ကချင်ပြည်နယ် ဖားကန့်နှင့် လုံးခင်းရှိ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများမှာ မိုးရာသီ
ရောက်ရှိလာပြီ ဖြစ်သည့်အတွက် လွန်ခဲ့သော တစ်ပတ်မှစ၍ တဖြည်းဖြည်းခြင်း လုပ်ငန်းရပ်နားမှု
လုပ်ဆောင်နေကြပြီဖြစ်ကြောင်း ဒေသခံများက မြန်မာတိုင်း(မ်)ကို ပြောသည်။
မြန်မာနိုင်ငံရှိ ကမ္ဘာကျော်ကျောက်စိမ်းများ ထွက်ရှိရာ ဖားကန့်၊ လုံးခင်းကျောက်စိမ်းဒေသမှာ
ကုမ္ပဏီများ ကျောက်စိမ်းတူးဖော်မှုများသည် နှစ်စဉ်တိုင်းလိုလို ရာသီဥတုကြောင့် မိုးရာသီတွင်
တူးဖော်မှုလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခြင်းမရှိပဲ ရပ်နားလေ့ရှိကြောင်း ဒေသခံများက ဆိုသည်။
ထိုသို့ ရပ်နားရာတွင် မိုးရာသီစတင်ရာ ဇွန်၊ ဇွန်လလယ်မှ စတင်ရပ်နားလေ့ရှိကြပြီး မိုးရာသီနောက်ပိုင်း
အောက်တိုဘာလတွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ ပြန်လည်စတင်ကြသည်။
ယခုနှစ်တွင်လည်း ဖားကန့်ရှိ ဆိုင်းတောင်မှော်တွင် ကုမ္ပဏီအများစုက လွန်ခဲ့သော တစ်ပတ်မှစ၍
လုပ်ငန်းရပ်နားလိုက်ပြီဖြစ်သော်လည်း ကုမ္ပဏီအားလုံး ရပ်နားလိုက်ခြင်း မဟုတ်ဘဲ ကုမ္ပဏီအချို့မှာ
ဆက်လက်တူးဖော်နေသေးကြောင်း ဖားကန့်ဒေသခံ ဦးကျော်မြင့်က ပြောသည်။
"အားလုံးတော့ မရပ်သေးဘူး။ မြေစာကတော့ အပြင်ကို မပစ်ဘူး။ သူတို့ဘာသာသူတို့
ကုမ္ပဏီဝန်းထဲက ကျင်းထဲမှာပဲ မြေစာပစ်ကြတာ"ဟု ၎င်းက ပြောသည်။
လုံးခင်းဘက်တွင်လည်း ကုမ္ပဏီနှစ်ခုလောက်သာ တူးဖော်မှုလုပ်ငန်းလုပ်ဆောင်နေသေးပြီး
ကုမ္ပဏီအများစုက ရပ်နားလိုက်ပြီဖြစ်ကြောင်း သိရသည်။
ဒေသခံများ၏ ပြောဆိုချက်အရ လက်ရှိအနေအထားမှာ ဖားကန့်၊ လုံးခင်းကျောက်စိမ်းဒေသတွင်
ကျောက်စိမ်း ဆက်လက်တူးဖော်နေသော ကုမ္ပဏီများ အနည်းငယ်သာ ရှိသော်လည်း
တောက်ပကြယ်ကုမ္ပဏီ အပါအဝင် ကုမ္ပဏီအများစုမှာ ရပ်နားသွားပြီဖြစ်ကြောင်း သိရသည်။
လက်ရှိ ကျန်ရှိနေသော ကုမ္ပဏီအချို့မှာ ရပ်နားမှုမပြုလုပ်ပဲ ဆက်လက်တူးဖော်နိုင်ကြောင်း သိရသည်။
ယမန်နှစ်က မိုးရာသီတွင် ကုမ္ပဏီများ၏ စွန့်ပစ်မြေစာပုံများမှ မိုးရေနှင့်အတူ ဥတုချောင်းထဲသို့
စီးဝင်သောကြောင့် ရေလျှံမှုများဖြစ်ကာ ဒေသတွင်းရှိ ကျေးရွာများတွင် ရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။
ယခုအခါ မိုးရွာမှုစတင်ခါစပင် ဖြစ်သောကြောင့် ရေလျှံမှု မဖြစ်ပေါ်သေးသော်လည်း ရေကြီးရေလျှံမှု
ပြန်ဖြစ်လာနိုင်သည့်အတွက် ဒေသခံများက စိုးရိမ်လျှက်ရှိကြောင်း ဖားကန့်ဒေသခံ ဒေါ်ကိုင်ရာက
ပြောသည်။
"ဥတုချောင်းဘေးနားမှာပဲ မြေစာတွေ စွန့်ပစ်ထားကြတာ။ တခြားနေရာမှာသွားပစ်လည်း သူတို့ပစ်တဲ့
မြေစာတွေက ရွာဘက်ကိုပဲ စီးလာတာ။ ရွာက အောက်ခြေမှာ ရောက်နေတာ။ မိုးကအခုမှဝင်တာ
သိမ်မရွာသေးဘူး။ နောက်ပိုင်း ရွာလာရင်တော့ ရေကြီးရေလျှံမှု ဖြစ်နိုင်တယ်"ဟု ၎င်းက ပြောသည်။
ယမန်နှစ်က ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ခြင်းကြောင့် အိမ်မြှောက်ရခြင်းများ လုပ်ဆောင်ရသော်လည်း
အချို့မှာ ငွေကြေး မရှိခြင်းကြောင့် အိမ်မြှောက်နိုင်ခြင်း မရှိကြောင်း၊ ဖားကန့်ရှိ ဆိုင်းတောင်တွင်
ချောင်းလက်တက်များတွင် ကုမ္ပဏီများက မြေစာများ စွန့်ပစ်ထားကြပြီး မိုးရွာရေကြီးပါက
အဆိုပါ မြေစာများ ချောင်းအတိုင်း စီးဆင်းလာကြောင်း သိရသည်။
အလားတူ လုံးခင်းဘက်တွင် ကျောက်စိမ်းတူးဖော်သည့် မှော်များတွင်လည်း
ချောင်းအနီးတဝိုက်တွင်သာ မြေစာပုံများစွန့်ပစ်ကြကြောင်း ဒေါ်ကိုင်ရာက ပြောသည်။















