အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ၏ နှစ်ရက်တာ အထူးအသိပေးရှင်းလင်းပွဲ
ကျင်းပပြီးနောက် လေးနှစ်ကြာရပ်တည်ခဲ့သော မဘသအဖွဲ့၏ အခန်းကဏ္ဍသည် တစ်ခန်းရပ်သွား
ခဲ့သည်။
သို့သော် မဘသအဖွဲ့၏ လုပ်ငန်းစဉ်များ အပြီးတိုင် ချုပ်ငြိမ်းခြင်းမဟုတ်၊ မဘသကို အမည်ပြောင်းလဲ
ရုံမျှသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နှစ်ရက်တာ ပြုလုပ်ခဲ့သည့် အထူးသတိပေးရှင်းလင်းပွဲ
နောက်တွင် ယခင် မဘသကို ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖြစ် အမည်ပြောင်းခဲ့ခြင်းကြောင့်ပင်။
နိုင်ငံတော်သံဃမဟာနာယက (မဟန) အဖွဲ့က နိုင်ငံအဝန်းရှိ မဘသ ဆိုင်းဘုတ်များကို ဇူလိုင်
၁၅ ရက် အတွင်း အပြီးဖြုတ်ချရန် မေ ၂၃ ရက်က ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။ ညွှန်ကြားချက်ကို
မလိုက်နာလျှင် သံဃာ့အဖွဲ့အစည်းအဆိုင် ဥပဒေများနှင့် တည်ဆဲဥပဒေများအရ ချက်ချင်း
အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးခဲ့သည်။
မဟန၏ ကြေညာချက်သည် မဘသအဖွဲ့အမည် မသုံးစွဲရန် ညွှန်ကြားထားခြင်းဖြစ်ပြီး အမျိုးဘာသာ
သာသနာလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရသဖြင့် မဟနကြေညာချက်ကို
သိရှိကြောင်း ဝန်ခံလက်မှတ်ရေးထိုးခြင်းဖြစ်သည်ဟု မဘသအဖွဲ့ ဥက္ကဋ္ဌဆရာတော်
အရှင်သီလက္ခန္ဓာဘိဝံသက မိန့်ကြားခဲ့သည်။ ထို့နောက် ယခင်မဘသသည် ဗုဒ္ဓဓမ္မပရဟိတ
ဖောင်ဒေးရှင်း ဖြစ်လာခဲ့သည်။ ထိုသို့ဖြစ်ပေါ်လာခြင်းမတိုင်မီ 'မဘသ' အဖွဲ့ဗဟို၏ ဦးဆောင်မှုဖြင့်
မဘသဗဟိုကော်မဝင်လူပုဂ္ဂိုလ်များ ပါဝင်သော ဓမ္မဝံသာနုရက္ခိတအဖွဲ့ကို ဇွန်လတွင် ပြင်ဆင်ဖွဲ့စည်း
ခဲ့သည်။ သံဃာတော်များ ဆောင်ရွက်မရသည့် ကိစ္စများကို လူပုဂ္ဂိုလ်များ ဆောင်ရွက်နိုင်ရန် ထိုအဖွဲ့ကို
ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအောက်တွင် ထားရှိသွားမည်ဖြစ်သည်။
ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းသည် တိုင်းပြည်နှင့်လူမျိုးအတွက် အမျိုးဘာသာ သာသနာလုပ်ငန်းများကို
ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မဘသအဖွဲ့က ထုတ်ပြန်ခဲ့သည်။
မဘသအဖွဲ့သည် သံဃမဟာနာယကအဖွဲ့၏ ညွှန်ကြားချက်ပါအတိုင်း 'မဘသ' အမည် အတိုကောက်
စကားလုံးကို ပြောင်းလဲကျင့်သုံးမည်ဖြစ်သော်လည်း လက်ရှိ ဖွဲ့စည်းထားသော ဖွဲ့စည်းပုံအတိုင်း
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးလုပ်ငန်းများ၊ အသင်း၏ ဖွဲ့စည်းပုံနှင့် ရည်ရွယ်ချက်များကို
ပြောင်းလဲပြင်ဆင်ရန် မရှိကြောင်း မဘသဗဟိုအဖွဲ့ဝင်လည်းဖြစ်သူ မြန်မာနိုင်ငံလုံးဆိုင်ရာ
ဓမ္မဝံသာနုရက္ခိတအဖွဲ့ ဥက္ကဋ္ဌ ဦးသွေးချွန်က မြန်မာတိုင်း(မ်)ကို မေ ၂၈ ရက်တွင် ပြောခဲ့သည်။
ထို့ပြင် ယခင်က ပါတီနိုင်ငံရေးကို ရည်ရွယ်မထားသည့် အမျိုးသားရေးသမားများသည် '၁၃၅
မျိုးချစ်ညီညွတ်ရေး' အမည်ဖြင့် အမျိုးသားနိုင်ငံရေးပါတီသစ်တစ်ခုကို ထူထောင်ရန် ပြင်ဆင်ခဲ့သည်။
အခြားတစ်ဖက်တွင် ယခင်မဘသ ဗဟိုကော်မတီဝင်သံဃာတော်များသည် မဘသ အမည်သုံးစွဲမှုနှင့်
အဖွဲ့ရပ်တည်မှုအတွက် သဘောထားလက်မှတ်များကောက်ခံပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊
နိုင်ငံတော်သမ္မတနှင့်အစိုးရအဖွဲ့၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ထံ ပြန်လည်သုံးသပ်ပေးရန် တင်ပြတောင်းဆိုရန် စီစဉ်လျက်ရှိသည်။
မဘသအဖွဲ့ ဦးဆောင်ဆရာတော် တစ်ပါးဖြစ်သည့် ဆရာတော် ဦးဝီရသူက ၄င်း၏ လုပ်ရပ်များသည်
အဖွဲ့ပေါ် သက်ရောက်မှုရှိသည့်အတွက် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းတွင် ပါဝင်မည်မဟုတ်ဘဲ မန္တလေး
မဘသအဖွဲ့တွင် ဆက်လက်ဦးဆောင်ပါဝင်မည်ဖြစ်ကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ထို့အတွက် ယခင် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) သည် မဟန၏
အမိန့်ညွှန်ကြားချက်ထုတ်ပြန်ပြီးနောက်ပိုင်း 'မဘသ'၊ 'ဓမ္မဝံသာနုရက္ခိတအဖွဲ့' ၊ ' ဗုဒ္ဓဓမ္မပရဟိတ
ဖောင်ဒေးရှင်း' နှင့် '၁၃၅ မျိုးချစ်ညီညွတ်ရေးပါတီ' များ ဖြစ်လာခဲ့သည်။

''မဘသခရီးက မဆုံးသေးဘူး။ စာလုံးနဲ့ စာအုပ်ထဲ ရေးထားရင်တောင် ဖျက်လို့ရတယ်။ နှလုံးသားထဲ
ရေးထားရင် ဖျက်လို့ မရဘူး။ ဒါပေမဲ့ အခြေအနေအရ သုံးသင့်ရင်သုံးမယ်၊ မသုံးသင့်ရင် မသုံးဘဲ
ထားမယ်။ လက်ရှိ ထိန်းထိန်းသိမ်းသိမ်းနဲ့ ဘယ်နည်းနဲ့ သွားသင့်လဲဆိုတာ စဉ်းစားရမယ်''ဟု
ယခင် မဘသအဖွဲ့ ဥက္ကဋ္ဌဆရာတော် အရှင်တိလောကဘိဝံသက မိန့်သည်။
နိုင်ငံတော်အစိုးရအဖွဲ့အနေဖြင့် ဘာသာရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ဆောင်ရွက်ရာတွင်
ပြဋ္ဌာန်းဥပဒေများနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ကာ စကားပြောဆိုမှုများတွင် ဂရုစိုက်သင့်ကြောင်း
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ပြောသည်။
''ဥပဒေအရ ထိန်းကျောင်းတာ အကောင်းဆုံးလို့ ပြောချင်ပါတယ်။ ဥပဒေမှာက ဘာသာရေး၊
လူမျိုးရေး မုန်းတီးမှု၊ သွေးထွက်သံယိုမှုတွေဖြစ်အောင် မလှုံ့ဆော်ရလို့ ပုံနှိပ်မီဒီယာဥပဒေမှာ
ပြဋ္ဌာန်းထားတယ်။ ဘာသာရေးကို နိုင်ငံရေးမှာ အသုံးချပြီး မပြုလုပ်ရဘူးလို့ ရွေးကောက်ပွဲ
ဥပဒေမှာ ကန့်သတ်ထားတယ်။ တကယ်လို့ ဘာသာရေးဘုန်းကြီးတွေက နိုင်ငံရေးအရ မဲဆွယ်တာ၊
တရားဟောတာတွေကို သံဃာ့ဥပဒေအရ အရေးယူရမယ်။ ဒီဥပဒေတွေနဲ့ ထိန်းကွပ်ရမယ်။
ဘာသာရေးက ဘာသာရေးသီးသန့်ပဲ ဖြစ်ရမယ်'' ဟု ၄င်းက ဆိုသည်။
အမည်ပြောင်းလဲစေရန် ညွှန်ကြားမှု၏ နောက်ဆက်တွဲအနေဖြင့် နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှု
အဝန်းအဝိုင်းတစ်ခု ပေါ်ပေါက်လာခြင်းသည် မဘသ၏ ရပ်တည်ချက်ဆိုင်ရာ သဏ္ဌာန်ရုပ်လုံးကို
ပိုမိုထင်ဟပ်စေခြင်းဖြစ်ကြောင်း လူငယ်နှင့် လူမှုသဟဇာတစင်တာ၏ ဒါရိုက်တာ ကိုသက်ဆွေဝင်းက
ပြောသည်။
''ပိုဆိုးသွားစေတယ်လို့ ပြောလို့ရသလို တစ်ဖက်အဖွဲ့ရဲ့ ဦးတည်ချက်နဲ့ ရပ်တည်ချက်ကို
ပိုသရုပ်ပေါ်စေတယ်။ တစ်ဖက်အုပ်စုကို မျက်နှာဖုံးခွာလိုက်တဲ့ ပုံစံမျိုးတော့ပေါက်သွားစေတယ်''ဟု
၄င်းက ပြောသည်။
'မဘသ' အမည်ပြောင်းလဲမှုနှင့်အတူ အချိန်အတိုင်းအတာတစ်ခုအရ လုပ်ဆောင်ချက်များပါ
လိုက်ပါပြောင်းလဲမည်ဟု မျှော်လင့်ကြောင်း မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူ ဦးဝင်းနိုင်က
ပြောသည်။
''မဘသက အရင် နာမည်ပျက်နေတယ်။ အခုက ဖောင်ဒေးရှင်းလို့ နာမည်ပြောင်းတော့
လုပ်ဆောင်ချက်တွေလည်း အပြောင်းအလဲ ဖြစ်မယ်လို့ထင်တယ်။ အခုပြောင်းလိုက်တဲ့ 'ပရ'က
သူတစ်ပါး၊ 'ဟိတ'က အကျိုးစီးပွား ဆိုတော့ လူမျိုးဘာသာ မခွဲခြားဘဲ ပိုဆောင်ရွက်နိုင်မယ်လို့
မြင်တယ်''ဟု ၄င်းကဆိုသည်။
















