ပြီးခဲ့သည့်နှစ်အတွင်း ဝန်ထမ်းစည်းမျဉ်းစည်းကမ်းကို မလိုက်နာသည့် ခရိုင်နှင့် မြို့နယ်အဆင့်
တရားသူကြီး ၅၅ ဦးကို အရေးယူ ဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စုတရားလွတ်တော်ချုပ်က
ထုတ်ပြန်ခဲ့သည့် '၂ဝ၁၆ ခုနှစ် တရားရုံးဆိုင်ရာအစီရင်ခံစာ' တွင် ဖော်ပြသည်။
အရေးယူခံခဲ့ရသည့် တရားသူကြီးများတွင် ခရိုင်တရားသူကြီး ၁ဝ ဦး၊ တွဲဖက်ခရိုင်တရားသူကြီးနှစ်ဦး၊
ဒုတိယခရိုင်တရားသူကြီး ၁၁ ဦးဖြစ်ပြီး မြို့နယ်အဆင့်တွင် မြို့နယ်တရားသူကြီး ၁၉ ဦး၊ တွဲဖက်မြို့နယ်
တရားသူကြီး ခြောက်ဦးနှင့် ဒုတိယမြို့နယ်တရားသူကြီးခြောက်ဦး အသီးသီးဖြစ်သည်။
အစီရင်ခံစာအရ အရေးယူခံရသူများတွင် ရာထူးအဆင့်အလိုက် လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝရရှိ
ထားသည့် မြို့နယ်တရားသူကြီးနှင့် ခရိုင်တရားသူကြီး အရေအတွက်အများဆုံး ပါဝင်လျက်ရှိသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တရားစီရင်ရေးမဏ္ဍိုင်ကို နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနှင့်
အတူ ပြုပြင်ပြောင်းလဲရန် ဖော်ဆောင်ခဲ့သည်မှာ ခြောက်နှစ်ခန့် ကြာမြင်ခဲ့ပြီဖြစ်ကြောင်း၊ အဆိုပါ
ပြောင်းလဲမှုသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ပြီး စိန်ခေါ်မှုများ အမြောက်အမြားရှိနေသည်ဟု
ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားသူကြီးချုပ်ဦးထွန်းထွန်းဦးက အစီရင်ခံစာတွင်
ပြောကြားထားသည်။
''အစီရင်ခံစာသည် တရားရုံးများ၏ ဆောင်ရွက်ချက်အပေါ် မျှမျှတတ အကဲဖြတ်ဆုံးဖြတ်နိုင်ရန်နှင့်
တရားရုံးများ၏ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန် ရည်ရွယ်ကြောင်း'' ပြည်ထောင်စုတရားသူကြီး
ချုပ်၏ဥယျောဇဉ်က ဆိုသည်။
အရေးယူခံခဲ့ရသည့် တရားရေးအဆင့် ဝန်ထမ်းများတွင် ညွှန်ကြားရေးမှူးတစ်ဦး၊
ဒုတိယညွှန်ကြားရေးမှူး လေးဦး၊ လက်ထောက်ညွှန်ကြားရေးမှူးလေးဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်
တရားရေးဦးစီးမှူးလေးဦး အပါအဝင် ဦးစီးအရာရှိသုံးဦး၊ ဒုတိယဦးစီးမှူးတစ်ဦးနှင့် ရုံးဝန်ထမ်း
အကြီးတန်းစာရေး ၁ဝ ဦးအထိ ပါဝင်သည်။
၂ဝ၁၆ ခုနှစ်အတွင်း တိုင်ကြားစာအရ ပေါ်ပေါက်၍ ပြစ်မှုထင်ရှားသဖြင့် တရားလွှတ်တော်ချုပ်ရုံးနှင့်
လက်အောက်အဆင့်ဆင့်ရှိ တရားရေးအရာရှိ၊ တရားသူကြီး ရ၅ ဦးနှင့် ရုံးဝန်ထမ်း ၄၁ ဦး၊ စုစုပေါင်း
၁၁၆ ဦးကို ပြည်ထောင်စုတရားရုံးချုပ်က ဝန်ထမ်းဆိုင်ရာစည်းမျဉ်းအရ အရေးယူဆောင်ရွက်ခဲ့သည်ဟု
ဆိုသည်။
တရားရုံးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်နေသော တရားသူကြီးများ၊ ရုံးဝန်ထမ်းများနှင့် စပ်လျဉ်း၍
ပြည်ထောင်စုတရားသူကြီးချုပ်ထံ လိပ်မူတိုင်ကြားမှုများနှင့် နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်
အတိုင်ပင်ခံရုံး၊ လွှတ်တော်များ၊ လွှတ်တော်ဆိုင်ရာ ကော်မတီများမှတစ်ဆင့် တိုင်ကြားမှုများကို
စုံစမ်းစိစစ်ကာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးအဖွဲ့က အရေးယူဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
တိုင်ကြားစာ စိစစ်ပြန်ကြားရေးကော်မတီကို ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး
ဦးမြင့်အောင်က ဦးဆောင်လျက်ရှိပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် တရားလွှတ်တော်ချုပ်
စီမံခန့်ခွဲရေးကော်မတီ၊ မဟာဗျူဟာစီမံကိန်း လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရေး
ကော်မတီ၊ တရားလွှတ်တော်ချုပ် စီမံခန့်ခွဲသောဥပဒေများ စိစစ်ရေးအဖွဲ့၊ ကျင့်ဝတ်စည်းကမ်းများ
ပြန်လည်သုံးသပ်ရေးကော်မတီ၊ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးလုပ်ငန်းစဉ်များ
ဆောင်ရွက်ရေးကော်မတီ၊ တိုင်ကြားစာစိစစ်ပြန်ကြားရေး ကော်မတီနှင့် အကောင်အထည်ဖော်ရေး
ကော်မတီများဖြင့် ဖွဲ့စည်းထားသည်။
ပြီးခဲ့သည့်နှစ်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ စွဲဆိုလျှောက်ထားသည့် အမှုပေါင်း ၄,၁ဝဝ
ကျော် ရှိခဲ့ရာ ၂ဝ၁၅ ခုနှစ်တွင် စွဲဆိုမှုပေါင်း ၃၉၉ဝ ခန့်သာ ရှိခဲ့သဖြင့် ၄ ဒသမ ၅ ရာခိုင်နူန်းခန့်
ပိုမိုများပြားခဲ့သည်။ စွဲဆိုခဲ့သည့် အမှုများအနက် ရာဇဝတ်မှုသည် ၁,၃၈ဝ ကျော်နှင့် တရားမမှု
၂,၄၉ဝ ကျော်အထိ ရှိခဲ့သည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ
တိုင်ကြားစာပေါင်း ၂,ဝဝဝ ကျော်ကို လက်ခံရရှိခဲ့ပြီး တရားစီရင်ရေး လမ်းကြောင်းအရ
ဆောင်ရွက်နေသည့် အမှုများအတွက် တိုင်ကြားစာ ၁၁၆၉ စောင်နှင့် မမှန်ကန်သည့်
တိုင်ကြားစာ ၈ဝဝ ကျော်ကို ပိတ်သိမ်းခဲ့သည်ဟု ဆိုသည်။
လက်အောက်ဝန်ထမ်းများအပေါ် ကြီးကြပ်မှုအားနည်းခြင်း၊ ဥပဒေလုပ်ထုံးလုပ်နည်း
မလိုက်နာခြင်းနှင့် ဝန်ထမ်းကျင့်ဝတ်နှင့် စည်းကမ်းဖောက်ဖျက်မှု ပေါ်ပေါက်သည့် တိုင်ကြားစာ
ရှစ်စောင်ကို အရေးယူ ဆောင်ရွက်ခဲ့ပြီး တိုင်ကြားစာမှန်ကန်သော ၈၈ စောင်ကိုမူ စုံစမ်း
စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အစီရင်ခံစာတွင် တရားရေးဝန်ထမ်းများကို
မည်သို့သောပုံစံများဖြင့် အရေးယူဆောင်ရွက်ခဲ့သည်ကိုမူ အသေးစိတ်ဖော်ပြထားခြင်း
မရှိပေ။
''တရားစီရင်ရေး သူကြီးတွေရဲ့ ဥပဒေချိုးဖောက်မှုတွေကို သာမန်သတိပေးရုံနဲ့ လုံလောက်မှု
မရှိဘူး။ ထိရောက်တဲ့ အရေးယူမှု ရှိရမယ်။ အဂတိ လိုက်စားသူတွေကို ဌာနဆိုင်ရာက
ဘယ်လိုအရေးယူခဲ့တယ်ဆိုတာကို ပြန်ကြည့်ခြင်းအားဖြင့် အရေးယူမှု အားနည်တာတွေကို
တွေ့ရပါလိမ့်မယ်'' ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။
တရားစီရင်ရေးဆိုင်ရာ အဂတိလိုက်စားမှုများနှင့် ပက်သက်ပြီး ပိုမိုထိရောက်စေလိုပါက
၁၉၆ဝ ပြည့်နှစ် ကာလများကဲ့သို့ နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် အဂတိလိုက်စားမှုသူများကို
အများပြည်သူလူထုထံချပြကာ ထိရောက်သည့် အရေးယူမှုများ ဆောင်ရွက်ရန် လိုအပ်ကြောင်း
၄င်းကဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီလတွင် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တရားသကြီး ဒေါ်အ ဉ္ဇလီမြရှိန်
သည် အဂတိ လိုက်စားကြောင်း တိုင်ကြားခံခဲ့ရသဖြင့် စုံစမ်းစစ်ဆေးခဲ့ရာ အဂတိလိုက်စားကြောင်း
ပေါ်ပေါက်ခဲ့သည်။ သို့သော် ထွက်ပြေးတိမ်းရှောင်ခဲ့သဖြင့် ဒေါ်အ ဉ္ဇလီမြရှိန်ကို အရေးယူနိုင်ခြင်း
မရှိသေးပေ။ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တရားသူကြီးသည် အဂတိလိုက်စားကြောင်း
စစ်ဆေးပေါ်ပေါက်သဖြင့် ၂ဝ၁၅ ခုနှစ်တွင် ထောက်ဒဏ် ၁ဝ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခဲ့သည်။















