ဆရာတော် ဦးဝီရသူ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းမှ နုတ်ထွက်

ဆရာတော် ဦးဝီရသူ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းမှ နုတ်ထွက်

 

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သည့်ဆရာတော်
ဦးဝီရသူသည် ယခင်အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး (မဘသ)အဖွဲ့ကို အမည်ပြောင်းလဲ
ဖွဲ့စည်းခဲ့သော ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်းမှနုတ်ထွက်လိုက်ပြီဖြစ်ကြောင်း အောင်ဇေယျတုဂျာနယ်နှင့်
အင်တာဗျူးတွင် အတည်ပြု မိန့်ကြားသည်။

၄င်း၏လုပ်ဆောင်ချက်များနှင့်ပက်သက်ပြီး မဘသအဖွဲ့အပေါ် အကျိုးသက်ရောက်မှုများရှိသည့်အတွက်
အချို့သောအမျိုးသားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်ဆင်ခြင် ငဲ့ညှာရသည့်အတွက်နုတ်ထွက်ခြင်း
ဖြစ်ကြောင်း ဆရာတော် ဦးဝီရသူက မိန့်သည်။

ဗုဒ္ဓဓမ္မပရဟိတဖောင်းဒေးရှင်းမှ နုတ်ထွက်သော်လည်း အမျိုးသားရေးလုပ်ငန်းများကို လွတ်လပ်စွာဖြင့်
ပိုမိုအားကောင်းစွာ ဆက်လက်လုပ်ကိုင်မည်ဖြစ်ကြောင်း ၄င်းကမိန့်သည်။

''ဖောင်ဒေးရှင်းကြီးကတော့ အင်န်ဂျီအိုပုံစံမျိုးသွားပြီးတော့ ဓမ္မဝံသာနုရက္ခိတအဖွဲ့က အမျိုးသားရေး
လိုင်းသွားမယ်လို့ ယူဆတယ်။ အဲဒီလိုသွားရင်တော့ နဂိုအဖွဲ့ကြီးရဲ့ မူဝါဒအတိုင်း ရပ်တည်တယ်လို့
ယူဆရမှာဖြစ်ပါတယ်''ဟု ဦးဝီရသူက မိန့်သည်။

မဘသအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့်အတွင်းရေးမှူးတို့၏ တာဝန်ခံဆောင်ရွက်မှုဖြင့် မဘသအဖွဲ့သည်
ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖြစ် အမည်ပြောင်းလဲခဲ့သော်လည်း မန္တလေးတိုင်း ဒေသကြီး
မဘသအဖွဲ့အနေဖြင့် အမည်ပြောင်းလဲသွားမည် မဟုတ်ကြောင်း ဦးဝီရသူက ထည့်သွင်းမိန့်ကြားခဲ့သည်။

ဆရာတော် ဦးဝီရသူသည် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖြစ်မှ နုတ်ထွက်သော်လည်း မန္တလေး
မဘသအဖွဲ့တွင် ဦးဆောင်အဖွဲ့ဝင်အဖြစ် ဆက်လက်ဆောင်ရွက်နေမည်ဖြစ်ကြောင်း၊ ၄င်း၏
လုပ်ဆောင်ချက်များသည် အမျိုးသားရေးသမားတစ်ဦးပီသစွာ အများမခံရပ်နိုင်သည့်အထိ
ကျော်လွန်လုပ်ဆောင်လေ့ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မဘသအဖွဲ့အတွင်းရေးမှူး ဆရာတော်
ဘဒ္ဒန္တကုသလက မိန့်သည်။

''ဖောင်ဒေးရှင်းဖြစ်တော့ အဲဒီကနေနုတ်ထွက်တယ်။ အခုက မဘသဗဟိုကတော့မရှိတော့ဘူး။
ဗဟိုကတော့ ဖောင်ဒေးရှင်းအနေနဲ့ ဆက်ရပ်တည်မယ်။ အဲဒီကနေနုတ်ထွက်လိုက်တယ်။ မဘသမှာတော့
ဆက်ရှိမယ်''ဟု ဆရာတော် ဦးကုသလက မိန့်သည်။

ဦးဝီရသူ၏ နုတ်ထွက်မှုနှင့်ပတ်သက်ပြီး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ထံ တရားဝင် တင်ပြထားခြင်း
မရှိသေးကြောင်း ဒေါက်တာသောပါက က မိန့်ကြားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး