တရုတ်နိုင်ငံ၏ Agricultural Bank of China (လုံဟန်းဘဏ်) သည် မြန်မာနိုင်ငံသားအကောင့် ၁၀၀
ကျော် ပိတ်သိမ်းလိုက်ကြောင်း အကောင့်ပိတ်ခံရသည် ကုန်သည်တစ်ဦးဖြစ်သူ ဦးထွန်းကိုကိုက
မြန်မာတိုင်း(မ်)ကို ဇွန် ၁၆ ရက်နေ့တွင် ပြောသည်။
အဆိုပါဘဏ်မှ ယခုလ ၁၄ ရက်နှင့် ၁၅ ရက်များတွင် ပိတ်သိမ်းလိုက်ခြင်းဖြစ်ပြီး ယင်းပိတ်ခံရသည့်
အကောင့်များမှာ တဖက်ကုန်သည်မှ မြန်မာကုန်သည်သို့ ကုန်ဖိုးငွေပေးချေသည့် တရုတ်ငွေ
အကောင့်များဖြစ်ကြောင်းသိရသည်။
ဇွန်လ ၁၄ ရက်နေ့တွင် မူဆယ်နယ်စပ်က သကြား၊ဆန်၊ပြောင်း ၊ငွေလှဲ ငွေလွှဲသမားများ၏ ဘဏ်
အကောင့် ၆၀ ကျော်၊ ၁၅ ရက်နေ့တွင် ဘဏ်အကောင့် ၄၀ ကျော် အပိတ်ခံရပြီး မည်သည့်အကြောင်း
ပြချက်မှ မရှိကြောင်း၊ အဆိုပါငွေများသည် ငွေမဲမဟုတ်ကြောင်း ဦးထွန်းကိုကိုက ပြောသည်။
အဆိုပါငွေများသည် မြန်မာကုန်သည်များက မြန်မာနိုင်ငံဘက်တွင် တရားဝင်အခွန်ဆောင်ပြီး
တဖက်နိုင်ငံ ကုန်သည်သို့ ရောင်းချထားခြင်းဖြစ်သည်။
သို့သော် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် အစိုးရသည် မြန်မာနိုင်ငံမှ ပို့ကုန်အချို့ကို တရားဝင်ဝယ်ယူခွင့်
ပိတ်ပင် ထားပြီး ယခင်ကလည်း ထိုသို့ အကောင့်များကို ပိတ်သိမ်းမှုများ ပြုလုပ်ခဲ့သည်။















