အလေးထား အားကိုးနေရဆဲ ဘုန်းတော်ကြီးသင် ပညာရေး

အလေးထား အားကိုးနေရဆဲ ဘုန်းတော်ကြီးသင် ပညာရေး

အခြေခံလူတန်းစားများအတွက် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းသည် မရှိမဖြစ် လိုအပ်နေသည့်
ပညာရေး အဖွဲ့အစည်းပင်ဖြစ်သည်။

ပညာသင်ကြားနိုင်ဖို့ တစ်နေ့ကို ကျောင်းသွားကျောင်းပြန် ခြောက်နာရီလောက် လမ်းလျှောက်ရတယ်
ဆိုတဲ့ အကွာအဝေးဟာ အသက် ၁၂ နှစ်အရွယ်ကလေးတစ်ယောက်အတွက်တော့ အတော်ကို
ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုပါ။

ပညာသင်ကြားနိုင်ဖို့ တစ်နေ့ကို ကျောင်းသွားကျောင်းပြန် ခြောက်နာရီလောက် လမ်းလျှောက်ရတယ်
ဆိုတဲ့ အကွာအဝေးဟာ အသက် ၁၂ နှစ်အရွယ်ကလေးတစ်ယောက်အတွက်တော့ အတော်ကို
ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုပါ။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ထီအုံစောက်ကျေးရွာ
မူလတန်းကျောင်းမှာ ပညာသင်ကြား ပြီးဆုံးခဲ့တဲ့ မောင်ခွန်အောင်ထွဋ်အတွက် ရှစ်မိုင်ကျော်ခရီးကို
နေ့စဉ် ခြောက်နာရီခန့် သွားပြန်ပြီး အလယ်တန်းပညာကို ဆက်လက်သင်ယူနိုင်ဖို့ အတော့်ကို
ခက်ခဲစေခဲ့ပါတယ်။

''ကျောင်းမရှိတော့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာပဲ သွားတက်ခဲ့ရတယ်'' လို့ လက်ရှိမှာ
အသက် ၃ဝ အရွယ်ရောက်နေပြီဖြစ်တဲ့ ကိုခွန်အောင်ထွဋ်က ပြောပါတယ်။

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာအလယ်တန်းနဲ့ အထက်တန်းပညာ တက်ရောက်သင်ကြား
ခဲ့ပေမဲ့ စီးပွားရေးအဆင်မပြေမှုကြောင့် မိသားစုတောင်ယာလုပ်ငန်းကို ပြန်လည်လုပ်ကိုင်ခဲ့ရတဲ့
အတွက် အတန်းပညာပြီးဆုံးအောင် သင်ကြားခွင့်မရခဲ့ဘူးလို့ ကိုခွန်အောင်ထွဋ်က ဆိုပါတယ်။

စာသင်ကျောင်တွေမရှိတာ၊ ဝေးလံတာ၊ ငွေကြေးမတတ်နိုင်တာ၊ စစ်ပွဲနဲ့ ပဋိပက္ခတွေဖြစ်ပွားနေ
တာတွေကြောင့် တိုင်းရင်းသားဒေသမှာရှိတဲ့ ကလေးငယ်တွေနဲ့ မိဘမဲ့ကလေးတွေဟာ
ပညာဆက်လက်သင်ကြားနိုင်ဖို့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေရှိရာကို
ဦးတည်ရွေးချယ်ခဲ့ရပါတယ်။

အခြေခံပညာကျောင်းမရှိတဲ့ တိုင်းရင်းသားဒေသတွေမှာတော့ မူလတန်းပညာပြီးရင် ငွေကြေး
တတ်နိုင်တဲ့ မိသားစုတွေက မြို့ပေါ်ကျောင်းတွေမှာ အဆောင်နေရင်း ပညာဆက်လက်သင်
ကြားနိုင်ပေမဲ့ ငွေကြေးမတတ်နိုင်သူတွေအတွက် ဒေသခံကျောင်းထိုင်ဆရာတော်တွေရဲ့
အကူအညီနဲ့ ဒေသစွန့်ခွာပြီး အနယ်နယ် အရပ်ရပ်မှာရှိတဲ့ ဘကကျောင်းအသီးသီးမှာ
သွားရောက်ပညာသင်ကြားရပါတယ်။

မြန်မာတိုင်း(မ်)က သတင်းရယူနိုင်ဖို့ ရောက်ရှိခဲ့တဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေနဲ့
သီလရှင်သင် ပညာရေးကျောင်းတွေဆီက မေးမြန်းလေ့လာချက်အရ တိုင်းရင်းသားဒေသတွေနဲ့
စစ်မက်ဖြစ်ပွားနေတဲ့ဒေသတွေက ကလေးတွေဟာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို
အများဆုံးရောက်ရှိလာကြတယ်လို့ သိရပါတယ်။

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေဟာ ၁ဝ၄၄ ခုနှစ် ပုဂံခေတ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး
၁၉၆၂ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ အခြေခံပညာဦးစီးဌာနရဲ့ လက်အောက်မှာ ဘ/က ဌာနစိတ်
အဖြစ်ဖွင့်လှစ်သင်ကြားစေခဲ့တာဖြစ်ပေမဲ့ ၁၉၈၂ ခုနှစ်ကစပြီးဘုန်းတော်ကြီးသင်ပညာရေး
ကျောင်းတွေ ရပ်ဆိုင်းခြင်းခံခဲ့ရပါတယ်။

အဲဒီလို ၁၉၈၂ ခုနှစ်က ရပ်ဆိုင်းခဲ့ပြီးနောက် ၁ဝ ကျော်အကြာ ၁၉၉၂ ခုနှစ်မှာ ဘုန်းတော်ကြီးသင်
ပညာရေးကျောင်းတွေကို တရားဝင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ပါတယ်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ယမန်နှစ်အထိ ထုတ်ပြန်ခဲ့တဲ့ စာရင်းဇယားတွေအရ
ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း ၁,၅၆၈ ကျောင်းရှိပြီး အဲဒီကျောင်းတွေမှာ
တက်ရောက်ပညာသင်ကြားနေတဲ့ မိဘမဲ့နဲ့ ဆင်းရဲချို့တဲ့ကလေးငယ်ပေါင်း ၃ဝဝ,ဝဝဝ
ခန့်ရှိပါတယ်။ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ သင်ကြားနေတဲ့ ဆရာ၊ ဆရာမ
၇,၈ဝဝ နီးပါးရှိပါတယ်။

၂ဝ၁၄ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံရဲ့ လူဦးရေ ၅၁ သန်းကျော်မှာ
၇ဝ ရာခိုင်နှုန်းနီးပါဟာ ကျေးလက်ဒေသနေပြည်သူတွေဖြစ်ပြီး ဆင်းရဲမှုနှုန်း မြင့်မားဆဲ
အခြေအနေမှာရှိနေတာမို့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကို ဝေးလံတဲ့
အစွန်အဖျားဒေသတွေသာမက ရန်ကုန်အပါအဝင် မြို့ပြဒေသတွေကပါ အားကိုးနေရ
ဆဲဖြစ်ပါတယ်။

စီးပွားရေးအဆင်မပြေတာမို့ အစိုးရပညာသင်ကျောင်းမှာ မူလတန်းပညာ သင်ကြားနေဆဲ
မြေးနှစ်ယောက်ကို ဆက်လက်မထားနိုင်တော့တာမို့ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို
၂ဝ၁၅ ခုနှစ်ကစပြီး ပြောင်းရွှေ့ထားခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်
အလွမ်းဆွတ်ကျေးရွာသူ အသက် ၅၆ နှစ်အရွယ် အဘွား ဒေါ်ကြည်ညွှန့်က ပြောပါတယ်။

''ဆရာတော်ကြီးတွေက လက်ခံထားတဲ့အတွက် ကလေးတိုင်းက ကျောင်းတက်နိုင်တဲ့
အနေအထားမှာရှိ တယ်'' လို့ ဘကကျောင်းနဲ့ပတ်သက်ပြီး သူက မှတ်ချက်ပြုပါတယ်။

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကိုယုံကြည်တဲ့အတွက် အသက် ၁၁ နှစ်အရွယ်
ဆဋ္ဌမတန်း ပညာသင်ကြားနေတဲ့ သမီးဖြစ်သူကို ဘကကျောင်းမှာပဲ ထားဖြစ်တယ်လို့
ကိုယ်တိုင်လည်း ဘကကျောင်းမှာ ပညာသင်ယူခဲ့ဖူးတဲ့ အသက် ၃၄ နှစ်အရွယ်
မိခင် ဒေါ်လှလှရီက ပြောပါတယ်။

''အစိုးရကျောင်းတွေထက်စာရင် ပိုပြီးဖိဖိစီးစီး သင်ကြားပေးပြီး ကျူရှင်ယူစရာမလိုတဲ့အတွက်
ဘကကျောင်းမှာပဲထားဖြစ်တယ်'' လို့ သူကဆိုပါတယ်။

လက်ရှိမှာတော့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေဟာ သာသနာရေးနှင့်ယဉ်ကျေးမှု
ဝန်ကြီးဌာနရဲ့ ကြီးကြပ်ကွပ်ကဲမှု၊ ပညာရေးဝန်ကြီးဌာနရဲ့ ထောက်ပံ့မှုတွေနဲ့အတူ အခြေခံပညာ
ကျောင်းတွေမှာ သင်ကြားနေတဲ့ သင်ရိုးညွှန်းတမ်းတွေအတိုင်း သင်ကြားနေတာဖြစ်ပါတယ်။

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေဟာ အစိုးရကျောင်းတွေမရှိတဲ့ ဝေးလံခေါင်ဖျားဒေသတွေမှာ
မြန်မာ့ပညာရေးအတွက် တစ်ထောင့်တစ်နေရာကနေ အားဖြည့်ပေးနေတယ်လို့ ပညာရေးဝန်ကြီးဌာန၊
ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်မြဲက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသူတစ်ဦး ။ နိုင်ဝင်းထွန်း/ မြန်မာတိုင်း(မ်)

''ဆရာတော်ကြီးတွေက ထမင်းလည်းကျွေးသလို စာလည်းသင်တယ်ဆိုတော့ ဆင်းရဲနွမ်းပါးတဲ့
ကလေးတွေအတွက် ဘကကျောင်းတွေပဲ တကယ့်ကို အားကိုးနေရတယ် ''လို့ ၄င်းက ပြောပါတယ်။

နိုင်ငံတော်အစိုးရအနေဖြင့် အခမဲ့ပညာရေးကို ၂ဝ၁၁၁၂ ပညာသင်နှစ်က မူလတန်းအဆင့်တွင်
စတင်အကောင်အထည်ဖော်ခဲ့ပြီး ၂ဝ၁၅၁၆ ပညာသင်နှစ်တွင်အထက်တန်းအဆင့်ထိ တိုးချဲ့
ခဲ့သော်လည်း ကျောင်းနေအရွယ်ကလေးအကုန်လုံး အခြေခံပညာကျောင်းတွေဆီကို မရောက်နိုင်
သေးပါဘူး။

မြန်မာနိုင်ငံမှာ အသက်ငါးနှစ်မှ ၁၆ အရွယ် ၂ ဒသမ ရ သန်းခန့်ဟာ ကျောင်းဝင်ရောက်မှု မရှိသူတွေနဲ့
ကျောင်းစောထွက်သူတွေဖြစ်ပြီး အသက် ၁၅ နှစ်နဲ့အထက်သက်ကြီးစာမတတ်သူ ၃ ဒသမ ၅
သန်းခန့် ရှိနေတယ်လို့ ၂ဝ၁၆ ခုနှစ် ဇူလိုင်လက ပြုလုပ်ခဲ့တဲ့ ဗူအနမညအေငလန နိကခအေငသည
င်္သမကာ မှာ ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေဟာ စာသင်အရွယ်ကလေးတွေ ကျောင်းထွက်နှုန်း
များလာခြင်းကိုတစ်ဖက်တစ်လမ်းမှ လျှော့ချပေးနေတဲ့ အကြောင်းရင်းဖြစ်တာမို့ ဘကကျောင်းတွေရဲ့
အခန်းကဏ္ဍကို မြှင့်တင်ပေးခြင်းဖြင့် ကျောင်းထွက်နှုန်းကို ပိုမိုလျှော့ချနိုင်မှာဖြစ်တယ်လို့
မန္တလေးတိုင်းဒေသကြီး ဖောင်တော်ဦးဘုန်းတော်ကြီးသင် ပညာရေးအထက်တန်းကျောင်း
ကျောင်းအုပ်ဆရာကြီး ဆရာတော်ဦးနာယကက မိန့်ပါတယ်။

''ဘုန်းကြီးကျောင်းမှာ လာနေရတဲ့ကလေးတွေရဲ့ ရာခိုင်နှုန်းအများစုက မပြေလည်တဲ့ကလေးတွေ။
ဘာဖြစ်လို့လဲဆိုတော့ ဘာဖိအားမှလည်းမရှိဘူး။ ျသခငေူ စမနျျကမန လည်းမရှိဘူး။ ငါတို့လိုပဲ
ဆင်းရဲတဲ့ လူတွေပဲလာတက်တယ်ဆိုပြီးတော့ ကျောင်းထွက်နှုန်းကို အများကြီးကာတယ်။
ဘကကျောင်းတွေ ရှိနေလို့ကျောင်းထွက်နှုန်းကို ကာနေတာ'' လို့ ဆရာတော်ကမိန့်ပါတယ်။

နိုင်ငံတော်အစိုးရကချမှတ်ထားတဲ့ ''အခြေခံပညာအတွက် အခမဲ့ပညာရေး'' ဆိုတာမှာ
ကျောင်းအပ်တဲ့အချိန်မှာသာ ကုန်ကျစရိတ်မရှိတာဖြစ်ပေမဲ့ တခြားကုန်ကျစရိတ်တွေဖြစ်တဲ့
အသင်းကြေး၊ သန့်ရှင်းရေးကြေး၊ ဆရာမ ပင်စင်ကြေး စတဲ့ ငွေကြေးနှုန်းထားတွေကိုတော့
ကောက်ခံလျက်ရှိဆဲဖြစ်ပါတယ်။

ထို့ပြင် အစိုးရအခြေခံပညာကျောင်းတွေဟာ စာမေးပွဲကို ဦးတည်သင်ကြားခြင်းစနစ်ကို
ကျင့်သုံးနေဆဲမို့ မိဘများအနေဖြင့် ကျောင်းရဲ့သင်ကြားမှုအပြင် ကျူရှင်သင်ကြားမှုကိုပါ
အားကိုးနေရတာဖြစ်ပါတယ်။ ထို့အတွက် ကုန်ကျစရိတ်တွေက ရှိနေဆဲဖြစ်ပါတယ်။

''ကျောင်းက သူတို့ပြောတာတော့ အခမဲ့ပေါ့လေ။ ကျောင်းလခတစ်ခုပဲ လွတ်တာ။ ကလေး
တစ်ယောက်မှာ စာရွက်စာတမ်း၊ လွယ်အိတ်၊ ထမင်းချိုင့်၊ မိုးတွင်းဆို ထီးက အခြေခံလိုအပ်ချက်လေ။
ကလေးဆိုတာမျိုးက သူများ မုန့်စားရင် စားချင်တော့ မုန့်ဆိုတာမျိုးကရှိသေးတယ်။ အသက်
ငယ်သေးတော့ ကျောင်းပို့ ကျောင်းကြို လုပ်ပေးမှ စိတ်ချရမယ်။ အောက်ခြေကမိဘတွေက
ထမင်းစားဖို့ အနိုင်နိုင်ဆိုတော့ မလုပ်ပေးနိုင်ဘူးလေ'' လို့ ကလေးခြောက်ယောက်မိခင်
အသက် ၅၆ နှစ်အရွယ် ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။

ကျပန်းအလုပ်လုပ်ကိုင်ရင်း နေထိုင်စားသောက်ရေးကို စီစဉ်ဖြေရှင်းနေရတာမို့ ကလေး
အားလုံးကို ကျောင်းမထားနိုင်ဘဲ အငယ်သုံးယောက်ကို ကျောင်းထားနိုင်ဖို့ အကြီးသုံးယောက်ကို
ကျောင်းထုတ်ခဲ့ရတယ်လို့ သူက ပြောပါတယ်။

''အခုကလေးတွေကို ညနေပိုင်း အခမဲ့စာလိုက်သင်ပေးတဲ့ စာသင်ဝိုင်းတွေမှာ ထားတယ်။
အစိုးရကျောင်းထားဖို့က မတတ်နိုင်ဘူးလေ။ ပညာရေးအတွက် ဒါပဲ အားကိုးနေရတာလေ'' လို့
ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး