အရေပြားအောက် ထည့်သွင်းရသည့် သန္ဓေတားဆေးအသစ် စတင်မိတ်ဆက်

အရေပြားအောက် ထည့်သွင်းရသည့် သန္ဓေတားဆေးအသစ် စတင်မိတ်ဆက်

ကိုယ်တိုင်ထိုးသွင်း အသုံးပြုနိုင်သော အရေပြားအောက်ထိုးသည့် သန္ဓေတားဆေးကို ဇွန် ၂၇ ရက်က
စတင်မိတ်ဆက်ခဲ့ပြီး အမျိုးသမီးများ ကိုယ်တိုင်အသုံးပြုတတ်စေရန် ကျန်းမာရေး ၀န်ထမ်းများက
လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့(UNFPA) က
သတင်းထုတ်ပြန်သည်။

ပထမအဆင့်အနေဖြင့် မြို့နယ် ၆၀ မှ သားဖွားဆရာမ ၃,၀၀၀ ဦးကို အဆိုပါသန္ဓေတားဆေး
အသုံးပြုနည်းကို သင်တန်ပေးသွားမည်ဖြစ်ကာ သန္ဓေတားဆေး အသုံးပြုမည့် အမျိုးသမီးများအတွက်
လိုအပ်သည့် အကူအညီများပေးနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်သည်။

အဆိုပါစီမံချက်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ကုသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့မှ
ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ၂၀၁၇-၁၈ ခုနှစ်အတွင်း အမျိုးသမီး ၂၀၀,၀၀၀ ကျော်ကို လွှမ်းခြံု
ပေးနိုင်ရန် ရည်မှန်းထားသည်ဟု UNFPA ထုတ်ပြန်ထားသည်။

စီမံချက်အတွက် အမေရိကန်ဒေါ်လာ တစ်သန်းကျော် ကူညီထောက်ပံ့ သွားမည်ဖြစ်ကာ
သန္ဓေတားဆေးကို ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနမှ သင်တန်းရယူထားသည့်
ရပ်ရွာအခြေစိုက် အရန်သားဖွားဆရာမများမှ တစ်ဆင့် အခမဲ့ရရှိနိုင်ရန် စီစဉ်ထားပြီး အစိုးရက
ထိန်းချုပ်မထားသော ဒေသများရှိ အမျိုးသမီးများနှင့် အိုးအိမ်စွန့်ခွာလာရသော အမျိုးသမီးများအတွက်
လက်လှမ်းမီနိုင်ရန် ဒေသခံကျန်းမာရေး အဖွဲ့အစည်းများ၊ Marie Stopes International၊
Population Services International စသည့် အဖွဲ့အစည်းများနှင့် အခြားသော အစိုးရမဟုတ်သော
အဖွဲ့အစည်းများ၏ အကူအညီဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

အရေပြားအောက် ထိုးသွင်းအသုံးပြုသည့် အဆိုပါသန္ဓေတားဆေးသည် သုံးလခံတားဆေးဖြစ်ပြီး
အမှန်တကယ် လိုအပ်နေသည့် ဝေးလံခေါင်ဖျား ဒေသနှင့် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင်
နေထိုင်သော အမျိုးသမီးများ၊ ချင်း၊ ကချင်၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့ရှိ အိုးအိမ်စွန့်ခွာ
ရှောင်တိမ်းနေထိုင်ကြသည့် အမျိုးသမီးများ လက်လှမ်းမီ ရရှိစေရန် ဦးတည်ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း UNFPA က ထုတ်ပြန်သည်။

အဆိုပါ အရေပြားအောက်ထိုးသည့် သန္ဓေတားနည်းလမ်းသည် အမျိုးသမီးများ ကိုယ်တိုင်
မိမိအိမ်တွင်ပင် လက်မောင်း၊ သို့မဟုတ် ပေါင်အရှေ့ဘက်၊ သို့မဟုတ် ၀မ်းဗိုက်အတွင်း ထိုးသွင်းကာ
အသုံးပြုနိုင်မည်ဖြစ်သည်။

ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့၏ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် မစ္စဂျဲနက်ဂျက်ဆင်က
"အရေပြားအောက် ထိုးသွင်းနိုင်တဲ့ သန္ဓေတားဆေးတွေကြောင့် မြန်မာအမျိုးသမီးတွေအတွက်
ရင်သွေးတွေကို ဘယ်အချိန်မှာ ဘယ်လောက်အရေအတွက်အထိ ရယူမယ်ဆိုတာမျိုးလို
ကိုယ်နဲ့ သက်ဆိုင်တဲ့ အရေးကိစ္စတွေမှာ ကိုယ်တိုင်ဆုံးဖြတ်လုပ်ဆောင်နိုင်ကြတော့မှာ
ဖြစ်ပါတယ်"ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားထားသည်။

အဆိုပါသန္ဓေတားခြင်း နည်းလမ်းဖြင့် ဆန္ဒမရှိဘဲ ကိုယ်ဝန်ဆောင်ရခြင်းကို ရှောင်ရှားစေနိုင်ခြင်း၊
မိမိလိုချင်သည့်အချိန်တွင် ရင်သွေးရယူစေနိုင်ခြင်းအားဖြင့် မြန်မာနိုင်ငံမိသားစု စီမံကိန်းကို
တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရန်ရည်ရွယ်သည်ဟု ဆိုသည်။

မိသားစု စီမံကိန်းချမှတ် ဆောင်ရွက်ခြင်းသည် အန္တရာယ်ရှိသည့် ကိုယ်ဝန်ဆောင်မိခင် သေဆုံးနှုန်း
ကိုလည်း လျှော့ချပေးနိုင်မည်ဖြစ်ကာ ၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်ထောင်စု အကြောင်းအရာဆိုင်ရာ
သန်းခေါင်စာရင်းကို အခြေခံထုတ်ပြန်သည့် စစ်တမ်းအရ နှစ်စဉ် မြန်မာအမျိုးသမီး ၂,၈၀၀ သည်
ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေးမွေးဖွားစဉ် ကိုယ်ဝန်ဖျက်ချခြင်းကြောင့် အပါအဝင် အခြားသော
အကြောင်းအမျိုးမျိုးကြောင့် သေဆုံးနေရသည်။

မြန်မာနိုင်ငံတွင် ကိုယ်ဝန်ဆောင်စဉ် အမျိုးသမီးများ သေဆုံးရခြင်း အကြောင်းရင်းများအနက်
ကိုယ်ဝန် ဖျက်ချခြင်းသည် တတိယသေဆုံးမှု အများဆုံးသော အကြောင်းအရာ ဖြစ်နေပြီး
အမျိုးသမီး ခြောက်ဦးတွင် တစ်ဦးက သန္ဓေတားလိုပြီး သန္ဓေတားခြင်း နည်းလမ်းများကို
လက်လှမ်း မမီသောကြောင့် မလိုလားသည့် ကိုယ်ဝန်ဆောင်ရခြင်းများ ကြံုတွေ့နေရသည်ဟု
UNFPA ၏ ထုတ်ပြန်ချက်က ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး