နိုင်ငံတော်အစိုးရက တိုက်ရိုက်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည့် အထင်ကရ ဘုရားစေတီများ
ဖြစ်သည့် ရွှေတိဂုံ၊ မန္တလေးရှိ မဟာမုနိနှင့် ကျိုက်ထီးရိုးစေတီတော်များတွင် အလှူခံရရှိထားသည့်
အလှူဘဏ္ဍာငွေမှာ ကျပ် ရ၇ ဘီလျံကျော် ရှိသည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက
ယခုလ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် သာသနာရေးဦးစီးဌာန၏ ဆောင်ရွက်ချက်များတွင်
ဖော်ပြပါရှိသည်။
ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်တွင် ဘဏ္ဍာငွေ ကျပ် ၆၀ ဘီလျံကျော်နှင့် အမေရိကန်ဒေါ်လာ
၁၄ ဒသမ ၉ သန်းကျော်၊ မန္တလေးမဟာမုနိရုပ်ရှင် စေတီတော်မြတ်တွင် ဘဏ္ဍာငွေကျပ် ၁၁ ဒသမ
၉၃ ဘီလျံကျော်နှင့် အမေရိကန်ဒေါ်လာ ၉၁,၀၀၀၊ မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုးစေတီတော်မြတ်တွင်
ဘဏ္ဍာငွေကျပ် ၅ ဒသမ ၁၇ ဘီလျံ စုစုပေါင်းဘဏ္ဍာငွေကျပ် ရ၇ ဘီလျံကျော် ရှိသည်။
လက်ခံရရှိထားသည့် အလှူဘဏ္ဍာငွေများကို နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်များတွင်
ထိန်းသိမ်းအပ်နှံထားရှိသည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး
ဦးအောင်ဆန်းဝင်းက ပြောသည်။
ရွှေတိဂုံစေတီတော်တွင် ယခင်နှစ်က စေတီတော် ဘဏ္ဍာငွေ ကျပ် ၅၈ ဘီလျံကျော်နှင့်
အမေရိကန်ဒေါ်လာ ၁၄၈ သိန်းကျော်ရှိခဲ့ရာမှ ယခုနှစ်တွင် ကျပ်ငွေ ၆၀ ဘီလျံကျော်နှင့်
ဒေါ်လာ ၁၄၉ သိန်းကျော် ရရှိခဲ့သည်။
မဟာမုနိရုပ်ရှင်စေတီတော်တွင် ၂၀၁၅ ခုနှစ်၌ ၆ ဒသမ ၄၆ ဘီလျံကျော်နှင့် ဒေါ်လာ ၃၄၀,၀၀၀ ကျော်
ရရှိခဲ့ပြီး၊ ပြီးခဲ့သည့် နှစ်တွင် ကျပ် ၈ ဒသမ ရ၁ ဘီလျံကျော်၊ ဒေါ်လာ သုံးသိန်းခြောက်ကျော်နှင့်
ယခုနှစ်တွင် ကျပ် ၁၁ ဒသမ ၉၃ ဘီလျံကျော်နှင့် ဒေါ်လာ ကိုးသောင်းကျော်အထိ ရရှိထားသည်။
ကျိုက်ထီးရိုးစေတီတော်မြတ်တွင် ပြီးခဲ့သည့်နှစ်က ဘဏ္ဍာငွေကျပ် ၁ ဒသမ ၆ ဘီလျံရှိခဲ့ရာမှ
ယခုနှစ်တွင် ကျပ် ၅ ဒသမ ၁၇ ဘီလျံအထိ တိုးတက်ရရှိခဲ့သည်။
အစိုးရသစ်လက်ထက်တွင် နိုင်ငံတော်အဆင့် စေတီတော်များရှိ ဂေါပကအဖွဲ့များကို
ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ကာ ဂေါပကအဖွဲ့ စည်းမျဉ်းသစ်များရေးဆွဲစေကာ အဖွဲ့ဝင်သစ်များဖြင့်
ပါ၀င်ဖွဲ့စည်း မှုများ ပြုလုပ်ခဲ့ပြီး အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စေတီတော်များရှိ
ဂေါပကအဖွဲ့များကိုလည်း ပြောင်းလဲပြင်ဆင် ဖွဲ့စည်းရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက
ညွှန်ကြားခဲ့သည်။















