ယခုနှစ်အတွင်း ရခိုင်ပြည်နယ်၊ ရန်ကုန်နှင့်ဧရာဝတီတိုင်းဒေသကြီးတို့တွင် သွေးလွန်တုပ်ကွေး
ဖြစ်ပွားမှုနှုန်း များနေခြင်းကြောင့် ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်နေကြောင်း
ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ စီမံချက်မန်နေဂျာ(သွေးလွန်တုပ်ကွေး) ဒေါက်တာဇော်လင်းက
ပြီးခဲ့သည့် သီတင်းပတ်က ပြောသည်။
"ဒီနှစ်ဖြစ်နှုန်းက မနှစ်ကထက် များနိုင်တယ်။ ၂၀၁၅ ခုနှစ်ဖြစ်နှုန်းရဲ့ ငါးဆယ် ရာခိုင်နှုန်းလောက်အထိ
ဖြစ်လာနိုင်တဲ့အတွက် ကျွန်တော်တို့ အားစိုက်လုပ်နေပါတယ်။ ဖြစ်နိုင်ရင် ၂၀,၀၀၀ ထက်
မကျော်အောင်လို့ ဆောင်ရွက်နေတာဖြစ်ပါတယ်"ဟု ဒေါက်တာဇော်လင်းက ပြောသည်။
ဆေးရုံကြီးများတွင် သွေးလွန်တုပ်ကွေး လူနာများ ရောက်ရှိလာပါက ကုသမှုပေးနိုင်ရန်
ပြင်ဆင်ထားရှိထားကြောင်း၊ တိုင်းနှင့် ပြည်နယ်အလိုက် သွေးလွန်တုပ်ကွေးကာကွယ်နှိမ်နင်းရေး
လုပ်ငန်းများကို အားစိုက်ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် လှိုင်သာယာမြို့နယ်သည် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု အမြင့်ဆုံးမြို့နယ်
ဖြစ်နေသဖြင့် ပိုးလောက်လန်းနှင့် ခြင်ကျားနှိမ်နင်ရေးလုပ်ငန်းများကို အားစိုက်ဆောင်ရွက်နေကြောင်း
လှိုင်သာယာမြို့နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာခင်ရူပါစိုးက မြန်မာတိုင်း(မ်)ကို
ပြောသည်။
"ကျွန်မတို့အနေနဲ့ အခုဆိုရင် ကာကွယ်ဆေးထိုးပေးတဲ့ အပတ်ကလွဲရင် ကျန်တဲ့ အပတ်တွေမှာ
ကြိုတင်ကာကွယ် ရေး အနေနဲ့ ဖုံး၊သွန်၊လဲ၊စစ် စတာတွေနဲ့ပတ်သက်ပြီး လိုက်စစ်တာတွေ
လုပ်ပါတယ်။ ပညာပေးတာတွေ လုပ်တယ်။ ဒါပေမယ့် တချို့ကျတော့ လက်လုပ်လက်စားသမားဖြစ်တဲ့
အတွက် လာနားမထောင်နိုင်ဘူး။ နားထောင်သည့်တိုင်အောင် ပြန်မလုပ်နိုင်တာတွေရှိတယ်"ဟု
၎င်း ကပြောသည်။
သွေးလွန်တုပ်ကွေးကြောင့် သေဆုံးခြင်းသည် ဆေးကုသမှုခံယူရန် နောက်ကျခြင်းနှင့်
ဆေးမြီးတိုများဖြင့် ကုသခြင်းများကြောင့် ဖြစ်ပြီး ရောဂါလက္ခဏာများ တွေ့ရှိပါက နီးစပ်ရာ
ကျန်းမာရေးဌာန၊ ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံးသွားရောက်သင့်ကြောင်း ဒေါက်တာဇော်လင်းက
ပြောသည်။
"ဒီရာသီမှာကလေးဖျားရင် သွေးလွန်တုပ်ကွေးကို သတိထားဖို့လိုပါတယ်။ စဖျားတဲ့ နေ့ကနေ
၄၈ နာရီအတွင်းက အန္တရာယ်သိပ်မရှိသေးပေမယ့် ကျော်သွားရင် အန္တရာယ်ရှိနိုင်တဲ့အတွက်
နီးစပ်ရာဆေးရုံဆေးခန်း၊ ကျန်းမာရေးဌာကို အမြန်ဆုံးသွားနိုင်မယ်ဆိုရင် ကိုယ့်ကလေးအတွက်
စိတ်အချရဆုံးပါ"ဟု ဒေါက်တာဇော်လင်းက ပြောသည်။
ယခုနှစ် ဇန်နဝါရီလမှ ဇွန်လပထမပတ်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေး
ဖြစ်ပွားသူ ၁၅၀၀ ကျော်ရှိပြီး သေဆုံးသူ ကိုးဦး၊ ရခိုင်ပြည်နယ်တွင် ၅၉၀ ကျော်ဖြစ်ပွားပြီး သေဆုံးသူ
၁၀ ဦး၊ ဧရာဝတီတိုင်းဒေသကြီးတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၆၀၀ ကျော်နှင့် သေဆုံးသူမှာ
၁၀ ဦးဝန်းကျင်ခန့်ရှိကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထုတ်ပြန်ချက်အရ သိရသည်။















