အခြေခံပညာအဆင့်တွင် ၁၂ တန်းအထိ တိုးချဲ့သင်ကြားရန် ပညာရေးဝန်ကြီးဌာန စီစဉ်နေ

အခြေခံပညာအဆင့်တွင် ၁၂ တန်းအထိ တိုးချဲ့သင်ကြားရန် ပညာရေးဝန်ကြီးဌာန စီစဉ်နေ

ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာရေးအဆင့်တွင် ၁၂ တန်းအထိ တိုးချဲ့သင်ကြားရန်
ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဇွန်လ ၂၀ ရက်နေ့က
ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ပြောကြားလိုက်သည်။

အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်မှ ယခုနှစ်၊ ဧပြီလ
၁၀ ရက်အထိ ခြောက်လတာကာလအတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှု အစီရင်ခံစာနှင့် စပ်လျဉ်းပြီး
မေလ ၂၆ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်
လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦး၏ ဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းရာတွင်
ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အခြေခံပညာရေးကို KG+12 သတ်မှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်၊
နိုင်ငံတကာမှာ သင်ကြားပေးနေတဲ့အတိုင်း ဆယ်တန်းမှ ၁၂ တန်းအထိ နှစ်တန်း တိုးချဲ့
သင်ကြားပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်”ဟု ဒေါက်တာမျိုးသိမ်းကြီးကပြောသည်။

ထို့အပြင် အခြေခံပညာသင်ရိုးညွှန်းတမ်း၊ အညွှန်းဘောင်ကိုလည်း နိုင်ငံ၏ လိုအပ်ချက်များနှင့်
လိုက်လျောညီထွေရှိစေပြီး နိုင်ငံတကာစံချိန်၊ စံညွှန်းများနှင့်လည်း တစ်ပြေးညီဖြစ်စေရန်
ဦးတည်ပြုစုဆောင်ရွက်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။

“သင်ရိုးညွှန်းတန်းအသစ်များ ဦးတည်ရေးဆွဲပြုစုသင်ကြားနိုင်ဖို့ အကောင်အထည်ဖော်ရာမှာလည်း
သင်ရိုးညွှန်းတမ်း၊ အညွှန်းဘောင်မှာ ဖော်ပြထားတဲ့အတိုင်း စနစ်တကျဆောင်ရွက်လျက်ရှိပါတယ်” ဟု
ပြည်ထောင်စုဝန်ကြီးကပြောသည်။

အခြေခံပညာမူလတန်းအဆင့် သင်ကြားရေးနှင့် အခြေခံပညာရေး KG+12 စနစ်
စတင်အကောင်အထည်ဖော်မှုနှင့် ပတ်သက်ပြီး မေလ ၂၆ ရက်နေ့က ကျင်းပခဲ့သည့်
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် သုံးဦးက
ဆွေးနွေးတင်ပြခဲ့သည်။

ထိုသို့ ဆွေးနွေးတင်ပြခဲ့သည့်အနက် ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁)၏
လွှတ်တော်ကိုယ်စားလှယ် ဦးဝေစိန်အောင်က KG+12 ၏ ပထမတန်းသင်ရိုးသစ်တွင်
သတ်မှတ်ထားသော သင်ရိုးဝင်ဘာသာရပ် ကိုးခုသည် ဘာသာရပ်များပြားနေသဖြင့်
ဘာသာရပ်နှစ်ခု လျှော့ချ သင့်ကြောင်းအကြံပြုဆွေးနွေးခဲ့သည်။

အကြံပြုမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ကျောင်းသားများအနေဖြင့် ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာချမ်းသာစေခြင်း၊ စာရိတ္တ၊ မိတ္တနှင့် စိတ်လှုပ်ရှားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေခြင်း၊
အပြန်အလှန်ပြောဆိုဆက်သွယ်စေခြင်း၊ သချာင်္အခြေခံမူများကို စူးစမ်းလေ့လာစေခြင်း၊
အနုပညာရသခံစားခြင်းနှင့် ဖန်တီးစေခြင်း၊ ပတ်ဝန်းကျင်လောကကိုသိရှိနားလည်ခြင်းများ
ရရှိစေခြင်းစသည့် ရည်ရွယ်ချက်များဖြင့် သင်ရိုးညွှန်းတမ်းကို ဖွဲ့စည်းထားသည်ဟုဆိုသည်။

“မြန်မာစာ၊ အင်္ဂလိပ်စာနဲ့ သချာင်္ဘာသာရပ် သုံးခုကို တစ်နှစ်စုစုပေါင်း သင်ကြားချိန် ၄၃၂ နာရီဖြင့်
သင်ကြားချိန်အားလုံးရဲ့ ၅၁ ဒသမ ၄ ရာခိုင်နှုန်းကို အသုံးပြုသင်ကြားပြီး ဒေသသင်ရိုးကို
တစ်နှစ်စာသင်ချိန် ၁၂၀ နာရီ၊ ကျန်ဘာသာရပ်တွေကို တစ်နှစ်စာသင်ချိန် ၄၀၈ နာရီဖြင့်
သင်ကြားပေးမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

သင်ယူမှုနယ်ပယ်တွင် ဘာသာရပ်များပြားသော်လည်း တစ်ပတ်စာ သင်ချိန် တစ်နှစ်စာသင်ချိန်တို့ကိုမူ
ယခင် စာသင်ချိန်များအတိုင်း ကွာခြားမှု မရှိသည့် အချိန်ဖြင့် သင်ကြားပေးသွားမည်ဟုလည်း
ဒေါက်တာမျိုးသိမ်းကြီး က ဆိုသည်။

"ကျောင်းသားများအတွက် အလွတ်ကျက်မှတ်နည်းတွေနဲ့ သင်ကြားခြင်း မဟုတ်ဘဲ ကျောင်းသားတွေ
ပျော်ပျော်ရွှင်ရွှင် အချင်းချင်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စူးစမ်းလေ့လာပြီး သင်ယူရတဲ့ သင်ယူသူဗဟိုပြု
နည်းလမ်းတွေကို သင်ရိုးညွှန်းတမ်းမှာ ထည့်သွင်းရေးသားထားတဲ့အတွက် ကျောင်းသားတွေ
သင်ယူရာမှာ ၀န်ထုပ်ဝန်ပိုး မရှိနိုင်ပါ၊ ဒါကြောင့် ဘာသာရပ်ကိုလည်း လျှော့ချဖို့ မရှိပါဘူး” ဟု
၄င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး