုအပ်သည့် အစားအသောက်များ
ကူညီပံ့ပိုးပေးလျက်ရှိသည်။

ကနေဒါနှင့် ဆွီဒင်နိုင်ငံသို့ ရောက်ရှိနေခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်က တနိုင်းဒေသ၏ လက်ရှိအခြေအနေကို မသိရှိသေးဟု တုံ့ပြန်ခဲ့သည်။

"ကျွန်မ ဒါကို မကြားသေးပါဘူး။ စုံစမ်းပါ့မယ်လို့ပဲ ပြောရမှာပဲ။ ရွှေ့ခိုင်းတယ်ဆိုတာလည်း
မကြားရသေးပါဘူး။ ရွှေ့တယ်ဆိုရင် ဘယ်သူက ရွှေ့ခိုင်းတာလဲဆိုတာ သိဖို့က လိုတယ်"ဟု
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောသည်။

ဇွန် ၉ ရက်က ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့၌ မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံသား
တစ်ဦးက မှော်အတွင်းမှ ထွက်ပြေးနေရသည့် ဒေသခံများအတွက် အစိုးရက မည်ကဲ့သို့
တာဝန်ယူမလဲဟု မေးမြန်းမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

အကယ်၍ ရွှေ့ပြောင်းရသည်ဆိုပါက ၎င်းတို့အတွက် အဓိကတာဝန်ယူရမည့် အဖွဲ့အစည်းမှာ
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဖြစ်သည်ဟု
ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

"၆ ရက်နေ့လောက်ကတည်းက မှော်ထဲမှာ တော်တော်ဒုက္ခရောက်နေပြီ။ တိုက်ပွဲအခြေအနေက
တော်တော်လေးဆိုးတော့ ရွာထဲက ထွက်ဖို့တောင် တော်တော်ဒုက္ခရောက်တာ။ အပြင်ကလူတွေက
ဒီအခြေအနေကို မသိကြဘူး။ ကျွန်မ ဖေ့စ်ဘွတ်ခ်ပေါ်မှာ တင်လိုက်တော့မှ ပိုသိသွားကြတာ။
အခု ကျွန်မပြန်လာတဲ့ (ဇွန် ၁၁) အထိ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ လူမှုဝန်ထမ်းမပြောနဲ့
အစိုးရဘက်က ကူညီတဲ့သူ ဘယ်သူမှ မရှိသေးဘူး"ဟု ကချင်ပြည်နယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်ဟောင်း ဒေါ်ဒွဲဘူက ဇွန် ၁၂ ရက်ကပြောသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများကမူ
နယ်မြေလုံခြံုရေးနှင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေကြောင့် တနိုင်းအထိ သွားရောက်ရန်
အခက်အခဲရှိသည်ဟု ဆိုသည်။

သို့သော် ကယ်ဆယ်ရေးနှင့် ပြန်လည်နေချထားရေးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး
ဦးဝင်းထွဋ်ဦး ဦးဆောင်သည့် အဖွဲ့မှာ မိုးကောင်းမြို့နယ်တွင် အခြေစိုက်ပြီး ထွက်ပြေးလာသူများ
အတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

"တနိုင်းမှာ စောင့်တာထက် ဒီမှာအဆင်သင့်စောင့်ပြီး ကူညီပေးတာ ပိုကောင်းမယ်လို့
ယူဆတာကြောင့် မိုးကောင်းမှာ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ပူးပေါင်းပြီး
ဆောင်ရွက်ပေးနေပါတယ်။ ထွက်ပြေးလာသူတွေ ကိုယ့်နေရပ်ကို ပြန်ချင်လည်း မြစ်ကြီးနား - မန္တလေး
ရထား အဆင်သင့် လုပ်ပေးထားတယ်။ ဒီအတွက်လည်း ပိုက်ဆံ တစ်ပြားမှ မပေးရပါဘူး။
ဒါပေမဲ့ ဒီလိုလုပ်ပေးတာ သူတို့ကို အတင်းအကျပ် ပြန်ခိုင်းတာမျိုး မဟုတ်ဘူး " ဟု ဦးဝင်းထွဋ်ဦးက
ယခုလ ၁၂ ရက်တွင် ပြောသည်။

ထို့ပြင် မိမိနေရပ်သို့ မပြန်ချင်သူများ၊ ဒေသခံရွာသားများ မိုးကောင်းမြို့ပေါ်သို့ ရောက်ရှိလာပါက
၎င်းတို့ နေထိုင်ရန်အတွက် မိုးကောင်းမြို့ရှိ သာသနာ့ ဗိမာန်တွင် နေရာချထားပေးပြီး လိုအပ်သည့်
ထောက်ပံ့မှုများကို ချက်ချင်းဆောင်ရွက်ပေးနေသည်ဟု ဦးဝင်းထွဋ်ဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး