မီးရှို့ဖျက်ဆီးနေရဆဲ မူးယစ်ဆေးဝါးများ

မီးရှို့ဖျက်ဆီးနေရဆဲ မူးယစ်ဆေးဝါးများ

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့
အထိမ်းအမှတ် အခမ်းအနားများကို ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲ ယခုလ ၂၆
ရက်တွင် ပြုလုပ်ခဲ့ပြီး၊ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးအရေအတွက်မှာ ယမန်နှစ်ထက်
များစွာပိုမိုခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးသည် မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှု အများဆုံးဖြစ်ပြီး။ ပမာဏအားဖြင့်
ယမန်နှစ်ထက် အဆ ၄ဝ ကျော် ပိုမိုခဲ့သည်ဟု တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးတာဝန်ရှိသူက
ပြောသည်။ ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန် ချက်အရ ရန်ကုန်တွင် မူးယစ်ဆေးဝါး အမျိုးပေါင်း ၂၅ မျိုး၊
တန်ဖိုးအားဖြင့် ကျပ် ၃ဝဝ ဘီလျံနီးပါး မီးရှို့ဖျက်ဆီးခဲ့ပြီး၊ ရှမ်းပြည်နယ်တွင် မူးယစ်ဆေးဝါး
တန်ဖိုးအမေရိကန်ဒေါ်လာ ၁၄၃ သန်းကျော်နှင့် မန္တလေးတိုင်းဒေသကြီးတွင် ဒေါ်လာ ၂၃
သန်းကျော်ဖိုးကို မီးရှို့ဖျက်ဆီးခဲ့သည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရာတွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ကိန်းဂဏန်းများထက်
လူ့အဖွဲ့အစည်း တစ်ခု၊လူ့အသိုင်းအဝိုင်းတစ်ခုအတွင်း မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သည့်
မှုခင်းများ၊ အန္တရာယ်များနှင့် ကြောက်ရွံ့မှုများကို လျှော့ချနိုင်မည့် အညွှန်းများဖြင့် တိုင်းတာမှသာ
မူးယစ်ဆေးဝါးအန္တရာယ် ကင်းစင်မည်ဖြစ်ကြောင်း နေပြည်တော်၌ ပြုလုပ်ခဲ့သည့်
အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့
အခမ်းအနားတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောသည်။

''ကျွန်တော်တို့ အနေနဲ့ စီမံကိန်းတွေ၊ လုပ်ငန်းစဉ်တွေ ရေးဆွဲတဲ့အခါမှာ လိုအပ်တဲ့
လေ့လာဆန်းစစ်မှုနဲ့ အခြေခံအချက်အလက် စုဆောင်းမှုတွေကို စနစ်တကျ ဆောင်ရွက်ပြီး ပြဿနာရဲ့
အရင်းအမြစ်ကို လက်တွေ့ကျကျ ဖြေလျှော့ နိုင်တဲ့ လုပ်ငန်းအစီအစဉ်တွေ ရေးဆွဲဆောင်ရွက်မှသာ
မူးယစ်ဆေးဝါး အန္တရာယ်ကို ထိရောက်စွာ လျှော့ချနိုင်မှာ ဖြစ်ပါတယ်''ဟု ၄င်းက ပြောသည်။

ဓာတ်ပုံ - အေအက်ဖ်ပီ

မြန်မာနိုင်ငံတွင် ့ြဦဃ နည်းပညာအကူအညီဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ထုတ်လုပ်မှုလျှော့ချရေး
လုပ်ငန်းစဉ်များ အထောက်အကူဖြစ်စေရန် မူးယစ်ဆေးဝါးသုံးစွဲမှု စစ်တမ်းတစ်ခုကို ပထမဆုံး
အကြိမ် ဆောင်ရွက်လျက်ရှိသည်ဟုလည်း ဦးမြင့်ဆွေက ပြောသည်။

''အသိပညာပေးရေးအပိုင်းမှာ ဆေးသုံးစွဲမှု စတင်ဖြစ်ပေါ်လာစေရသည့် အကြောင်းရင်းတွေကို
သိရှိအောင်လုပ်ပြီး သမားရိုးကျ အသိပညာပေးမှုမျိုးထက် အသိတရားနဲ့ဗဟုသုတရရှိစေမယ့်
ထိရောက်တဲ့အသိပညာပေး လုပ်ငန်းကို ရွေးချယ်ဆောင်ရွက်သွားဖို့ လိုအပ်မှာ ဖြစ်ပါတယ်''ဟု
၄င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မူးယစ်ဆေးဝါး အများဆုံး ဖျက်ဆီးခဲ့ပြီး၊ ကျပ်ငွေ ၂၉၅ ဘီလျံတန်ဖိုး
ရှိသည်။ မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါး ၂၅ မျိုးတွင် ဘိန်းဖြူ၊ ကိုကင်း၊ အိုက်စ်၊ ဆေးခြောက်၊
စိတ်ကြွရူး သွပ်ဆေးပြား၊ ကတ်တမင်း စသည့် ဆေးဝါးများအပြင်၊ တားမြစ်ထားသည့် ရောဂါသုံး
ဆေးဝါးများပါဝင်ကြောင်း၊ ၂ဝ၁၆၁၇ ခုနှစ်အတွင်း ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါး
အမှုပေါင်း ၉၈၁ မှုထိရှိပြီး ပြစ်မှုကျူးလွန်သူပေါင်း ၁,၅ဝ၁ ဦးကို အရေးယူဆောင်ရွက်ထားကြောင်း
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်က ပြောကြားသည်။

မူးယစ်ဆေးဝါးများသည် ရှမ်းပြည်နယ် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့
အများဆုံးဝင်ရောက်နေခြင်း ဖြစ်ပြီး၊ ရေလမ်း၊ ကုန်းလမ်းများမှတစ်ဆင့် ရခိုင်ပြည်နယ်ကိုဖြတ်ကာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းသို့ ကူးသန်းပို့ဆောင်နေမှုများရှိနေကြောင်း၊ရန်ကုန်တိုင်းဒေသကြီး
တိုင်းရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီးမြင့်ထွေးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ၂ဝ၁၅ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး
မင်္ဂလာဒုံမြို့နယ်တွင် မူးယစ်ဆေးပြားပေါင်း ၂၆ ဒသမ ရ သန်းကို စံချိန်တင် ဖမ်းဆီးရမိခဲ့ပြီး
ပြီးခဲ့သည့်လများအတွင်း ရခိုင်ပြည်နယ်တွင် ကျပ်သန်းပေါင်း ၈,ဝဝဝ တန်ဖိုးရှိ မူးယစ်ဆေးပြားပေါင်း
၁၉ သန်းကျော်နှင့် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်တွင်လည်း မူးယစ်ဆေးပြား ပေါင်း
၁၄ ဒဿမ ၉ ကို အများဆုံး စံချိန်တင် ဖမ်းဆီးရမိခဲ့သည်။

ပြီးခဲ့သည့်နှစ်အတွင်း ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးတို့တွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး
အမှုပေါင်း ၈,၈ဝဝ ရှိခဲ့ပြီး မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ၏ မီးရှို့ဖျက်ဆီးမှု
တန်ဖိုးမှာ ကျပ်သန်း ပေါင်း ၆၆,ဝဝဝ ကျော်ရှိခဲ့ပြီး ယခုလ ၂၆ ရက်က မီးရှို့ဖျက်ဆီးခဲ့သည့်
မူးယစ်ဆေးဝါး တန်ဖိုးမှာ ကျပ်သန်းပေါင်း ၅၂၃, ၆၉၈ သန်းရှိသည်။

ရန်ကုန်တွင် ကျင်းပခဲ့သည့် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲ (အပေါ်)၊ 'ဝ' ပြည် သွေးစည်း ညီညွတ်ရေးပါတီထိန်းချုပ်ရာနယ်မြေတွင် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခဲ့သည်။ (အလယ်နှင့် အောက်ပုံ)  ဓာတ်ပုံ - အေအက်ဖ်ပီ

မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းနှင့် ဘိန်းစိုက်ပျိုးခြင်းတို့ကို ဆန့်ကျင်တိုက်
ဖျက်ရန် ၂ဝ၁၄ ခုနှစ်က ကချင်ပြည်နယ်တွင် ခရစ်ယာန်ဘာသာရေးအဖွဲ့အစည်းများစုစည်းဖွဲ့စည်းခဲ့သော
ပတ်ဂျာဆန်အဖွဲ့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်မည်ကြောင်း
ယခုလ ၂၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

''မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်းကို ဆန့်ကျင်တိုက်ဖျက်ခြင်းသည်
ကျွန်ုပ်တို့၏ အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်သည်''ဟု အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။

ပတ်ဂျာဆန်အဖွဲ့၏ ထုတ်ပြန်ချက်အရ အဖွဲ့ စတင်တည်ထောင်သည့် ၂ဝ၁၄ ခုနှစ်မှ ယနေ့ထိ ဘိန်းဖြတ်
စခန်းများတွင် ဘိန်းနှင့် ဆေးစွဲသူ ရ,၃ဝဝ ကျော်ကို ဆေးပြတ်အောင် ကုသနိုင်ခဲ့ကြောင်းနှင့်
ဘိန်းခင်းဧက ၆,ဝဝဝ ကျော်ကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်းသိရသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းကို ဝပြည်သွေးစည်းညီညွတ်ရေးပါတီနှင့်
တအာင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ရာ နယ်မြေများတွင်လည်း ကျင်းပခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး