၀ိနည်းတော်တရားနှင့်အညီ ကျင့်ကြံမှု မရှိသော ဆုံးမရန် ခက်ခဲသော ဒုဗ္ဗဇအလဇ္ဇီ ရဟန်းတော်များက
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အား ရှုတ်ချဝေဖန်ပုတ်ခတ်ပြောဆိုမှုများ ပြုလုပ်ခြင်းသည်
သံဃာ့အဖွဲ့အစည်း ပျက်ပြားအောင် ဆောင်ရွက်ခြင်းဖြစ်ပြီး၊ ထိုရဟန်းများသည် သံဃာ့ဂိုဏ်းကွဲအောင်
ကြံစည်ပြုလုပ်နေသာ ဒေဝဒတ်လက်သစ် ရဟန်းများဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု
၀န်ကြီးဌာန၏ ဇွန်လ ၂၀ရက်နေ့ ထုတ်ပြန်သည်ချက်တွင် ဖော်ပြထားသည်။
သံဃာ့ဂိုဏ်းကွဲမှု ဖြစ်ပေါ်ပါက သာသနာတော်ပျောက်ကွယ်မည်ဖြစ်ပြီး ဘေးအန္တရာယ်များ
ကျရောက်ကာ လူမှုဒုက္ခများ ခံစားရမည်ဖြစ်သောကြောင့် သံဃမဟာနာယကအဖွဲ့၊
နိုင်ငံတော်အစိုးရနှင့် ပြည်သူလူထု တစ်ရပ်လုံးက ကာကွယ်စောင့်ရှောက်ရန် လိုအပ်ကြောင်း
၀န်ကြီးဌာနက တိုက်တွန်းထားသည်။
၀ိနည်းတရားတော်နှင့် ညီညွတ်သော ရဟန်းသံဃာတော်များပါ၀င်သည့် သံဃာ့အဖွဲ့အစည်း
အဆင့်ဆင့် ရပ်တည်ရန်မှာ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့၏ ကြီးကြပ်မှုအောက်တွင်
တစ်ညီတစ်ညွတ်တည်း တည်ရှိရန် လိုအပ်ကြောင်း၊ နိုင်ငံတော်သံဃာ့အဖွဲ့အစည်း
ပေါ်ပေါက်လာစေရန် ခက်ခက်ခဲခဲ တည်ဆောက်ခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြပါရှိသည်။
အဆိုပါ ထုတ်ပြန်ချက်သည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ လုပ်ဆောင်ချက်များကို
အများပြည်သူ သိရှိစေရန် ၀န်ကြီးဌာန၏ ပညာရှင်များက ရေးသားထားခြင်းဖြစ်ပြီး ဆရာတော်များထံ
တင်ပြကာ ခွင့်ပြုချက်ဖြင့် ၀န်ကြီးဌာနက ထုတ်ပြန်ခြင်းဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု
၀န်ကြီးဌာနမှ ညွန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ပြောသည်။
"၁၉၈၀ ပြည့်နှစ်ကနေ ဘယ်လိုပေါ်ပေါက်လာတယ်ဆိုတာ ပေါ်လွင်စေချင်လို့ပါ။ မဟနဆိုတာ
သံဃာ ငါးသိန်းကျော်ကနေ အဆင့်ဆင့် ဒီမိုကရေစီနည်းလမ်းကျကျ ရွှေးကောက်
တင်မြှောက်ထားတယ်ဆို တာ ပေါ်လွင်စေချင်တာ။ တချို့က သံဃာကိစ္စတွေကို မသိဘဲနဲ့
ပြောနေတာတွေ မဖြစ်စေဖို့ပါ" ဟု ၎င်းက ဆိုသည်။
သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်အတွင်း ပြုပြင်စရာများကို အချိန်အခါအလိုက် လိုအပ်သည့်အခါတိုင်း
ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးများ ပြုလုပ်ကာ ဆောင်ရွက်ခဲ့သည့်မှာ ပထမအကြိမ်မှ
ပဥ္စမအကြိမ်ထိ ငါးကြိမ်တိုင် ဆောင်ရွက်ခဲ့ပြီးဖြစ်ကာ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်သည်
တစ်ဦးတစ်ဖွဲ့က လွှမ်းမိုးထားသော စည်းမျဉ်းစည်းကမ်း အမိန့်ညွန်ကြားချက်များဖြင့် ချုပ်ကိုင်၍ရသော
အဖွဲ့အစည်းများ မဟုတ်ကြောင်း ဖော်ပြထားသည်။
နိုင်ငံတော်အစိုးရသည် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်းများကို
ကျော်လွန်စွက်ဖက်ပြီး ဆောင်ရွက်မရသည့်အပြင် ၁၉၈၀ ပြည့်နှစ် ပထမအကြိမ် ဂိုဏ်းပေါင်းစုံ
သံဃာ့အစည်းအဝေးပွဲကြီးက ချမှတ်ခဲ့သော "သံဃာ့ကိစ္စ သံဃာသာဆောင်ရွက်" ဟူသော
အခြေခံမူအရ တစ်စုံတစ်ရာ ၀င်ရောက်ဆောင်ရွက်ရန်မှာ မဖြစ်နိုင်သော ကိစ္စများဖြစ်ကြောင်း
ထုတ်ပြန်ချက်တွင် ပါရှိသည်။















