ကရင်ဒုက္ခသည်များ ပြန်လည်နေရာချရေး ရန်ကုန်တိုင်း အတွင်း မြို့သစ်စီမံကိန်းအကောင်အထည်ဖော်ရန်ရှိ

ကရင်ဒုက္ခသည်များ ပြန်လည်နေရာချရေး ရန်ကုန်တိုင်း အတွင်း မြို့သစ်စီမံကိန်းအကောင်အထည်ဖော်ရန်ရှိ

နယ်စပ်ဒေသရှိ ကရင်တိုင်းရင်းသား ရွှေ့ပြောင်းအလုပ်သမားများနှင့် ဒုက္ခသည်မိသားစုများ
ပြန်လည်နေရာချထားရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဧက ၂,ဝဝဝ မြို့သစ်စီမံကိန်း
အကောင်အထည်ဖော်ရန်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားရေးရာ
ဝန်ကြီး နော်ပန်းသဥ္ဇာမျိုးကယခုလ ၂ဝ ရက်က ရန်ကုန်မြို့၊ အောကစ်ဟိုတယ်တွင် ကျင်းပခဲ့သည့်
ကမ္ဘာ့ ဒုက္ခသည် များနေ့ အခမ်းအနားတွင် ပြောသည်။

''နယ်စပ်ဒေသက ပြန်လာသူတွေမှာ နေရပ်ကို ပြန်ချင်သူတွေရှိသလို ရန်ကုန်တိုင်းကိုလာပြီး
စီးပွားရေးလုပ်ချင်သူတွေရှိမှာပါ။နေရပ်ပြန်ချင်သူတွေအတွက် သက်ဆိုင်ရာဝန်ကြီးဌာနက
ကူညီမှာဖြစ်ပြီး ရန်ကုန်တိုင်းအတွင်း လာရောက်နေထိုင်ချင်သူ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်း
အလုပ်သမားတွေအတွက် ဧက ၂,ဝဝဝ မြို့သစ်စီမံကိန်းကို မကြာခင် အကောင်အထည်ဖော်တော့မှာ
ဖြစ်ပါတယ်'' ဟု ၄င်းက ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် ကရင်ဒုက္ခသည် ကော်မတီကကောက်ယူထားသည့် စစ်တမ်းအရ ထိုင်းမြန်မာ
နယ်စပ်ဒေသတွင် ကရင်ဒုက္ခသည်စခန်း ခုနစ်ခုနှင့် ကရင်နီ ဒုက္ခသည်စခန်း နှစ်ခုရှိပြီး ကရင်
တိုင်းရင်းသားဒုက္ခသည် စုစုပေါင်း တစ်သိန်းနီးပါးရှိကြောင်း၊စာရင်းမပြုစုနိုင်သေးသည့် ဒုက္ခသည်
တစ်သိန်းခွဲကျော် ကျန်ရှိနေသေးကြောင်း သိရသည်။

''အခုလို ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ကြားကာလမှာ ရွှေ့ပြောင်းအလုပ်သမားအရေးနဲ့ စစ်ဘေးသင့်
ဒုက္ခသည်အရေးတွေကို ထည့်သွင်းလုပ်ဆောင်မှု မရှိဘူးဆိုရင် ဘယ်နည်းနဲ့မှ ကြာရှည်ခံတဲ့ ငြိမ်းချမ်း
ရေးကို ဖော်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ ပြည်တွင်းစစ်ကြောင့် ရွှေ့ပြောင်းကြရတဲ့ ဒုက္ခသည်တွေ
အတွက် အိမ်ပြန်ဖို့ အချိန်တန်နေသလို လုပ်ဆောင်နေသူတွေမှာလည်း ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်
ပါတယ်'' ဟု ကရင်ဒုက္ခသည်ကော်မတီ ဘဏ္ဍာရေးမှူး နော်ဖြိုးမင်းနန်းစံက ပြောသည်။

ကရင် ဒုက္ခသည်စခန်းများရှိ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များနှင့် ကလေးသူငယ်များအရေး
အတွက် နေရပ်ပြန်လည်နေရာချထားမှု များရှိလာသည့် အချိန်တွင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ
အပါအဝင်စိတ် မလုံခြံုမှုများကို တိုင်ကြားနိုင်သည့် နေရာရှိသင့်ကြောင်း ကရင်အမျိုးသမီးအဖွဲ့အစည်း
တာဝန်ရှိသူတစ်ဦး ဖြစ်သည့် နော်ဂေဂေ ဆိုသည်။

''နေရာပြန်လည်ချထားသူတွေအနေနဲ့ ဒုက္ခသည်တွေ ဘယ်လိုစိတ်ဒဏ်ရာရထားတယ်၊ ဘာတွေ
ခံစားနေရတယ်ဆိုတာ သိဖို့လိုအပ်ပါတယ်။ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေအနေနဲ့လည်း
ဒုက္ခသည်တွေ အမှီခိုကင်းပြီး ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်မယ့် အခြေခံလိုအပ်ချက်တွေ
ထောက်ပံ့ဖို့ လိုအပ်မယ်လို့ ယူဆပါတယ်'' ဟု နော်ဂေဂေက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး