မြန်မာနိုင်ငံဟာ ၁၉၉၇ ခုနှစ်မှာ အာဆီယံအဖွဲ့ဝင်ဖြစ်လာပြီးနောက်ပိုင်း ၂ဝ၁၄ ခုနှစ်တွင် အာဆီယံ
အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ်မှာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တယ်လို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံး
ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်တဲ့ မစ္စတာ A.K.P Mochtan က ပြောပါတယ်။
၄င်းကို မြန်မာတိုင်း(မ်)သတင်းထောက်ချုပ် အိအိတိုးလွင်က ယခုလ ၁၉ ရက်က ရန်ကုန်မြို့မှာ
သီးသန့်တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။
ဒီတစ်ခေါက် မြန်မာနိုင်ငံကိုလာရောက်ရတဲ့ရည်ရွယ်ချက်ကိုပြောပြပေးပါ။
အဓိကရည်ရွယ်ချက်ကတော့ ရာသီဥတုပြောင်းလဲမှုမှာ အာဆီယံရဲ့ အခန်းကဏ္ဍရယ် နိုင်ငံတကာ
နိုင်ငံရေးအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးပွဲကိုတက်ရောက်ဖို့ ဖြစ်ပါတယ်။
နောက်ပြီးရန်ကုန်မြို့မှာရှိတဲ့ ၂ဝ၁၄ ခုနှစ် မြန်မာနိုင်ငံအာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်က
တည်ထောင်ခဲ့တဲ့ Institute for GreenEconomy (AICE) ကိုလည်း သွားရောက်
လည်ပတ်ပြီး Institute ရဲ့ တိုးတက်မှု အခြေအနေကို ကြည့်ရှုမှာဖြစ်ပါတယ်။
အာဆီယံက အခုနှစ်မှာ နှစ် ၅ဝ ပြည့် နှစ်ပတ်လည်ပွဲကို ဆင်နွှဲနေပါတယ်။ လာမယ့် ဆယ်စုနှစ်
တစ်ခု ဒါမှမဟုတ်နှစ်ခုအတွင်း အာဆီယံက ကြံုတွေ့ရင်ဆိုင်ရမယ့် အကြီးမားဆုံး အခက်အခဲ
သုံးခုကို ပြောပြပေးပါ။
အခက်အခဲ နှစ်ခုတွေ့ပါတယ်။ တစ်ခုက အာဆီယံ အသိုက်အဝန်းတည်ဆောက်တာဖြစ်တယ်။
တကယ်တမ်းမှာ အခက်အခဲသုံးခုကို ကျွန်တော်တို့ ကိုင်တွယ်ဖြေရှင်းနေတာဖြစ်ပါတယ်။ ပထမက
လူထု၊ ဒုတိယတစ်ခုကလည်း လူထုဖြစ်ပြီး နောက်ဆုံးတစ်ခုကလည်း လူထုပါပဲ။ အဓိပ္ပာယ်ကတော့
အာဆီယံက ပြည်သူကိုဇောင်းပေးထားတဲ့အဖွဲ့ဖြစ်ပါတယ်။ လူထုကို ဗဟိုပြုတာဖြစ်တယ်။ အာဆီယံဟာ
အခွင့်အလမ်း အသိုက်အဝန်းဖြစ်ပါတယ်။ ဒါဟာ အသိုက်အဝန်းတည်ဆောက်မှု အခက်အခဲတွေထဲက
တစ်ခုဖြစ်ပါတယ်။
နောက် အခက်အခဲတစ်ခုက အာဆီယံအဖွဲ့အစည်းမှာ အခက်အခဲသုံးမျိုးရှိလာမှာဖြစ်ပြီး၊ အဲဒီအခက်အခဲ
သုံးမျိုးကို ကျွန်တော်က စီသုံးလုံးလို့ပြောချင်ပါတယ်။ ပထမစီကအာဆီယံအဖွဲ့ကြီး ထိထိရောက်ရောက်
ညီညွတ်ပေါင်းစည်းမှု "Cohesiveness" ဖြစ်ပါတယ်။ ဒုတိယစီက "Centrality" ဘုံတူညီမှု
ဖြစ်ပြီး တတိယစီက "Connectivity" ချိတ်ဆက်မှု ဖြစ်ပါတယ်။ ဒါဟာ အာဆီယံအဖွဲ့
ကြီးရဲ့ စီသုံးလုံးဖြစ်ပါတယ်။ တစ်ခုတည်းသောအသံ အာဆီယံ ဖြစ်နေရပါမယ်။ ဘုံတူညီမှုကတော့
အာဆီယံက ခေါင်းဆောင်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ရပါမယ်။ နောက်ပြီး ချိတ်ဆက်မှုဖြစ်ပါတယ်။
ချိတ်ဆက်မှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာ မဟာစီမံကိန်း တစ်ခုရှိပါတယ်။ အဲဒါဟာ ရုပ်ပိုင်းဆိုင်ရာ
ချိတ်ဆက်မှု၊ အဖွဲ့အစည်းဆိုင်ရာ ချိတ်ဆက်မှု၊ လူထုအချင်းချင်းချိတ်ဆက်မှုတွေပဲ ဖြစ်ပါတယ်။ အာဆီယံ
အဖွဲ့ကြီးက ကြီးမားတဲ့အလျောက် ဒီလိုအခက်အခဲတွေနဲ့ ကြံုတွေ့ရမှာဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ
ချိတ်ဆက်မှုမှာ အခြေခံအဆောက်အအုံတွေ၊ လမ်းပန်း ဆက်သွယ်မှုတွေ၊ ကုန်းပိုင်းဆက်နွှယ်မှုတွေ၊
မီးရထားလမ်းဆက်သွယ်မှုတွေနဲ့ လေကြောင်း၊ ရေကြောင်း ဆက်သွယ်မှုတွေ အကြောင်းပြောရပါမယ်။
ဒါကြောင့် ဒါတွေဟာ အာဆီယံအဖွဲ့ကြီးအတွက် အလွန်အရေး ကြီးတဲ့အရာတွေဖြစ်ပြီး ကျွန်တော်တို့မှာ
ရှိတဲ့ ရင်းမြစ်တွေကို ဘယ်လောက်ထိ ရယူသုံးစွဲနိုင်သလဲဆိုတာနဲ့ ဆက်စပ်နေပါတယ်။
အခုဆို အာဆီယံအသိုက်အဝန်းက ဒုတိယနှစ်ထဲရောက်လာပါပြီ။ အာဆီယံအသိုက်
အဝန်းဆိုင်ရာ ဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီး လူကြီးမင်းရဲ့ ထင်မြင်အကဲဖြတ်ချက်ကို
သိချင်ပါတယ်။
လမ်းကြောင်းမှန်ပေါ်မှာ ကျွန်တော်တို့ ရောက်နေတာပါ။ ASEAN Vision 2025 ကြောင့် အောင်မြင်ဖို့
မျှော်မှန်းထားတဲ့ အစီအစဉ် ကျွန်တော်တို့မှာ ရှိပါတယ်။ ဒုတိယနှစ်ထဲမှာလည်း ဆက်ပြီး တိုးတက်နေ
ဆဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒါက ကျွန်တော်တို့လိုချင်တဲ့ အောင်မြင်မှုရဲ့ ၂ဝ ရာခိုင်နှုန်းလောက်ပဲ ရှိပါ
သေးတယ်။ ဘာကြောင့်လဲဆိုတော့ လုပ်ငန်းအများအပြားက အခန်းကဏ္ဍတွေမှာ ပါဝင်နေပါတယ်။
အခန်းကဏ္ဍကလည်း အမျိုးမျိုးရှိပါတယ်။ ဥပမာ ရာသီဥတုပြောင်းလဲမှုအခန်းကဏ္ဍလိုပေါ့။
ရာသီဥတုပြောင်းလဲမှုကစီးပွားရေးကိစ္စလည်း ဖြစ်နိုင်တယ်၊ နိုင်ငံရေးကိစ္စလည်း ဖြစ်နိုင်တယ်၊
လူမှုရေးနဲ့ယဉ်ကျေးမှုကိစ္စလည်းဖြစ်နိုင်ပါတယ်။ ဒါဆိုကျွန်တော်တို့ ဘယ်လို ညှိနှိုင်းဆောင်ရွက်ကြမလဲ။
ဒါဟာ အလွန်အရေးကြီးပါတယ်။ကျွန်တော်တို့ဟာ လမ်းကြောင်းပေါ်မှာရောက်နေတာဖြစ်ပြီး ပြန်လည်
သုံးသပ်ရမယ့်လုပ်ငန်းဆောင်တာတွေလည်း ကျွန်တော်တို့မှာ ရှိပါတယ်။ ရည်မှန်းချက်ကို ပြည့်မီအောင်
လုပ်ဖို့ ဘာတွေခိုင်မာအောင်လုပ်ဖို့လိုသလဲ၊ ဘာတွေ ညှိနှိုင်းဖို့ လိုသလဲဆိုတာအခုနှစ်အကုန်လောက်မှာ
ကျွန်တော်တို့ ပြောနိုင်ပါလိမ့်မယ်။
မြန်မာနိုင်ငံက အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အနေအထားကိုလည်း ပြောပြပေးပါ။
မြန်မာနိုင်ငံက ၂ဝ၁၄ ခုနှစ်တုန်းက ဥက္ကဋ္ဌနေရာအဖြစ် တာဝန်ယူခဲ့တယ်။ မြန်မာနိုင်ငံအတွက် ၁၇
နှစ်ကျော်အပြီးမှာ ဥက္ကဋ္ဌနေရာအဖြစ် တာဝန်ယူတာပထမဦးဆုံးပဲ။အဲဒီနှစ်က အလွန်
အရေးကြီးတဲ့နှစ်လည်း ဖြစ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ၂ဝ၁၅ အာဆီယံအသိုက်အဝန်းနှစ်ဖြစ်
နေလို့ပဲ။ အာဆီယံကမြန်မာနိုင်ငံရဲ့ ခေါင်းဆောင်မှု အောက်မှာဖြစ်သွားတယ်။ နောက်ပြီး
အာဆီယံကလည်း လိုအပ်ချက်တွေကို အာဆီယံအသိုက်အဝန်းရဲ့ ပြင်ဆင်မှုအောက်မှာ
လုပ်ဆောင်လိုက်တယ်။ ကျွန်တော့်အမြင်အရဆိုရင် မြန်မာနိုင်ငံက လုပ်နိုင်စွမ်းတွေ အခု
ရှိနေပြီလို့ ထင်ပါတယ်။ အာဆီယံအတွက်လည်း ဥက္ကဋ္ဌကောင်းဖြစ်တယ်။ အခုကာလမှာတော့
မြန်မာနိုင်ငံက ဒီမိုကရေစီကူးပြောင်းရေးလုပ်နေပြီး အများစုက နေရာကျနေပါပြီ။ ကျွန်တော်တို့
မြန်မာနိုင်ငံကို အားပေးနေမှာပါ။ ကျွန်တော့်အထင်မှာတော့ မြန်မာနိုင်ငံက အများကြီးလုပ်နိုင်စွမ်း
ရှိတဲ့နိုင်ငံဖြစ်သလို အာဆီယံမှာ အရေးပါသောနိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။
အာဆီယံအဖွဲ့ဝင် နိုင်ငံတွေမှာ မြန်မာနိုင်ငံက ရွှေ့ပြောင်း အလုပ်လုပ်နေသူတွေ အများကြီး
ရှိကြတယ်။ ဒီလို ရွှေ့ပြောင်းအလုပ်သမားတွေကို ကာကွယ်ပေးမှုတွေလုပ်ဆောင်ပေးနိုင်
ဖို့အတွက် အာဆီယံက ဘယ်လိုစီမံချက်တွေ ချမှတ်ထားတာရှိပါသလဲ။
ရွှေ့ပြောင်းလုပ်သားတွေကို ကာကွယ်တာတွေနဲ့ပတ်သက်ပြီးတော့ အာဆီယံအဖွဲ့ဝင်တွေက
ဆွေးနွေးမှုတွေ လုပ်နေတာကြာပါပြီ။ အဲဒီလိုလုပ်ဖို့အတွက် အာဆီယံနိုင်ငံခေါင်းဆောင်တွေက
၂ဝဝ၇ ခုနှစ်တုန်းကကြေညာခဲ့တာဖြစ်တယ်။ ဆွေးနွေးမှုတွေလည်း လုပ်နေဆဲပါ။ ဒီနှစ်
နိုဝင်ဘာလမှာကျင်းပမယ့် ၃၁ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ အဖြေရဖို့
မျှော်လင့်ပါတယ်။ ဆွေးနွေးဖို့လည်း အဆင်သင့်ဖြစ်နေပါပြီ။
အာဆီယံ ပဋိညာဉ်စာတမ်း ပြန်လည်သုံးသပ်ဖို့နဲ့ ပတ်သက်ပြီး အခုအချိန်မှာ ဘယ်လို
ဆွေးနွေးမှုတွေများ လုပ်နေပါသလဲ။
အတိအကျပြောရမယ်ဆိုရင်တော့ ပြန်လည်သုံးသပ်မှု ဆိုတာက အချက်အလက်တွေကို
နောက်ဆုံးဖြစ်နေတဲ့အခြေအနေတွေနဲ့အညီမွမ်းမံတာဖြစ်ပါတယ်။ ဥပမာ လက်ရှိပဋိညာဉ်
စာတမ်းမှာ အာဆီယံအစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် ထူထောင်မယ်လို့ ရေးထား
ပါတယ်။ အဲဒီ မူဘောင်ပေါ်ပြီးနောက်ပိုင်း ၂ဝဝ၉ မှာ ဒီကော်မရှင်ကို ထူထောင်ဖြစ်ခဲ့တယ်။
ဒါက အမှန်တကယ် လက်ရှိအခြေအနေပါပဲ။ အဲဒီမှာ ပြဋ္ဌာန်းထားတဲ့ အချက်အလက်တွေထဲက
အဓိက ပြင်ဆင်မယ့်အချက် နှစ်ခုရှိတယ်။ ပထမတစ်ခုကကဏ္ဍအလိုက် အဓိကဖြစ်တဲ့ အပိုင်းတွေနဲ့
အာဆီယံနဲ့ဆက်နွှယ်နေတဲ့ အဖွဲ့အစည်းဆိုင်ရာ ကိစ္စတွေပဲ ဖြစ်ပါတယ်။ အာဆီယံနဲ့ဆက်နွှယ်နေတဲ့
အဖွဲ့စည်းတွေမှာဆို အဖွဲ့အစည်းတွေ အများစုထည့်တားပါတယ်။ အာဆီယံတရားသူကြီးချုပ်များ
ကောင်စီလိုမျိုးပေါ့။ ဒါတွေကို ပဋိညာဉ်စာတမ်းရဲ့ နောက်ဆက်တွဲအနေနဲ့ ထည့်ချင်တယ်။
ပဋိညာဉ်စာတမ်းကိုလည်း ဖြည့်စွက်မှု အသစ်တွေ ရှိလာမှာပါ။
မြန်မာနိုင်ငံက ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို
ပြီးခဲ့တဲ့နှစ်က ခေါ်ယူ ရှင်းပြတာမျိုးတွေရှိခဲ့တယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့
အာဆီယံနိုင်ငံတွေဘက်က မြန်မာနိုင်ငံအပေါ်ကို ဘယ်လိုမျိုးတုံ့ပြန်ချင်ပါလဲ။
ဘယ်လိုနည်းလမ်းတွေနဲ့ အာဆီယံက မြန်မာနိုင်ငံကို ပံ့ပိုးကူညီပေးနိုင်မယ်လို့ ထင်လဲ။
တကယ်တော့ မြန်မာနိုင်ငံဘက်က ပထမဦးဆုံး လုပ်ရမှက ဘာတွေဖြစ်နေတယ်ဆိုတာ အဖွဲ့ဝင်
နိုင်ငံတွေကို အသိပေးဖို့ပါ။ ပြီးတော့ဖြစ်ပျက်နေတဲ့ နောက်ဆုံးအခြေနေတွေကို ရှင်းပြရပါမယ်။
အာဆီယံနိုင်ငံတွေအနေနဲ့ကလည်း ကူညီဖို့ စိတ်ဆန္ဒတွေရှိပါတယ်။ အခုမေးခွန်းကလည်း မြန်မာနိုင်ငံက
လိုအပ်နေတဲ့အချိန်မှာ အာဆီယံရဲ့ အထောက်အပံ့က အကျိုးရှိပါ့မလားလို့ ဖြစ်နေပါတယ်။
နောက်ပြီးတော့ တခြားနိုင်ငံတွေအတွက် နောက်ဆုံးသတင်းတွေကို သိခွင့်ရဖို့ဆိုတာကလည်း
မြန်မာနိုင်ငံအပေါ်မှာ အများကြီးမူတည်နေပါတယ်။ ကျွန်တော်ယုံကြည်တာကတော့ အာဆီယံ
အဖွဲ့ဝင်နိုင်ငံတွေက လိုအပ်တာတွေကို ထောက်ပ့ံပို့ အဆင်သင့်ဖြစ်နေမယ် ဆိုတာပါပဲ။
အာဆီယံအနေနဲ့ တရုတ်နိုင်ငံအပေါ် ပျော့ပျောင်းပြီး တစ်ခါတစ်ရံ အမေရိကန်ဘက်ကို
ဘက်လိုက် တယ်လို့ ဝေဖန်သူတွေက ပြောနေပါတယ်။ အာဆီယံအနေနဲ့ အဓိက
အင်အားကြီးနှစ်နိုင်ငံအကြား ချီးကျူးထိုက်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်တယ်
လို့ တွေးမိလား။
ဆက်ဆံရေးဆို တစ်ဖက်ကိုပျော့ပျောင်းပြီး တစ်ဖက်ကို ပြင်းထန်လို့ မရပါဘူး။ အာဆီယံနိုင်ငံချင်း
ဆက်ဆံမှုတွေလည်း ပါဝင်ပါတယ်။ အာဆီယံမှာ အပြန်အလှန်ဆွေးနွေးမယ့် မိတ်ဖက်နိုင်ငံတွေ
ရှိပါတယ်။ သူတို့အားလုံးနဲ့ အာဆီယံက အရမ်းနီးကပ်တဲ့ ပတ်သက်စပ်ဆက်မှုတွေရှိပါတယ်။
အာဆီယံက တရုတ်နိုင်ငံအပေါ် ပျော့ပျောင်းဖို့ မနှစ်မြို့သလို အမေရိကန်ဘက်ကိုလည်း တင်းမာဖို့
မလိုပါဘူး။
အာဆီယံအဖွဲ့အစည်းရဲ့ လုပ်ဆောင်ချက်တွေကို မီဒီယာကတစ်ဆင့် လူတွေ ဒီထက်
ပိုသိလာဖို့ ဘယ်လိုဆောင်ရွက်သွားဖို့ရည်မှန်းထားလဲ။
ကျွန်တော်တို့ သတိပြုရမှာကတော့ အခုခေတ်က ဒစ်ဂျစ်တယ်ခေတ်၊ ဆိုရှယ်မီဒီယာခေတ်
ဖြစ်တာကြောင့် သတင်းတွေက အရမ်းကိုမြန်ဆန်ပါတယ်။ ဒါပေမဲ့ ဒီသတင်းအရင်းမြစ်က
ဘယ်ကလာလဲဆိုတာ မသိပါဘူး။ ဒါ့ကြောင့် မီဒီယာဆိုတာ လူထုက သတင်းတွေကို ယုံကြည်စေ
ရမယ့် တိကျတဲ့ သတင်း အရင်းအမြစ်တွေရှိနေရမယ်။
ကျွန်တော်က ဂျာနယ်လစ်တွေကို အမြဲယုံကြည်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့က
သတင်းတွေကို စစ်ဆေးတယ်၊ အကြောင်းအရာ အချက်အလက်တွေကိုလည်း ပြန်လည်စစ်ဆေးလို့
ဖြစ်ပါတယ်။ ဒါကမီဒီယာရဲ့ ကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။ ဒါမှလည်း ယုံကြည်ရပြီး တိကျတဲ့ အသင်း
အချက်အလက်တွေကို ဖြစ်စေမှာပါ။
ဒုတိယအချက်အနေနဲ့ သတင်းတွေကအလွန်မြန်ဆန်တယ်လို့ ကျွန်တော်ပြောခဲ့သလိုပဲခု
ကျွန်တော်တို့ အာဆီယံအစည်းအဝေးကို ဒီမှာလုပ်မယ်။ ဒါကသတင်းပဲ။ ပြည်သူတွေ
ကလည်း ဒီသတင်းတွေကို လိုက်ဖတ်မယ်။ ဒီမှာ ကျွန်တော်မီဒီယာတွေဆီက
မျှော်လင့်တာက သတင်းအကြောင်းအရာတွေ ြဖစ်တယ်။
ဒါကအရေးကြီးတယ်၊ ဘာကြောင့်လဲဆိုတော့ အစောပိုင်းက ကျွန်တော်ပြောခဲ့တဲ့အတိုင်း အာဆီယံ
အတွက် စိန်ခေါ်မှုက လူထု ပူးပေါင်းပါဝင်မှုပါ။ ကျွန်တော်တို့က သတင်းတွေကိုသာမက အောင်မြင်မှု
အကြောင်းအရာတွေကိုပါ မျှဝေပေးလို့ ရပါတယ်။ ကျွန်တော်က မြန်မာနိုင်ငံရဲ့ အသေးစား
လုပ်ငန်းတွေအကြောင်း သိချင်မယ်။ ဒါပေမဲ့ ဒါတွေက ရန်ကုန်မှာ ရှိတာလား၊ ပြီးတော့ ပုဂံမှာ
ရှိတာလား၊ မန္တလေးမှာ ရှိတာလား။ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအခြေနေက ဘယ်လိုရှိတာလဲ။
ဥပမာအနေနဲ့ ပညာရေးအတွက် အာဆီယံရဲ့ တရားဝင်ထုတ်ပြန်ကြေညာချက်က ဘာဖြစ်မလဲ
ဆိုတာတွေပေါ့။ ဒါဆို မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်ရှိ ကျောင်းတွေအတွက် အကျိုးရှိပါတယ်။
ဒါကလည်း ကျွန်တော် မီဒီယာတွေဆီက လိုချင်တဲ့ ဒုတိယအချက်ပဲဖြစ်ပါတယ်။
တတိယအချက်အနေနဲ့ အစည်းအဝေးတွေနဲ့ ဆွေးနွေးပွဲတွေမှာ အာဆီယံရဲ့ တရားဝင်
ဘာသာစကားကို အင်္ဂလိပ်ပဲ ဖြစ်စေချင်ပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ရဲ့
အဖွဲ့ဝင်နိုင်ငံတွေမှာ မိခင်ဘာသာစကားတွေပဲ သုံးတာများတယ်။ ဒါကြောင့်မို့
မီဒီယာအနေနဲ့ အာဆီယံအကြောင်းကို သက်ဆိုင်ရာမိခင်ဘာသာစကားတွေနဲ့
ဘယ်လိုဖြန့်ဝေပေးမလဲဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ နောက်ဆုံး တစ်ချက်ကတော့ဆိုရှယ်မီဒီယာတွေကို သတင်းပလက်ဖောင်းတစ်ခုလို့
အသုံးချဖို့ လိုတယ်။ ဒါပေမဲ့ မှန်ကန်တိကျဖို့တော့ လိုအပ်တယ်။ အခုဆို စမတ်ဖုန်းတွေကလည်း
အလွန့်အလွန် အင်အားကြီးတဲ့ ကိရိယာတစ်ခုဖြစ်လာပါတယ်။ လူအများစုကတော့ လက်ကိုင်ဖုန်း
တွေကနေ သတင်းတွေကို ကြည့်နေကြတာပါပဲ။ ဒါဆိုရင် ကျွန်တော်တို့ဒစ်ဂျစ်တယ်ခေတ်ရဲ့
လူ့အဖွဲ့အစည်းနဲ့ ပတ်သက်ပြီး သတင်းပလက်ဖောင်းကို ဘယ်လိုအကျိုးရှိစွာ အသုံးချမလဲ။
ကျွန်တော်တို့အာဆီယံအကြောင်း သတင်းတွေကို ဘယ်လိုပြန်လည်ဖြန့်ဝေပေးမလဲ။ ဥပမာ
အဆင့်မြင့်ပညာရေးကဘာလဲ၊ အာဆီယံတက္ကသိုလ်ကွန်ရက်ဆိုတာ ဘာလဲ၊ အဲဒီကနေ ဘယ်လို
အခွင့်အရေးတွေ ရနိုင်မလဲ။ ဒီလိုမျိုး သတင်းအချက်အလက်တွေ မျှဝေဖို့ လိုပါတယ်။ ဒါကတော့
ကျွန်တော့်ရဲ့ ဒစ်ဂျစ်တယ်လူမှုမီဒီယာပလက်ဖောင်းကို အနာဂတ်မှာဘယ်လိုအကျိုးရှိရှိ အသုံးချမလဲ
ဆိုတာကို တွေးတောစေနိုင်ဖို့ပါပဲ။ အာဆီယံနဲ့ ပတ်သက်ပြီး မီဒီယာကို မြှင့်တင်ဖို့ ကျွန်တော့်ရဲ့
မျှော်လင့်ချက်ကဘာလဲ ဆိုတာတော့ မေးခွန်းမထုတ်ပါနဲ့။
ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့ နောက်ဆုံးမေးခွန်းကတော့
ဒီအဖွဲ့အစည်းကနေ ထွက်ခွာမယ့် အာဆီယံအဖွဲ့ဝင်များ ရှိပါသလား။
မရှိပါဘူး။ လုံးဝမရှိပါဘူး။ ဝင်းသော်တာ၊ ကျော်စိုးထက်၊ ခိုင်သဇင်ဟန် ဘာသာပြန်သည်။
















