မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေး တည်ဆောက်နေသည့် တစ်ချိန်တည်းမှာပင် စီးပွားရေးတိုးတက်ရေး
အတွက်လည်း ဆောင်ရွက်ရန်လိုသည်။ တိုင်းပြည်က ရင်ဆိုင်နေရသည့် မြောက်မြားလှစွာသော
ပြုပြင်ပြောင်းလဲရေး စိန်ခေါ်မှုများအနက် ပြည်ပငွေကြေးအရင်းအမြစ်များ စီးဝင်လာရေးနှင့်
ပြည်တွင်းစားသုံးမှု မြင့်တက်လာရေးတို့လည်း အပါအဝင် ဖြစ်သည်။ အခွန်ဆိုင်ရာ မက်လုံးပေးရေး၊
ထိရောက်မြန်ဆန်သည့် ဗျူရိုကရေစီယန္တရားအဖြစ် ပြုပြင်ပြောင်းလဲရေး၊ ဥပဒေရေးရာ ရှင်းလင်း
တိကျရေး စသည်တို့မှာ ဦးစားပေးဆောင်ရွက်ရမည့် ကဏ္ဍများဖြစ်ကြသည်။
၂ဝ၁၆ ခုနှစ်၊ ဧပြီလတွင် အာဏာရလာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)
အစိုးရလက်ထက်၌ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များအတွက် ပြည်တွင်းပြည်ပ
ပညာရှင်များက အကြံဉာဏ်များ ပေးလျက်ရှိသည်။
အင်န်အယ်လ်ဒီအစိုးရသည် ငြိမ်းချမ်းရေး တည်ဆောက်ရေးနှင့် စီးပွားရေးတိုးတက်မှုဆိုင်ရာ
လမ်းစဉ်ကို ရှင်းလင်း ပြတ်သားစွာ ချမှတ်သင့်ပြီး၊ ငြိမ်းချမ်းရေးနှင့် စီးပွားရေးကို တစ်ပြိုင်တည်း
ကြိုးပမ်းဆောင်ရွက်သင့်သည်ဟု မြန်မာသီလဝါ အက်စ်အီးဇက် ဦးပိုင်အများပိုင်လီမိတက်
ဒုတိယဥက္ကဋ္ဌ ဦးသူရိန်အောင်က ဆိုသည်။
စင်ကာပူနိုင်ငံတကာရေးရာတက္ကသိုလ် (အက်စ်အိုင်အိုင်အေ)က ကြီးမှူး၍ ယမန်နေ့က ရန်ကုန်မြို့၌
ကျင်းပသော ဒုတိယအကြိမ် အာဆီယံ-မြန်မာဖိုရမ်တွင် ဦးသူရိန်အောင်က အထက်ပါအတိုင်း
ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဖိုရမ်သို့ ဖိတ်ကြားထားသည့် ဧည့်သည်များဖြစ်သော PwC Myanmar
ဦးဆောင်ညွှန်ကြားရေးမှူးနှင့် PwC Singapore ၏ အကြံပေး မစ္စတာ အုန်ချောင်ချွန်း၊
အိုင်အမ်အက်ဖ်၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ယာဆုရှီဆာအိုဂျီမာတို့လည်း
တက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် အခွန်ကင်းလွတ်ခွင့်များပေးခြင်းအားဖြင့် အနာဂတ်တွင် အခွန်ဝင်ငွေ
တိုးတက်အောင် ဆောင်ရွက်ရန် မစ္စတာ အုန်ချောင်ချွန်းက အကြံပြုသည်။ အင်ဒိုနီးရှားနိုင်ငံတွင်
အလားတူ ဆောင်ရွက်ခဲ့သည့် အစဉ်အလာရှိသည်ဟု ဆိုသည်။
ယာဆုရှိဆာအိုဂျီမာကမူ အစိုးရအနေဖြင့် အခွန်မက်လုံးများပေးကာ ပိုမိုကောင်းမွန်သည့်
အခွန်စည်းကြပ်မှု စနစ်များ ကျင့်သုံးပါက ရေရှည်အကျိုးရှိမည့် ဖွံ့ဖြိုးရေးစီမံကိန်းများကို
ဆောင်ရွက်နိုင်လိမ့်မည်ဟု အလေးအနက် ပြောကြားသည်။
ဖိုရမ်၌ ထုတ်ပြန်သည့် အက်စ်အိုင်အိုင်အေ၏ လေ့လာမှုစစ်တမ်းအရ ဒေသအတွင်း နောက်ဆုံး
ကျန်ရှိသည့် အလားအလာရှိသော နိုင်ငံဟူသည့် ဂုဏ်ပုဒ်ကို ဆက်လက်ထိန်းသိမ်းနိုင်ရန်
မြန်မာနိုင်ငံအနေဖြင့် မိမိ၏ ယှဉ်ပြိုင်နိုင်စွမ်းအားသာချက် တိုးတက်ရေးကို ပိုမိုတက်တက်ကြွကြွ
လုံးပန်းရန် လိုအပ်သည်ဟု ထောက်ပြထားသည်။
အက်စ်အိုင်အိုင်အေ ဥက္ကဋ္ဌ၊ လက်ထောက်ပါမောက္ခ ဆိုင်မွန်တေးက ပြည်ပရင်းနှီးမြှုပ်နှံမှုအတွက်
ယှဉ်ပြိုင်မှု ကြီးထွားလာနေကြောင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ် အစရှိသည့် အခြားအာဆီယံနိုင်ငံ
များကလည်း ပြည်ပ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ရေးအတွက် ပြုပြင်ပြောင်းလဲရေးများ
အပြင်းအထန်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ယမန်နှစ်က မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၉ ဒသမ ၅ဘီလျံရှိခဲ့ပြီး လေးနှစ်
အတွင်း အနိမ့်ဆုံးဖြစ်သည်။ တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံ၏ ဂျီဒီပီတိုးတက်မှုမှာလည်း
၂ဝ၁၅ ခုနှစ်တွင် ရ ဒသမ ၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂ဝ၁၆ ခုနှစ်တွင် ၆ ဒသမ ၄ ရာခိုင်နှုန်းသို့
ကျဆင်းခဲ့သည်။
အက်စ်အိုင်အိုင်အေ၏ လေ့လာမှုစစ်တမ်းပါ တွေ့ဆုံမေးမြန်းမှုများအရထိပ်သီးစီးပွားရေးလုပ်ငန်း
ရှင်များက မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် စျေးကွက်ကြီးထွားမှု အလားအလာများအတွက်
အကောင်းဘက်က ရှုမြင်နေကြဆဲဖြစ်သည်။
မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ပြန်လည်ဦးမော့လာကာ လာမည့် သုံးနှစ်အတွင်း ပျမ်းမျှ စီးပွားရေး
ဖွံ့ဖြိုးတိုးတက်မှုနှုန်း ရ ဒသမ ၁ ရာခိုင်နှုန်းအထိ ရှိလာပြီး ဒေသ၏ စီးပွားရေးတိုးတက်မှုနှုန်း
အမြန်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်လာမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။ အခြေခံအဆောက်
အအုံပိုင်း၌ အစိုးရနှင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု၊ အသေးစား ကုန်ထုတ်လုပ်ငန်းနှင့် ဟိုတယ်နှင့်
ခရီးသွားလုပ်ငန်းများလည်း တိုးတက်လာမည်ဟု ဆိုသည်။
ရင်းနှီးမြှုပ်နှံမှုအလားအလာ တိုးတက်ရေး ပိုမိုအားထုတ် ကြိုးပမ်းရန်လိုအပ်သကဲ့သို့
ပြည်တွင်းပြည်ပ ပုဂ္ဂလိကကဏ္ဍများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရေးမှာ ချက်ချင်းအရေးယူ
ဆောင်ရွက်ရမည့် အဓိကအချက်ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။
နိဂုံးချုပ်အားဖြင့် ပြည်ပလုပ်ငန်းရှင်များ၏စိတ်ဝင်စားမှုကို ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့်
နိုင်ငံ့စီးပွားရေးတိုးတက်မှု အဖြစ် အမှန်တကယ် ပြောင်းလဲနိုင်မည့် လမ်းကြောင်းတွင်
ပိတ်ဆို့ကာဆီးနေသော အတားအဆီးများကို ဦးစားပေး၍ အရေးတယူ ဖြေရှင်းသွားရမည်
ဖြစ်သည်။
ဇော်ညွန့် ဘာသာပြန်သည်။
















