သယံဇာတကြောင့် ဖြစ်သည့်စစ်နှင့် ဘေးသင့်မှော်တွင်း ဒေသခံများ

သယံဇာတကြောင့် ဖြစ်သည့်စစ်နှင့် ဘေးသင့်မှော်တွင်း ဒေသခံများ

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်လျက်ရှိသည်။ ရံဖန်ရံခါ လက်နက်ကြီးများကျသံကို ကြားရသည်။
လမ်းတစ်လျှောက် ဖြတ်သွားဖြတ်လာဆို၍ စစ်သားတချို့နှင့် လူအနည်းငယ်မှအပ၊ သက်ရှိဟူသည့်
အနံ့အသက်ကို မရပေ။

တောင်တက်၊ တောင်ဆင်းနေရာ တော်တော်များများတွင် သူ့အစုနှင့်သူ တည်ဆောက်ထားသည့်
မိုးကာဖျင်မိုး တဲတော်တော်များများမှာ စွန့်ပစ်ခံထားရပြီး မြင်ရသည့်မြင်ကွင်းက တိတ်ဆိတ်ချောက်ချား
ဖွယ်ရာပင်။

မော်တော်ကားတစ်စီးကမူ မှော်အတွင်းမှ ထွက်လာသော အလုပ်သမား၊ ဒေသခံများနှင့် ဆန့်ကျင်ဘက်
လမ်းကြောင်းသို့ မောင်းနှင်နေသည်။ ကချင်ဘာသာဖြင့် သတင်းပေးပို့ချက်များကို တော်ကီဝေါ်ကီမှ
တစ်ဆင့် ရံဖန်ရံခါ ကြားရတတ်သည်။

တစ်နေရာအရောက်တွင် ကချင်စစ်သားများ ရောက်လာသည်။ ကားမောင်းသူက ပြံုးပြပြီး ကချင်
ဘာသာဖြင့် နှုတ်ဆက်စကား ဆိုသည်။ အဆိုပါ ကားအတွက် လုံခြံုရေးပေးရန်ဟု ယာဉ်မောင်းက
ပြောသည်။

ကားအတွင်းပါလာသူများကား ကျွန်တော်အပါအဝင် ရန်ကုန်မှ သတင်းထောက်ခြောက်ဦးခန့်ဖြစ်ပြီး
ကျွန်တော်တို့ ရောက်ရှိနေတာက ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ ကချင် လွတ်လပ်ရေးအဖွဲ့
(ကေအိုင်အို) ထိန်းချုပ်ထားရာ နယ်မြေအတွင်းက ရွှေနှင့် ပယင်းမှော်အတွင်း ဖြစ်သည်။

ထိုဒေသရှိ ရွှေနှင့်ပယင်းမှော် ဆယ်ခုခန့်တွင် အလုပ်လုပ်ကိုင်နေကြသော လုပ်သားများ၊
နေထိုင်သူများကို ဇွန် ၁၅ ရက် မတိုင်မီ ဒေသမှ အမြန်ဆုံး ထွက်ခွာကြရန် သတိပေးစာကို
ဇွန် ၅ ရက်က မြန်မာတပ်မတော်က လေယာဉ်ပျံပေါ်မှ ကြဲချသွားသည်ဟု ဒေသခံများက ဆိုသည်။

သတိပေးစာအရ ထိုမှော်များမှာ နိုင်ငံတော်က တရားဝင်ခွင့်ပြုထားသည့် လုပ်ငန်းများ မဟုတ်သလို
သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကိုပါ ပျက်စီးဆုံးရှုံးစေခြင်းကြောင့် နယ်မြေရှင်းလင်းမှုများ
ဆောင်ရွက်မည်ဟု ဆိုသည်။

ကျွန်တော်တို့ရောက်ရှိချိန်တွင် တပ်မတော်က နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများ ပြုလုပ်တော့မည်
ဖြစ်၍ စစ်ရေးတင်းမာမှုအခြေအနေ မြင့်တက်လျက်ရှိသည်။

တိုက်ပွဲများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သောကြောင့် မှော်အတွင်းမှ ထွက်ခွာလာသူများကို
တနိုင်းမြို့ပေါ်တွင် ဘာသာရေးအဖွဲ့အစည်းများက နေရာချထားပေးလျက်ရှိသည်။

တစ်နိုင်ပစ္စည်းတွေနဲ့အတူ တွေ့ရတဲ့ ဒေသစွန့်ခွာလာသူတစ်ဦး။ ကောင်းထက်/ မြန်မာတိုင်း(မ်)

မြို့ပေါ်ခရစ်ယာန်ဘုရားကျောင်းများတွင် စစ်ဘေးရှောင်စုစုပေါင်း ၁,ဝဝဝ ခန့် ရှိနေပြီး
ကချင်နှစ်ခြင်း အသင်းတော် (တနိုင်း) ဘုရားကျောင်းတွင် စစ်ဘေးရှောင်ဦးရေ ၅ဝဝ ခန့်
ခိုလှုံနေသည်ဟု အသင်းတော်တာဝန်ခံ သိက္ခာတော်ရဆရာ ဒဘန်ဂျေဒီက ပြောသည်။

ကေအိုင်အို၏ စာရင်းများအရ မှော်များတွင် စုစုပေါင်း လူဦးရေ ၃ဝ,ဝဝဝ ခန့်ရှိသော်လည်း
ဇွန် ၅ ရက်မှစ၍ မှော်များကို စွန့်ခွာလာသူများ ရှိသလို အများစုမှာ နေရပ်ကို ပြန်သွားခဲ့ကြောင်း
သိရသည်။ သို့သော် အင်ဂါးဂါးနှင့် နမ်ဖြူစသည့် ကျေးရွာများက ဒေသခံများမှာ တနိုင်းမြို့ပေါ်တွင်
သာ ခိုလှုံနေလျက်ရှိသည်။

ဒေသခံများဖြစ်သည့်အတွက် အခြားနေရာသို့ သွားရောက်ရန် အစီအစဉ်မရှိကြောင်းနှင့်
နဂိုမူလအခြေအနေသို့ ပြန်ရောက်သည့်အခါ ရွာပြန်မည်ဖြစ်ကြောင်း အင်ဂါးဂါး ကျေးရွာက
စစ်ဘေးရှောင်လာသူ မဆိုင်းစန်က ပြောသည်။

''အိမ်ထဲကနေ အပြင်ထွက်ပြီး သိပ်မကြာဘူး လက်နက်ကြီးပေါက်ကွဲသံ ဝုန်း ဆိုပြီး
အတော်နီးနီးကပ်ကပ် ကြားလိုက်တယ်။ နောက်ပြန်လှည့်ကြည့်တော့ ကျွန်မတို့အိမ်ကို
လက်နက်ကြီးလာမှန်တယ်။ အဲဒါကို ပြန်စဉ်းစားကြည့်ရင် အခုထက်ထိ ကြောက်နေတုန်းပဲ''ဟု
မဆိုင်းစန်က ပြောသည်။

အဆိုပါ ဒေသတွင် ကေအိုင်အေ (ကချင်ပြည် လွတ်လပ်ရေးတပ်)က တပ်စွဲထားသော
တချို့စခန်းများသည် အစိုးရတပ်မတော်ဘက်က ရှေ့တန်းစခန်းများနှင့် လွန်စွာနီးကပ်လျက်ရှိသည်။

ကျွန်တော်တို့ ရောက်ရှိသွားသော ရှေ့တန်းစခန်းတစ်ခု၌ကေအိုင်အေစစ်သားများကို စစ်မြေပြင်
အသင့်အနေအထားဖြင့် တွေ့ရသည်။

အင်ဂါးဂါး ကျေးရွာတွင် တပ်စွဲထားသည့် ကေအိုင်အေအဖွဲ့ကို အစိုးရတပ်မတော်က ဇွန် ၃ ရက်တွင်
အလစ်ဝင်တိုက်ခဲ့ကြောင်း၊ ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ကျရောက်ခဲ့ကြောင်း
တနိုင်းမြို့ပေါ်တွင် စစ်ဘေး ရှောင်နေသည့် ရွာသားများက မြန်မာတိုင်း(မ်)ကို ပြောသည်။

ဇွန် ၁၆ ရက်တွင် တနိုင်းမြို့နယ်၊ကောင်ရာကျေးရွာအနီး အစိုးရတပ်မတော်နှင့် ကေအိုင်အေ
တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်းတချို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ဆိုသည်။

တနိုင်းမြို့နယ်အတွင်း အခြေစိုက်သည့် ကေအိုင်အေ၏ တပ်မဟာ(၂)လက်အောက်ခံ၊
တပ်ရင်း (၁၄)နှင့် အစိုးရ တပ်မတော်၏ တနိုင်းအခြေစိုက် ဒကစတို့ စစ်ရေးတင်းမာနေသည့်
အနေအထားဖြစ်သည်။ ကေအိုင်အေ၏ တပ်ရင်း (၁၄) အခြေစိုက် ဌာနချုပ်မှာ နမ်ဖြူကျေးရွာနှင့်
မလှမ်းမကမ်းတွင် ရှိနေသည်။

တနိုင်းဒေသ နယ်မြေရှင်းလင်းရေးနှင့်ပတ်သက်၍ ဖြန့်ဝေသည့် စာတွင် အစိုးရဘက်က
သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ပျက်စီးစေသည်ဟု အကြောင်းပြသည့်တိုင် ကေအိုင်အို၊
တပ်မဟာ (၂) ၏ ရွှေနှင့် ပယင်းတူးဖော်သည့် လုပ်ငန်းများက အဓိက ဝင်ငွေရလမ်းကို
ဖြတ်တောက်ချင်သည့်အတွက် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု လုပ်ငန်းရှင်များက ဆိုသည်။

''ရွှေ၊ ပယင်းဆိုတာ ကေအိုင်အေရဲ့ အဓိက ဝင်ငွေရလမ်းပဲ။ အဲဒီဝင်ငွေလမ်းကြောင်းကို
ဖြတ်တောက်ချင်တယ် လို့ထင်ပါတယ်။ ဒါကျွန်တော့် ကိုယ်ပိုင်အမြင်ပါ'' ဟု
ပယင်းလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ကိုမြစ်အောင်က ပြောသည်။

ခြောက်ကပ်နေသည့် ရွှေနှင့် ပယင်းမှော်ဒေသ မြင်ကွင်းတစ်ခုကို တွေ့ရစဉ်။ ကောင်းထက်/ မြန်မာတိုင်း(မ်)

ဆက်လက်လုပ်ကိုင်ခြင်း မရှိတော့သည့် မှော်များ၊ အစိုးရတပ်နှင့် စစ်ရေးတင်းမာနေသည့်
ဒေသအတွင်းက မှော်များအပါအဝင် မှော်စုစုပေါင်း ၂ဝ ကျော် ထိုဒေသတွင် ရှိသည်။

ကေအိုင်အိုအဖွဲ့က မှော်အုပ်ချုပ်ရေး ကော်မတီဖွဲ့စည်းကာ အုပ်ချုပ်ရေးနှင့် လုံခြံုရေးတာဝန်
ယူထားပြီး လုပ်ငန်းရှင်များက သတ်မှတ်နှုန်းထားအတိုင်း အခွန်ပေးဆောင်ရခြင်းဖြစ်သည်။

နွယ်ဂျယ်ဘောမ် ပယင်းမှော်ကို စတင်တည်ထောင်သည်မှာ ခြောက်လခန့်သာရှိသေးပြီး
ရပ်ကွက်ခုနစ်ခုအဖြစ် ပိုင်းခြား အုပ်ချုပ်သည်။

''ကျွန်တော်တို့ ပုံမှန်ဆိုရင် ငါးရာခိုင်နှုန်းကို အခွန်အခအဖြစ် ကောက်ခံတယ်။ နောက်ပြီး
တချို့ဟာတွေဆိုရင်တော့ ပယင်းအမျိုးအစားပေါ်မှာ မူတည်ပြီးတော့ စျေးနှုန်းအစားစား
ရှိတာပေါ့'' ဟု ၄င်းက ပြောသည်။

ကောက်ခံသည့် အခွန်ပမာဏကို သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။ ခြောက်လအတွင်း ပယင်းပိဿာချိန်
တစ်သောင်းခန့် ထုတ်လုပ်ပြီးဖြစ်သည်ဟု မှော်အုပ်ချုပ်ရေးကော်မတီတွင် တာဝန်ခံအဖြစ်လည်း
ဆောင်ရွက်နေသူ ကိုမြစ်အောင်က ဆိုသည်။

''ကျွန်တော်အခု သိန်း ၃၅ဝ ကျော် ရင်းနှီးမြှုပ်နှံထားတယ်။ နယ်မြေရှင်းလင်းမယ်ဆိုတဲ့
စာတစ်ကြောင်းကြောင့် မှော်တစ်ခုလုံး၊ ဒီဒေသတစ်ခုလုံးက အလုပ်သမားရော လုပ်ငန်းရှင်
တွေပါ ထိခိုက်ကုန်တယ်'' ဟု ၄င်းက မကျေနပ်ဟန်ဖြင့် ဆိုသည်။

'ကျန်းမာရေးအတွက် ကောင်းသည်' ဟူသည့် အယူအဆကြောင့် ပယင်းကို တရုတ်လူမျိုးများက
အထူးနှစ်သက်ပြီး အဓိကဝယ်လက်မှာ တရုတ်နိုင်ငံဘက်က ဖြစ်သည်။

''တရုတ်ဘက်က အဝယ်လိုက်တဲ့အပေါ်မူတည်ပြီး စျေးနှုန်းက အတက်အကျဖြစ်နေတယ်'' ဟု
လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ကိုနန်နန်အောင်က ပြောသည်။

လုပ်ကွက်အများစုကို လုပ်ငန်းရှင်များက လုပ်ကိုင်ပြီး တချို့လုပ်ကွက်အကြီးများမှာ ကေအိုင်အိုနှင့်
လုပ်ငန်းရှင်များ ပူးတွဲတည်ထောင်ထားသည့် လုပ်ကွက်များဖြစ်ပြီး အကျိုးအမြတ်ကို ခွဲဝေယူကြခြင်း
ဖြစ်သည်။

''ဥပမာအားဖြင့် တစ်နေရာမှာ ပယင်းကြော ကောင်းကောင်းတွေ့ထားရင် အဲဒီလုပ်ကွက်မှာ
လုပ်ငန်းရှင်က အကျိုးအမြတ်ရဲ့ သုံးပုံနှစ်ပုံကိုယူတယ်။ ကေအိုင်အိုက တစ်ပုံယူတယ်'' ဟု
ကိုမြစ်အောင်က ပြောသည်။

ကေအိုင်အေတပ်ရင်း (၁၄)ဌာနချုပ် အခြေစိုက်သည့် နမ်ဖြူကျေးရွာကို သတင်းထောက်များ
ရောက်ရှိသွားသည့် ဇွန် ၁၆ ရက်တွင် ဒေသခံအနည်းငယ်နှင့် ကေအိုင်အေ စစ်သားများကလွဲ၍
အရပ်သားများ မရှိတော့ပေ။

တိုက်ပွဲများ ပြင်းထန်လာပါက တောလမ်းဖြင့် လွတ်မြောက်ရာသို့ ထွက်ခွာမည်ဟု ရွာကို မစွန့်ခွာဘဲ
ဆက်လက်နေထိုင်လျက်ရှိသည့် ဦးဒါရှီနော်တောင်က ပြောသည်။

''သားသမီးတွေ၊ ချွေးမတွေ၊ မိသားစုကတော့ ရွှေ့သွားကြပြီ။ ကျွန်တော်ကတော့ ဒီမှာ
ဟိုးအရင်ကတည်းက နေထိုင်လာတဲ့သူဖြစ်တဲ့အတွက် ဒီကနေ မသွားချင်ဘူး'' ဟု ၄င်းကဆိုသည်။

နမ်ဖြူရွာမှာ ရွာကြီးတစ်ခုဖြစ်ပြီး ရွာသားအားလုံးနီးပါး စစ်ရေးတင်းမာမှုကြောင့် စွန့်ခွာချိန်တွင်
တိရစ္ဆာန်များသာ ကျန်ရစ်ခဲ့သည်ကို တွေ့ရသည်။

ရွှေနှင့် ပယင်းမှော်ဒေသတွင် ကေအိုင်အေစစ်သားတချို့ကို တွေ့ရစဉ်။ ကောင်းထက်/ မြန်မာတိုင်း(မ်)

လူဦးရေ ၁,ဝဝဝ ခန့် နေထိုင်သည့် ကျေးရွာသည် နတလကျေးရွာအဖြစ် တည်ထောင်ခဲ့သော်လည်း
ကေအိုင်အို၏ နယ်မြေအတွင်း တည်ရှိခြင်းကြောင့် အစိုးရက တရားဝင်ကျေးရွာအဖြစ် အသိအမှတ်
မပြုခဲ့ပေ။ ရွာရှိ တစ်ခုတည်းသော ဘုန်းကြီးကျောင်း၌ လူသုံးဦးသာ ကျန်ရှိတော့သည်ကို တွေ့ခဲ့ရ
သည်။

''အိမ်ပြန်ဖို့ လမ်းစရိတ်လည်း မရှိဘူး။ ဒါကြောင့်စစ်ရေးတင်းမာနေပေမဲ့ နေရပ်မပြန်နိုင်ဘဲ
ဘုန်းကြီးကျောင်းမှာ သောင်တင်နေတာ'' ဟု ဘုန်းကြီးကျောင်းတွင်ကျန်ရစ်နေသည့် လူသုံးဦး
အနက် အသက် ၃ဝ အရွယ် မကွေးသားက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး