မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံကြား သဘောတူလက်မှတ် ရေးထိုးထားသော ကုလားတန်မြစ်ကြောင်း
သယ်ယူပို့ဆောင်ရေးစီမံကိန်းတွင် ပါဝင်သည့် တန်ချိန် ၃ဝဝ တင်ဆောင်နိုင်သည့် စစ်တွေပလက်ဝ
ပြေးဆွဲမည့် ကုန်တင်သင်္ဘောခြောက်စင်းကို မြန်မာအစိုးရထံ လွှဲပြောင်းပေးအပ်ပွဲကို ယခုလ ၂၆
ရက်တွင် စစ်တွေမြို့ ESSAR ဆိပ်ကမ်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကုလားတန်မြစ်ကြောင်းစီမံကိန်းတွင် စစ်တွေ ဆိပ်ကမ်းတွင် တန်ချိန် ၆,ဝဝဝ တင်ဆောင်နိုင်သည့်
သင်္ဘောများ ဝင်ထွက်သွားလာနိုင်ရန် သောင်တူးဖော်ခြင်း၊ ပလက်ဝမြို့နယ်တွင် တန်ချိန် ၃ဝဝ
တင်ဆောင်နိုင်သည့် သင်္ဘောများ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတားများ တည်ဆောက်ခြင်း၊ စစ်တွေမှ
ပလက်ဝထိ ကုလားတန် မြစ်ကြောင်းတစ်လျှောက် ရေကြောင်းပြအမှတ်အသားများ တည်ဆောက်ခြင်း၊
ပလက်ဝမြို့နယ်မှ အိန္ဒိယနယ်စပ်အထိ မော်တော်ကားလမ်းများ ဖောက်လုပ်ခြင်းနှင့် ကုလားတန်မြစ်
ကြောင်းတစ်လျှောက် ရေကြောင်းတူးဖော်ရေးလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်ဇင်မောင်က ပြောသည်။
''အရင်က မြန်မာနဲ့ အိန္ဒိယကို ကုန်ပစ္စည်းတွေ သယ်ယူ ပို့ဆောင်တဲ့အခါ ကားတွေနဲ့ပဲပို့ရတယ်။
ကားတွေက အများဆုံး ၁၅ တန်လောက်ပဲ သယ်နိုင်တော့ ကုန်ပစ္စည်း စီးဆင်းမှုက အရမ်းကြာတယ်။
ဒီစီမံကိန်းကြီး ပြီးသွားတာနဲ့ တန် ၃ဝဝ ဆံ့သင်္ဘောတွေနဲ့ ကုန်တွေသယ်ယူပို့ဆောင်ပြီး
ကုန်စည်စီးဆင်းမှု မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်လာဖို့ ရည်ရွယ်ပါတယ်'' ဟု ၄င်းက ပြောသည်။
အဆိုပါ ကုန်တင်သင်္ဘောများကို ၂ဝ၁၆ ခုနှစ် ဧပြီလမှစ၍ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနက
အိန္ဒိယနိုင်ငံ၏ နည်းပညာအကူအညီဖြင့် ဒလဆိပ်ကမ်း၊ ဒဂုံဆိပ်ကမ်းနှင့် ဒေါပုံသင်္ဘောကျင်းတို့တွင်
မြန်မာလုပ်သားများ အသုံးပြုပြီး တည်ဆောက်ခဲ့ကြောင်း၊ သင်္ဘော တည်ဆောက်ရေးအတွက်
အမေရိကန်ဒေါ်လာ ၈၁ သန်း ကျော် ကုန်ကျခဲ့ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဦးစီးဌာန
ညွှန်ကြားရေးမှူး ဦးဇော်ဝင်းက ပြောသည်။
''အခု တန် ၃ဝဝ တင်နိုင်တဲ့ ကုန်တင်သင်္ဘောတွေ တည်ဆောက်ပြီးသွားပြီဆိုတော့ ကုန်တွေကို
စရိတ် နည်းနည်းနဲ့ မြန်မြန်ဆန်ဆန် ပို့ဆောင်နိုင်တော့မှာဖြစ်ပါတယ်'' ဟု ၄င်းက ပြောသည်။
ကုလားတန်မြစ်ကြောင်းစီမံကိန်းကို အမေရိကန် ဒေါ်လာ သန်း ၄၅ဝ ကျော် အကုန်ကျခံ တည်ဆောက်နေပြီး
စီမံကိန်း၏ နောက်ဆုံးအပိုင်းဖြစ်သော ပလက်ဝမှ အိန္ဒိယနယ်စပ်အထိ ကုန်လမ်းဖောက်လုပ်ရန်
ပစ္စည်းစုဆောင်းမှုများ ပြုလုပ်ထားပြီးဖြစ်ရာ တည်ဆောက်ရေးလုပ်ငန်းကို ယခုနှစ်ကုန်တွင် စတင်ကာ
အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စီမံကိန်းပြီးစီးပါက ရခိုင် ဒေသထွက်ကုန်
တစ်ခုတည်းမဟုတ်ဘဲ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များက ထွက်ကုန်များကိုပါ စစ်တွေဆိပ်ကမ်းမှ
အိန္ဒိယနိုင်ငံအထိ သယ်ယူပို့ဆောင်နိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်က
ကုန်တင်သင်္ဘောများ လွှဲပြောင်းပေးအပ်ပွဲတွင် ပြောကြားသည်။
ကုလားတန်မြစ်ကြောင်းစီမံကိန်းကို ၂ဝဝ၈ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း
ဖြစ်သည်။
















