UNFC ဥက္ကဋ္ဌအဖြစ် မွန်ပြည်သစ်ပါတီမှ ဦးနိုင်ဟံသာကို ရွေးချယ်

UNFC ဥက္ကဋ္ဌအဖြစ် မွန်ပြည်သစ်ပါတီမှ ဦးနိုင်ဟံသာကို ရွေးချယ်

ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ဥက္ကဋ္ဌသစ်အဖြစ် မွန်ပြည်သစ်
ပါတီ ဒုတိယခေါင်းဆောင် ဦးနိုင်ဟံသာကို ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ထိုင်းနိုင်ငံ၊
ချင်းမိုင်မြို့၌ ကျင်းပခဲ့သော ဒုတိယအကြိမ် ညီလာခံတွင် ရွေးချယ်ခဲ့သည်။

ယခင် UNFC ဥက္ကဋ္ဌအဖြစ် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့မှ ဒုတိယခေါင်းဆောင် ဦးအင်ဘန်လက
တာဝန်ယူခဲ့သော်လည်း ကေအိုင်အိုအဖွဲ့ UNFC မှ နုတ်ထွက်ခြင်းကြောင့် အလိုအလျောက်
လစ်လပ်သွားသည့် ဥက္ကဋ္ဌရာထူးကိုလည်း အသစ်ပြန်လည်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ညီလာခံမှ ဒုဥက္ကဋ္ဌအဖြစ် ရခိုင်အမျိုးသားကောင်စီမှ ဒေါက်တာခင်မောင်နှင့် အထွေထွေ
အတွင်းရေးမှူးအဖြစ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ ခူဦးရယ်ကိုရွေးချယ်ခဲ့သည်။
ယခင်ဖွဲ့စည်းပုံအရ ကောင်စီတွင်အဖွဲ့ဝင် ၂၃ ဦး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၁၂
ဦးပါရှိသော်လည်း အဖွဲ့ဝင်အချို့ နုတ်ထွက်သည့်အတွက် ကောင်စီကို အဖွဲ့ဝင် ၁၅ ဦးနှင့်
ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ကိုးဦးအထိ ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

UNFC တွင် ပါဝင်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်
(NCA) ကိုလက်မှတ်ရေးထိုးထားခြင်း မရှိသေးပေ။ စတင်ဖွဲ့စည်းစဉ်က ၁၂ ဖွဲ့ခန့်ပါဝင်သော်
လည်း အဖွဲ့ဝင်အဖြစ်မှ ရပ်စဲ၊ နုတ်ထွက်မှုများရှိခဲ့၍ လက်ရှိအချိန်တွင် ငါးဖွဲ့ခန့်သာ
ကျန်ရှိနေခြင်းဖြစ်သည်။

ညီလာခံတွင် ကေအိုင်အိုအဖွဲ့၊ 'ဝ' အမျိုးသားအဖွဲ့ချုပ်တို့နှင့် ၂ဝ၁၆ ခုနှစ်အတွင်းက
နုတ်ထွက်ရန် တောင်းဆိုထားသည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့်
မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ် (ကိုးကန့်)စသည့် အဖွဲ့လေးဖွဲ့၏ နုတ်ထွက်မှုကို
UNFC က တရားဝင်လက်ခံခဲ့သည်။ UNFCတွင် မွန်ပြည်သစ်ပါတီ၊ ကရင်နီအမျိုးသား တိုးတက်ရေး
ပါတီ၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံးနှင့် ရခိုင်အမျိုးသားကောင်စီ
စသည့်အဖွဲ့များ အဖွဲ့ဝင်အဖြစ် ဆက်လက် ရှိနေသည်။

အင်န်စီအေ လက်မှတ်ထိုးထားသည့် အဖွဲ့များ၊မြောက်ပိုင်းအဖွဲ့များနှင့် UNFC အဖွဲ့များဟူ၍
အုပ်စုသုံးခု ရှိနေသော်လည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်ဟု ကေအိုင်အိုအဖွဲ့ ဒုတိယ
ဥက္ကဋ္ဌ အင်ဘန်လက ယခုသီတင်းပတ်တွင် ကျင်းပသည့် UNFC နှင့် ဆက်စပ်အဖွဲ့အစည်းများ
တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။

''ဒီတော့ မြေပြင်အခြေအနေအရ အဖွဲ့အစည်းသုံးဖွဲ့ ဖြစ်နေဦးတော့ အခုပြောသွားသလို
ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဟာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးပဲ
ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ အားလုံးက စည်းစည်း
လုံးလုံးနဲ့ တစ်သွေးတစ်သံဖြစ်ဖို့ အင်မတန်မှ လိုအပ်ပါတယ်'' ဟု အင်ဘန်လက ပြောသည်။

၂ဝ၁၆ ခုနှစ်၊ သြဂုတ်လအတွင်းက ကချင်ပြည်နယ်၊ကေအိုင်အိုထိန်းချုပ်နယ်မြေအတွင်း
ကျင်းပခဲ့သည့်မိုင်ဂျာယန်ညီလာခံ၌ အကောင်အထည်ဖော်ရန် ချမှတ်ခဲ့သည့် လုပ်ငန်းစဉ်များ၊
နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်နှင့် ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံရလဒ်များကို
ပြန်လည်သုံးသပ်ရန် ၄င်းကတိုက်တွန်းခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး