တအာင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (TNLA) က ဦးဆောင်ကျင်းပသည့် မူးယစ်ဆေးဝါး
မီးရှို့ဖျက်ဆီးပွဲအပြီး အပြန်တွင် တပ်မတော်က ဖမ်းဆီး ထိန်းသိမ်းခဲ့သည့် သတင်းသမား သုံးဦးနှင့်
အရပ်သား သုံးဦးကို မတရားအသင်းနှင့် ဆက်သွယ်မှုဖြင့် အမှုဖွင့်ထားကြောင်း သီပေါမြို့မရဲစခန်းမှ
တာဝန်မှူး ဒုရဲအုပ်ကျော်မင်းက ယမန်နေ့တွင် မြန်မာတိုင်း(မ်) ကို ပြောသည်။
ဒီဗီဘီသတင်းအေဂျင်စီ အကြီးတန်း သတင်းထောက် ဦးအေးနိုင်နှင့် ဦးပြည့်ဘုန်းနိုင်၊ ဧရာဝတီသတင်း
အေဂျင်စီက သတင်းထောက် ဦးသိန်းဇော်တို့ အပါအဝင် အရပ်သားခုနစ်ဦးကို တအာင်းအဖွဲ့နှင့်
ဆက်သွယ်၍ ပြန်လည်ထွက်ခွာလာကြောင်း စုံစမ်းသိရှိရသဖြင့် ဖမ်းဆီးပြီး ရဲတပ်ဖွဲ့သို့
လွှဲပြောင်းထားကြောင်း တပ်မတော်က ယခုလ ၂၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဖမ်းဆီးခံထားရသည့် သတင်းသမား သုံးဦးနှင့် အခြားအရပ်သား သုံးဦးကို ယမန်နေ့က အမှုဖွင့်ပေးရန်
တပ်မတော်၊ အမှတ် (၅၀၃) ခြေမြန်တပ်ရင်းက ဗိုလ်ကြီးသက်နိုင်ဦးက သီပေါမြို့မရဲစခန်းတွင်
လာရောက်တိုင်ကြားခဲ့ခြင်းဖြစ်သည်ဟု ဒုရဲအုပ်ကျော်မင်းက ပြောသည်။
"တိုင်ကြားချက်ထဲမှာ နိုင်ငံတော်အစိုးရက မတရားအသင်းအဖြစ် ကြေညာထားတဲ့ အဖွဲ့အစည်းတွေနဲ့
ဆက်သွယ်ဆောင်ရွက်တဲ့အတွက် အရေးယူပေးဖို့ တိုင်ကြားလာပါတယ်။ အဲဒီတိုင်ကြားချက်မှာပါတဲ့
အချက်အလက်တွေအပေါ် အခြေခံပြီး ကျွန်တော်တို့က မတရားအသင်း အက်ဥပဒေ ၁၇/၁ နဲ့
အရေးယူဖို့ ပုဒ်မတပ်လိုက်တာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။
လက်ရှိအချိန်တွင် ရဲစခန်းက ချုပ်ရက် ရမန် တစ်ပတ်ရယူထားကာ ဖမ်းဆီးခံရသူ ခြောက်ဦးကို
သီပေါအကျဉ်းထောင်တွင် ထိန်းသိမ်းထားပြီး ဇူလိုင် ၁၁ ရက်တွင် သီပေါမြို့နယ်တရားရုံး၌
စတင်ရုံးထုတ်မည်ဟု အဆိုပါတာဝန်ရှိ သူက ပြောသည်။
သတင်းသမားများနှင့်အတူ အဖမ်းခံရသည့် အရပ်သား သုံးဦးကိုလည်း မတရားအသင်း အက်ဥပဒေ
ပုဒ်မ ၁၇/၁ ဖြင့် အမှုဖွင့်ထားသည်ဟုလည်း ၎င်းက ဆိုသည်။
အဆိုပါ အရပ်သားများမှာ မည်သူမည်ဝါဖြစ်ကြောင်းကို မြန်မာတိုင်း(မ်)က မေးမြန်းခဲ့သော်လည်း
တာဝန်မှူးက ဖြေကြားခဲ့ခြင်းမရှိပေ။
ထို့ပြင် တပ်မတော်သတင်း ထုတ်ပြန်ချက်တွင် ခုနစ်ဦးဟု ပါရှိသော်လည်း လက်ရှိတွင် သတင်းသမား
သုံးဦးနှင့် အရပ်သားသုံးဦးကိုသာ အမှုဖွင့်ထားရာ ကျန်အရပ်သားတစ်ဦးနှင့် ပတ်သက်သည့်
သတင်းကိုလည်း ဖြေကြားနိုင်ခဲ့ခြင်း မရှိပေ။
အဆိုပါသတင်းသမားများသည် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်
တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်အတွင်း
TNLA ထိန်းချုပ်နယ်မြေတစ်နေရာတွင် ကျင်းပသည့် ဖမ်းဆီးရရှိခဲ့သော မူးယစ်ဆေးဝါးများ
ဖျက်ဆီးသည့် အခမ်းအနားသို့ သတင်းသွားရောက်ယူခြင်းသာဖြစ်သည်ဟု သတင်းအေဂျင်စီ နှစ်ခု၏
တာဝန်ရှိသူများက ပြောသည်။
ဧရာဝတီသတင်းဌာနက ဦးသိန်းဇော်သည် ကလောင်အမည် လဝီဝမ်ဖြင့် ငြိမ်းချမ်းရေး၊
လူ့အခွင့်အရေးနှင့် တိုင်းရင်းသားအရေးများကို အဓိက ရေးသားသူတစ်ဦးဖြစ်သည်။
ယခုအကြိမ် ရှမ်းပြည်နယ်သို့ သွားရောက် သတင်းရယူမှုကို အယ်ဒီတာအဖွဲ့က သိရှိကြောင်း
အဆိုပါသတင်းဌာန၏ အင်္ဂလိပ်ပိုင်း အယ်ဒီတာတစ်ဦးဖြစ်သူ ဦးကျော်စွာမိုးက ပြောသည်။
"ကျွန်တော်တို့ သတင်းသမားတွေက ပဋိပက္ခဒေသတွေမှာ ပုံမှန်လည်း သတင်းသွားယူနေတာပဲ။
ကိုလဝီက ဒီတစ်ခေါက်ခရီးစဉ်က သတင်းကိစ္စနဲ့ပဲ သွားတာဖြစ်တယ်။ ကျန်တဲ့ ကိစ္စမရှိဘူး" ဟု
၎င်းက ပြောသည်။
ဦးသိန်းဇော်ကို မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇/၁ နှင့် တရားစွဲထားသည့် အမှုအတွက်
ရှေ့နေများနှင့် တိုင်ပင်နေပြီဖြစ်ကြောင်း ဦးကျော်စွာမိုးက ပြောသည်။
အလားတူ ဒီဗီဘီသတင်းဌာနကလည်း ၎င်း၏ သတင်းသမားများ အမှုရင်ဆိုင်ရေးအတွက် ရှေ့နေ၊
ရှေ့ရပ်များနှင့် တိုင်ပင်နေပြီဖြစ်ကြောင်း အဆိုပါသတင်းဌာနက အယ်ဒီတာတစ်ဦးဖြစ်သူ
ဦးသန်းဝင်းထွဋ်က ပြောသည်။
အဖမ်းဆီးခံထားရသည့် သတင်းသမားများကို အမြန်ဆုံးပြန်လွှတ်ပေးရန်၊ သတင်းရေးသား
ဖော်ပြချက်နှင့် ပတ်သက်၍ သတင်းမီဒီယာဥပဒေနှင့် မဟုတ်ဘဲ အခြားဥပဒေများနှင့် အရေးယူမှုများကို
ရုပ်သိမ်းရန်နှင့် သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက် နေမှုကို ရပ်တန့်ပေးရန် သတင်းအဖွဲ့အစည်း
၂၅ ဖွဲ့က နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်တို့ထံသို့ အိတ်ဖွင့်ပေးစာ ပေးပို့ထားသည်။
















