ပုဒ်မ ၆၆(ဃ)ကို အာမခံပေးနိုင်သည့် ပုဒ်မအဖြစ် ပြင်ဆင်နိုင်ရန် ရှေ့နေချုပ်ရုံး တိုင်ပင်ထားဟု ဆို

ပုဒ်မ ၆၆(ဃ)ကို အာမခံပေးနိုင်သည့် ပုဒ်မအဖြစ် ပြင်ဆင်နိုင်ရန် ရှေ့နေချုပ်ရုံး တိုင်ပင်ထားဟု ဆို

၂၀၁၃ ခုနှစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ကို အာမခံပေးနိုင်သည့် ပုဒ်မအဖြစ် ပြင်ဆင်နိုင်ရန်
ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး
ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဆွေက မြန်မာတိုင်း(မ်)ကို ပြောသည်။

"တရားစွဲလိုက်တာနဲ့ ထုချေခွင့် မရှိသေးဘဲ အချုပ်ခံနေရတာကို အာမခံ ပေးလို့ရတဲ့ ပုဒ်မအဖြစ်
ပြင်ဆင်ဖို့ ရှေ့နေချုပ်ရုံးနဲ့ တိုင်ပင်ထားတယ်"ဟု ၎င်းက ဆိုသည်။

ဆက်သွယ်ရေးဥပဒေပါ ပုဒ်မ ၆၆ (ဃ) သည် ရာဇသတ်ကြီးဆိုင်ရာ ကျင့်ထုံးဥပဒေအရ
ထောင်ဒဏ်သုံးနှစ်မှ စတင်ကာ အာမခံမပေးနိုင်သော အမှုအမျိုးအစားတွင် ပါ၀င်လျက်ရှိသော်လည်း
အာမခံပေးနိုင်ကြောင်း သီးခြားဖော်ပြချက် မပါရှိသဖြင့် ထိုဥပဒေဖြင့် တရားစွဲဆိုခံရသူသည်
အာမခံမရဘဲ ချက်ချင်းဖမ်းဆီးထိန်းသိမ်းခံရခြင်းကြောင့် ထိုအချက်ကို ပြင်ဆင်ရန် ဆွေးနွေးသွားမည်
ဖြစ်ကြောင်း ဦးမျိုးဆွေက ပြောသည်။

"အဓိက ပြင်ချင်တာက သုံးချက်လောက် ရှိတယ်။ ၀န်ကြီးရော ဒုဝန်ကြီးတွေရော စဉ်းစားပြီးပြီ။
အဓိကတော့ ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ခဲ့တဲ့ ဥပဒေဖြစ်တယ်။ ဒါနဲ့ ပတ်သက်ပြီး
နည်းဥပဒေ ငါးခု ထုတ်ထားတယ်။ တခြားနည်းဥပဒေထွက်ဖို့ မရှိသေးဘူး။ ပြစ်ဒဏ်လျှော့ချမလား၊
အာမခံပေးနိုင်တဲ့ အထူးမှတ်ချက် အချက်အနေနဲ့ ထည့်သွင်းမလား။ ဒါကတော့ လွှတ်တော်မှာ
ဆွေးနွေးကြရမှာ"ဟု ၎င်းကပြောသည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) သည် ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်သည့် ပြစ်မှုဖြစ်သဖြင့်
ပြစ်မှုကျူးလွန်သူကို ရာဇသတ်ကြီး ဆိုင်ရာဥပဒေသဘောအရ လူမှုအဖွဲ့ အစည်းမှ မည်သူမဆို
တရားစွဲဆိုနိုင်ရန် အခွင့်အရေး ပေးအပ်ထားခြင်းဖြစ်ကြောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံး၊
ဥပဒေစိစစ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဆွေက ဆိုသည်။

ဆက်သွယ်ရေးဥဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက
ပြည်ထောင်စုရှေ့နေချုပ်ရုံးထံ ပေးပို့ကာ ဥပဒေနှင့် ညီမညီ စိစစ်သုံးသပ်ရန် တင်ပြလာပြီးနောက်
ဥပဒေနှင့်အညီ စီစစ်သုံးသပ်ကာ ၀န်ကြီးဌာနထံ ပြန်လည်ပေးပို့ထားကြောင်း ၎င်းက ဆိုသည်။

"၀န်ကြီးဌာနသဘောထားက အာမခံပေးလို့ရတဲ့ ပုဒ်မတွေဖြစ်အောင် ပြင်ဆင်ပေးဖို့၊
အကြံတောင်းရတဲ့ဟာတွေကိုလည်း မလိုအပ်ဘဲ မတောင်းရအောင် ပြင်ဆင်ဖို့၊ အစကတော့
အကြံတောင်းတယ်ဆိုတာ လွယ်လွယ်နဲ့ စွဲလို့ မရအောင် လုပ်တဲ့ သဘောပါ။ အခုကတော့
အဆင်ပြေအောင် လျှော့ချထားတယ်" ဟု ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဥပဒေစိစစ်ရေးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးမင်းဆွေက ပြောသည်။

ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ၀န်ကြီးဌာနမှတစ်ဆင့်
ပြည်ထောင်အစိုးရ အဖွဲ့ထံ တင်ပြကာ နိုင်ငံတော်သမ္မတမှတဆင့် ဥပဒေပြုလွှတ်တော်သို့
ပေးပို့သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဆွေက
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး