ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အတွင်း အဓိကကျသည့်
အခန်းကဏ္ဍက ပါ၀င်သည့် ကေအိုင်အိုအဖွဲ့နုတ်ထွက်တော့မည်ဖြစ်ရာ အဆိုပါ မဟာမိတ်အဖွဲ့၏
နိုင်ငံရေးအရ စုစည်းညီညွတ်မှုမှာ စိန်ခေါ်မှုရှိလာသည်။
အထူးသဖြင့် UNFC မှ ကေအိုင်အို အဖွဲ့ နုတ်ထွက်ရေးမှာ ကတ္တီပါလမ်းခွဲလား၊ အကွဲအပြဲပုံစံလားဆိုသည်ကို ရက်ပိုင်း အတွင်း သိရတော့မည်ဖြစ်သည်။
UNFC မှ ကေအိုင်အိုအဖွဲ့ နုတ်ထွက်ရသည်မှာ များစွာသော အကြောင်းတရားများကြောင့် ဖြစ်သည်ဟု အဆိုပါအဖွဲ့တာဝန်ရှိသူများက ဆိုသည်။
"ဒေသန္တရအခြေအနေရော၊ အစိုးရ၊ တပ်မတော်တို့ရဲ့ ဖိအား၊ ခွဲခြားအုပ်ချုပ်ပုံအောက်မှာ မဖြစ်မနေ
ကျွန်တော်တို့ မြောက်ပိုင်းအဖွဲ့တွေဟာ တစုတစည်း ရှိဖို့ အခြေအနေ ရောက်လာပါတယ်။
ဒါကြောင့်မို့ ယူအင်န်အက်ဖ်စီကနေ နုတ်ထွက်ရခြင်းပဲ ဖြစ်ပါတယ်" ဟု ကေအိုင်အိုအဖွဲ့ ဒုဥက္ကဋ္ဌ
ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောသည်။
UNFC မှ နုတ်ထွက်ပြီး လှုပ်ရှားမှု နယ်မြေအနေအထားအရ နီးစပ်မှုရှိသည့် မြန်မာပြည် မြောက်ပိုင်းက
အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်းက ကေအိုင်အိုအဖွဲ့အတွက် ပထဝီဝင် စစ်ရေး၊
နိုင်ငံရေးအရ အားသာချက်ရရှိ စေနိုင်သည်ဟု စစ်ရေး၊ နိုင်ငံရေးလေ့လာ သုံးသပ်သူများက ဆိုသည်။
"အနောက်နိုင်ငံတွေ ထောက်ပံ့တာလို့ တရုတ်ကယူဆထားတဲ့ UNFC အဖွဲ့တွေနဲ့
တရုတ်ကျောထောက်နောက်ခံပြုထားတဲ့ '၀'ကို သူက ယှဉ်ပြီးရွေးရင် '၀'အပါအဝင်
မြောက်ပိုင်းအဖွဲ့တွေနဲ့ နီးစပ်ခြင်းက UNFC ထက် ကေအိုင်အိုအတွက် အားသာချက်
ပိုရှိနိုင်တယ်" ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။
ကေအိုင်အိုအဖွဲ့၏ ငြိမ်းချမ်းရေး မူဝါဒကို အကောင်အထည်ဖော်ရန် မြောက်ပိုင်းအဖွဲ့များနှင့်
ပူးပေါင်းခြင်း ဖြစ်သည်ဟု ဗိုလ်ချုပ်ကြီး အင်ဘန်လက ဆိုသည်။
"ကေအိုင်အိုရဲ့ ပေါ်လစီဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံး ပါ၀င်ရေးဖြစ်ပါတယ်။ ဒီမြောက်ပိုင်း
အဖွဲ့တွေ အားလုံးမပါ၀င်ဘဲနဲ့ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
ဒီတော့ ကေအိုင်အို အနေနဲ့ အားလုံးပါ၀င်ရေးမူအရလည်း မြောက်ပိုင်းအဖွဲ့နဲ့ ပူးပေါင်းရခြင်း
ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။
အစိုးရ တပ်မတော်ဘက်က စစ်ရေးဖိအားမြင့်တက်လာချိန်တွင် ယင်းမြောက်ပိုင်းအဖွဲ့များ၏
မဟာမိတ်စုဖွဲ့မှုမှာ စစ်ရေးအသွင် ပြောင်းလဲနိုင်သည့် အလားအလာရှိကြောင်း ဦးသန်းစိုးနိုင်က
ပြောသည်။
"ကေအိုင်အိုအပါအဝင် မြောက်ပိုင်းအဖွဲ့တွေဟာ တစ်ခုနဲ့တစ်ခု နယ်မြေချင်း ထိစပ်၊
ဆက်စပ်နေတဲ့အတွက် အစိုးရ တပ်မတော်က စစ်ရေးအရ ဖိအားပေးလာရင် တစ်ဖက်တည်းမှာ
အတူရပ်လို့ ရတဲ့ အနေအထားဖြစ်တယ်" ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဇွန်လ၂၀ ရက်မှ ၂၅ ရက်အထိ UNFC ဒုတိယအကြိမ် ညီလာခံကို
ပြုလုပ်နေပြီး ဥက္ကဋ္ဌအသစ်၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီအသစ်ကို ထပ်မံရွေးချယ်မည်
ဖြစ်သည်ဟု ကောင်စီမှ တာဝန်ရှိသူများက ဆိုသည်။
UNFC















