ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ကြီးကြပ်ရေးသည် ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာန၏ တာဝန်မဟုတ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက
ဇွန် ၂၇ ရက်တွင် ပြောကြားသည်။
အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)၏ ကိုယ်စားလှယ်
ဒေါက်တာစန်းမောင်မောင် တင်သွင်းသည့် "မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း
သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေကို ရေးဆွဲပြဋ္ဌာန်းပြီးသော်လည်း ပြည်သူများလိုက်နာကျင့်သုံးမှုနှင့်
အာဏာပိုင်များဘက်မှ ကြီးကြပ်မှုမရှိသလောက် အားနည်းနေခြင်းအပေါ် ပြည်ထောင်စုအစိုးရမှ
ကိုယ်တွယ်ဖြေရှင်းပေးရန် တိုက်တွန်းကြောင်း" အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၂၂ ဦးက
ဆွေးနွေး ကြပြီးနောက် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
"အာဏာပိုင်များဘက်မှ ကြီးကြပ်အရေးယူမှု မရှိသလောက် နည်းပါးခြင်းဆိုတဲ့ အချက်က
ကျွန်တော်တို့ရဲ့ တာဝန်ရှိမှု သိပ်မရှိပါဘူး။ ဥပဒေရေးရာ၊ တရားရေးရာနဲ့ အုပ်ချုပ်ရေး အဖွဲ့များနဲ့သာ
သက်ဆိုင်ပါတယ်" ဟု ဒေါက်တာမြင့်ထွေးက ပြောသည်။
ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုအပေါ် ထိန်းချုပ်ရေးကို ကိုင်တွယ်ရာတွင်
၀န်ကြီးဌာနသည် အခြေအနေ အသေးစိပ်ကို ပြန်လည်ဆန်းစစ်ခြင်း ပြုလုပ်ရသည်ဟု
၎င်းက ပြောသည်။
"ဒီပြဿနာဖြစ်စေတဲ့ အချက်တွေကို ကျွန်တော်တို့က အတိအကျရှာဖွေဖော်ထုတ်ပြီး အရေးကြီးတဲ့
ဇာစ်မြစ်ကို ကိုင်တွယ်မှသာလျှင် ဆေးလိပ်မသောက်ခြင်းနဲ့ ဆေးရွက်ကြီးထွက်ပစ္စည်းများကို
သောက်သုံးမှု နည်းပါးစေတာတို့ ဖြစ်မယ်" ဟု ဒေါက်တာမြင့်ထွေးက ပြောသည်။
မိတ်ဖက်အဖွဲ့အစည်းများ၊ ကျောင်းဆရာ၊ ဆရာမများ၊ ဈေးသူ၊ ဈေးသားများနှင့် လူမှုအဖွဲ့အစည်းများနှင့်
ပူးပေါင်းပြီး မဟာဗျူဟာ၊ နည်းဗျူဟာများချမှတ်ဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်းလည်း
၎င်းက ဆိုသည်။
"ပြည်သူတွေရဲ့ ကျန်းမာရေးအသိပညာ မြင့်မယ်ဆိုလို့ရှိရင် ဒီကိစ္စက တဖြည်းဖြည်းချင်း
လျော့သွားမှာပါ။ ပြည်သူတို့ရဲ့ ကျန်းမာရေးအသိပညာမြင့်မှသာ ဒီကိစ္စက လျော့သွားမယ်" ဟု
ဒေါက်တာမြင့်ထွေးက ပြောသည်။
ဒေါက်တာစန်းမောင်မောင် တင်သွင်းသည့် အဆိုနှင့် ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမြင့်ထွေးက လွှတ်တော်တွင် မှတ်တမ်းအဖြစ်သာ ထားရှိရန် တင်ပြခဲ့သော်လည်း
စက်ခလုပ်အသုံးပြု၍ မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံဆန္ဒမဲများသည့်အတွက် အဆိုကို
လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
















