ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှု မဖြစ်ပွားစေရန် ထိထိရောက်ရောက် ကိုင်တွယ်သင့်

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှု မဖြစ်ပွားစေရန် ထိထိရောက်ရောက် ကိုင်တွယ်သင့်

ရခိုင်ပြည်နယ် မောင်တောဒေသတွင်း အကြမ်းဖက်လှုပ်ရှားမှုများ ဆက်လက်ဆောင်ရွက်ရန်
ရှိသည်ဟူသော သတင်းများ ထွက်ပေါ်နေပြီး ထိုသတင်းများအပေါ် တိတိကျကျ စုံစမ်းဖော်ထုတ်ပြီး
အကြမ်းဖက်မှု ထပ်မံ မဖြစ်ပွားရန် ကာကွယ်ဆောင်ရွက်သင့်ကြောင်း ရခိုင်အမျိုးသားပါတီ
အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

"ဘယ်အရာမဆို ကြိုတင်ကာကွယ်နိုင်တာ ကောင်းတယ်။ ခုဆိုရင် နေ့စဉ် ရွာသားတွေ
ပျောက်သွားတယ်၊ သတ်ဖြတ်ခံရတယ်ဆိုတာ ကြားနေတွေ့နေရတယ်။ ဒါတွေအတွက် လုံခြံုရေး
ကြိုတင်ကာကွယ်မှု လုပ်ဆောင်နိုင်တဲ့ အခြေအနေက ကျေနပ်စရာ မရှိသေးဘူး" ဟု
၎င်းက ပြောသည်။

မောင်တောဒေသတွင် အကြမ်းဖက်မှု ဖြစ်စဉ်များ၊ ဖမ်းဆီးသတ်ဖြတ်ခံရမှု ဖြစ်စဉ်များကြောင့်
နေရပ်စွန့်ခွာလာသူ များပြားလာပြီး ၎င်းတို့ကို ကာကွယ်ပေးနိုင်ရန် အစိုးရနှင့် ပြည်နယ်လွှတ်တော်တို့
ပူးပေါင်းဆောင်ရွက်နေကြောင်း ယခုလ ၂၇ ရက်က ကျင်းပခဲ့သည့် ပြည်နယ်လွှတ်တော်
အစည်းအဝေးတွင် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှ က ပြောသည်။

နယ်မြေလုံခြံုရေးအတွက် ကြိုတင် ကာကွယ်မှုများ လုပ်ဆောင်နေသော်လည်း ကြိုတင်သတင်း
ရရှိမှုတွင် အခက်အခဲအချို့ ရှိနေပြီး သတင်းပေးသူများကို အကြမ်းဖက်သမားများက သတ်ဖြတ်မှုများ
ရှိနေခြင်းကြောင့် ဒေသခံအချို့မှာ သတင်းပေးရန် စိုးရွံ့လျက်ရှိရာ သတင်းရရှိရန် ခက်ခဲကြောင်း
မောင်တောဒေသ နယ်မြေ လုံခြံုရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဘူးသီးတောင် - မောင်တောဒေသ မေယုတောင်ကြောတွင် အကြမ်းဖက်သင်တန်း
ဆောင်ရွက်နေသည့် နေရာအချို့ကို နယ်မြေရှင်းလင်းရေးတပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့ကြောင်း
နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်း ထုတ်ပြန်ရေးကော်မတီက ယခုလ ၂၁ ရက်တွင်
သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါနေရာတွင် လူနေလိုဏ်ခေါင်းများ၊ လုပ်သေနတ်၊ စားနပ်ရိက္ခာ၊ လူနေတဲ၊ ယမ်းများ စသည်တို့ကို
တွေ့ရှိခဲ့ပြီး အကြမ်းဖက်သမား သုံးဦးကို အသေရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်က ဆိုသည်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၉ ရက် အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက်ပိုင်း ရခိုင်ပြည်နယ်တွင်း
အကြမ်းဖက် သင်တန်းဆောင်ရွက်နေမှု အခြေအနေများကို ဒုတိယအကြိမ်မြောက် ဖမ်းဆီးရမိခြင်း
ဖြစ်သည်။

ဓာတ်ပုံ - နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ

ရခိုင်ပြည်နယ်မောင်တောဒေသတွင်း အကြမ်းဖက်မှုသင်တန်းပေးနေသူများနှင့် တုတ်၊ ဓား
လက်နက်များကို ယခုနှစ် မတ်လအတွင်းက ဘူးသီးတောင်ဒေသတွင် ပထမဦးဆုံးအကြိမ်
ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

မေယုတောင်ကြောတွင် အကြမ်းဖက် သင်တန်းဆောင်ရွက်နေသည့် နေရာများကို ဇွန် ၂၁ ရက်က
တွေ့ရှိခဲ့ပြီးနောက်ပိုင်း အကြမ်းဖက်သင်တန်း တက်ရောက်ပြီးသူများနှင့် အကြမ်းဖက်သင်တန်းအတွက်
လူအင်အားစုဆောင်းသူ အပါအဝင် ငွေကြေး စုဆောင်းသူ ခုနစ်ဦးခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း
နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ဆိုသည်။

ထိုကာလအတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး အချို့အပါအဝင် ဒေသခံပြည်သူ လေးဦးသည်
အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုခံခဲ့ရကြောင်း သတင်းထုတ်ပြန်ထားပြီးဖြစ်သည်။

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်ပြီး နယ်မြေ ရှင်းလင်းရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သူကို
စစ်ဆေးချက်များအရ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ အကြမ်းဖက်မှုကို လုပ်ဆောင်ခဲ့သည့်
Aqua Mul Mujahidin အဖွဲ့နှင့် Rohingya National Security Committee အဖွဲ့တို့
ပူးပေါင်းဖွဲ့စည်းထားသည့် Arakan Rohingya Salvation Army အဖွဲ့က
လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ မောင်တောဒေသတွင်း အကြမ်းဖက်နည်းအသုံးပြု ခြိမ်းခြောက်ပြီး
ဩဇာလွှမ်းမိုးရန် ကြံစည်ဆောင်ရွက်ခြင်းဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊
ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက နေပြည်တော်၌ ဇွန် ၂၁ ရက်က ပြုလုပ်သည့်
သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ လူ ၁၀၀ ခန့်ကို အကြမ်းဖက်သင်တန်းပေးထားကြောင်း
စစ်ဆေးသိရှိခဲ့ရပြီး အကြမ်းဖက်မှုနောက်ကွယ်က ထောက်ပံ့ခိုင်းစေသည့် နိုင်ငံများကို သိရှိအောင်
စုံစမ်းဖော်ထုတ်နေပြီး အိမ်နီးချင်းနိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဦးဇော်ဌေးက
ပြောကြားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး