အကျဉ်းထောင်များတွင် အလုပ်လုပ်ကိုင်ရန် ဆန္ဒရှိသည့် ကျန်းမာရေးဆိုင်ရာ အသိအမှတ်ပြု ဘွဲ့ရရှိသူများကို ခန့်အပ်သွားမည်

အကျဉ်းထောင်များတွင် အလုပ်လုပ်ကိုင်ရန် ဆန္ဒရှိသည့် ကျန်းမာရေးဆိုင်ရာ အသိအမှတ်ပြု ဘွဲ့ရရှိသူများကို ခန့်အပ်သွားမည်

ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနလက်အောက်ရှိ အကျဉ်းထောင်များတွင် အလုပ်လုပ်ကိုင်ရန်
ဆန္ဒရှိသည့် ကျန်းမာရေးဆိုင်ရာအသိအမှတ်ပြုဘွဲ့ရရှိထားသူများကို ခန့်အပ်သွားမည်ဖြစ်ကြောင်း
ပြည်ထဲရေး ၀န်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုးက ဇွန်လ ၁၅ရက်နေ့က ပြောကြားလိုက်
သည်။

အကျဉ်းသူ၊ အကျဉ်းသားနှင့် အချုပ်သူ၊ အချုပ်သားများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်
လုံလောက်သည့် ကျန်းမာရေးဝန်ထမ်းများကို ထပ်မံဖြည့်တင်းပေးနိုင်ရန်အတွက် ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာန အနေဖြင့် ဆရာဝန် အင်အားလုံလောက်မှုမရှိသောကြောင့် ကျန်းမာရေး
အသိအမှတ်ပြုဘွဲ့ရရှိသူများကို ခန့်အပ်ရန် စီစဉ်ရခြင်းဖြစ်သည်ဟု အဆိုပါနေ့က ကျင်းပသည့်
အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ ဆရာဝန် အင်အားလုံလောက်မှုမရှိတဲ့အတွက်
တစ်ခြားဝန်ကြီးဌာနများမှာ ထပ်မံခန့်ထားပေးရန် အစီအစဉ်မရှိသေးတဲ့အတွက် အကျဉ်းဦးစီဌာန
အနေနဲ့ကတော့ ကျန်းမာရေး အသိအမှတ်ပြု ဘွဲ့ရများထဲကနေ ဆန္ဒပြုသူများရှိပါက သီးသန့်
ခန့်အပ်ပေးမှုများ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)
၏ လွှတ်တော်ကိုယ်စားလှယ်ဦးကိုကိုနိုင် မေးမြန်းသည့် မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင် ၆၆ ခု
အတွက် အကျဉ်းထောင် ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးမှူးများအပါအဝင် ကျန်းမာရေး
၀န်ထမ်းများပြည့်စုံစွာ သီးသန့်ခန့်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း အပေါ် ဗိုလ်ချုပ်အောင်စိုးက
ယခုကဲ့သို့ပြန်လည်ဖြေကြားသည်။

အကျဉ်းစီးဌာနတွင် အရာထမ်း ၃၅၀ဦး၊ အမှုထမ်း ၁၀၁၈၉ဦး၊ စုစုပေါင်း ၁၀၅၃၉ဦးကို ဖွဲ့စည်းပုံအရ
ခွင့်ပြုထားသည်။ဖွဲ့စည်းပုံအရ ကျန်းမာရေးဝန်ထမ်းရ၄၃ဦးကို ဖွဲ့စည်းရမည်ဖြစ်သော်လည်း
လက်ရှိတွင်မူ ၂၃၆ဦးကိုသာ ခန့်ထားနိုင်သည်ဟု ၄င်းက ဆိုသည်။

လိုအပ်ပါက အကျဉ်းထောင်ဆေးရုံနှင့် ပြင်ပဆေးရုံများတွင် ကုသနိုင်ရေး စီမံဆောင်ရွက်ပေးခြင်း၊
ကုသရေးဦးစီးဌာနလက်အောက်ရှိ ဆေးရုံများမှ အထူးကုဆရာဝန်ကြီးများကို လစဉ် အကျဉ်းထောင်
များတွင် လာရောက်ကုသပေးနိုင်ရေး ဆောင်ရွက်ခြင်းနှင့် ကျန်းမာရေး အထောက်အကူပြုသော
သောက်သုံးရေ၊ အိမ်သာ နှင့် အိပ်ဆောင်များ တိုးချဲ့ခြင်းလုပ်ငန်းများကိုလည်း နှစ်အလိုက်
ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောသည်။

အကျဉ်းထောင်နှင့် အကျဉ်းစခန်းများတွင် အကျဉ်းသူ၊ အကျဉ်းသားများ၏ ကျန်းမာရေးအတွက်
ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေး
ဦးစီးဌာနတို့မှ ပြည်သူ့ဝန်ထမ်းများနှင့် သန္ဓေကျန်းမာရေး ၀န်ထမ်းများကိုသာ အလှည့်ကျ
တာဝန်ချထားသည့်အပြင် လိုအပ်ပါက ဆေးရုံတင်စေကာ အထူးကုဆရာဝန်များ၏ စောင့်ရှောက်မှု
လိုအပ်ပါက အထူးကုဆေးရုံရှိသော မြို့များတွင် ဆေးကုသစေကြောင်း၊ ဗဟိုအဆင့်
အကျဉ်းထောင်များတွင်မူ ကုသရေးဦးစီးဌာနရှိ လက်ထောက်ဆရာဝန်အဆင့်ကို တာဝန်ချထားပြီး
အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီး၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကုဆေးရုံကြီး၊
စိတ်ကျန်းမာရေးဆေးရုံကြီး ( ရန်ကုန် )၊ မန္တလေး ပြည်သူ့ဆေးရုံကြီးနှင့် သာယာဝတီပြည်သူ့
ဆေးရုံကြီးတို့မှ အထူးကုဆရာဝန်ကြီးများက လိုအပ်သည့် အချိန်တိုင်း ကျန်းမာရေး
စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ၄င်းက ဆိုသည်။

“ ခုခံအားကျကာလသားရောဂါတိုက်ဖျက်ရေးအဖွဲ့ကလည်း အကျဉ်းသားများအတွက် ကျန်းမာရေး
စောင့် ရှောက်မှုကိုရွေ့လျားဆေးခန်း( Mobile Team )များနဲ့ ကုသဆောင်ရွက်ပေးနေ ပါတယ်၊
အကျဉ်းသူ၊ အကျဉ်းသား၊ အချုပ်သူ၊ အချုပ်သားတွေကလည်း တိုင်းရင်းသားပြည်သူများဖြစ်တဲ့
အတွက်ပြည်သူ တစ်ဦးကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုများကို အလေးထားဆောင်ရွက်ပေး
ရမှာဖြစ်ပါတယ် ” ဟု ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုးက ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသူ၊ အကျဉ်းသားဦးရေမှာ
စုစုပေါင်း တစ်သိန်းဝန်းကျင်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး