အလုပ်သမားဥပဒေသစ်ကြောင့် ထိုင်းရောက်မြန်မာများ အိမ်ပြန်လာရ

အလုပ်သမားဥပဒေသစ်ကြောင့် ထိုင်းရောက်မြန်မာများ အိမ်ပြန်လာရ

 

ထိုင်းနိုင်ငံက ဒဏ်ကြေးငွေတွေ၊ ထောင်ဒဏ် ပြစ်ဒဏ်တွေနဲ့ တိုးမြှင့်ပြင်ဆင်ထားတဲ့ အလုပ်သမား
ဥပဒေတစ်ရပ်ကို ဇွန် ၂ဝ ရက်မှာ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။

ဥပဒေထုတ်ပြန်ပြီး တစ်ချိန်တည်းမှာပဲ နိုင်ငံတစ်ဝန်းမှာရှိတဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို
ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး တရားဝင်အထောက်အထား မခိုင်လုံတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်း
အလုပ်သမားတွေကို စတင်ဖမ်းဆီးခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ ရဲ၊ စစ်တပ်နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနဝန်ထမ်းတွေ ပါဝင်တဲ့ဖမ်းဆီးရေးအဖွဲ့တွေဟာ
နိုင်ငံတစ်ဝန်းမှာရှိတဲ့ လူနေတန်းလျားတွေ၊ တိုက်ခန်းတွေအပြင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ၊
လမ်းဘေးစျေးသည်တွေနဲ့စျေးဝယ်စင်တာတွေထိပါ လိုက်ပါစစ်ဆေး ဖမ်းဆီးမှုတွေကို ပြုလုပ်ခဲ့ကြ
ပါတယ်။

ယင်းသို့ ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးမှုတွေ ပြလုပ်နေတဲ့ ရက်သတ္တပတ်တစ်ခုအတွင်းမှာပဲ
တရားဝင်အထောက်အထားမဲ့သူနဲ့ တရားဝင် နေထိုင်အလုပ်လုပ်ခွင့် အထောက်အထားတွေ
ရှိသော်လည်း ခွင့်ပြုလုပ်ကိုင်ရမည့်အလုပ်နေရာနဲ့ သူဌေးနာမည်လွဲနေတဲ့ မြန်မာအလုပ်သမား
၅ဝဝ ကျော် ဖမ်းဆီးမှု ခံခဲ့ရတယ်လို့လည်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာသံရုံးတာဝန်ရှိသူတွေနဲ့
ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်သူတွေက ဆိုပါတယ်။

''အခု အလုပ်သမားဥပဒေမှာ ပြင်ဆင်တိုး မြှင့်လိုက်တဲ့ ပြစ်ဒဏ်၊ ငွေဒဏ်တွေဟာ အရမ်းကို
ပြင်းထန်လွန်းပြီး၊ အလုပ်ရှင်တွေအတွက် ကြောက်စရာကောင်းသလို အလုပ်သမားတွေ
အတွက်လည်း ကြောက်စရာကောင်းတယ်'' လို့ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်ရေး
ကွန်ရက် (MWRN) မှဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးအောင်ကျော်က ပြောပါတယ်။

ပြစ်မှု၊ ပြစ်ဒဏ်ပြင်ဆင်ထားတဲ့ အလုပ်သမားဥပဒေတွေကို ဇွန်လဆန်းပိုင်းမှာ နိုင်ငံအတွင်းမှာရှိတဲ့
ရွှေ့ပြောင်းအလုပ်သမား အခွင့်ရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ အားလုံးနဲ့ ထိုင်းမှ
အလုပ်ရှင်တွေကို ထိုင်းတာဝန်ရှိသူတွေက အသိပေးခဲ့ပါတယ်။

ထိုင်းလုပ်ငန်းရှင်တွေကိုယ်တိုင် ဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်တွေဟာ ပြင်းထန်လွန်းကြောင်း
ကန့်ကွက်မှုတွေပြုလုပ်နေစဉ်မှာပဲ အဆိုပါ ဥပဒေကို တရားဝင်အတည်ပြု ထုတ်ပြန်ခဲ့ခြင်းဖြစ်တယ်
လို့လည်း ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ဆိုပါတယ်။

 

ပြစ်မှုပြစ်ဒဏ်သစ်များနှင့် ထိုင်းအလုပ်သမား ဥပဒေသစ်

ပြင်ဆင်တိုးမြှင့်လိုက်တဲ့ ပြစ်မှုနဲ့ ပြစ်ဒဏ်တွေမှာ နိုင်ငံခြားသား အလုပ်သမားတွေ အလုပ်
လုပ်ခွင့်မရှိတဲ့ လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်မရှိတဲ့ နိုင်ငံခြားသား
အလုပ်သမားကို အလုပ်ခန့်အပ်ထားခြင်းနဲ့ နိုင်ငံခြားသား အလုပ်ခိုင်းစေခွင့်ပြုမထားတဲ့
လုပ်ငန်းမျိုးမှာ ခိုင်းစေထားခြင်းမျိုးတွေ ပြုလုပ်မယ်ဆိုရင် အလုပ်ရှင်တိုင်းဟာ ဒဏ်ကြေးငွေ
ထိုင်းဘတ်လေးသိန်းမှ ရှစ်သိန်း (မြန်မာငွေ သိန်း ၁၆ဝ မှ သိန်း ၃၂ဝ ခန့်) ကို တရားမဝင်
ခန့်ထားတဲ့ အလုပ်သမားတစ်ဦးချင်းစီတိုင်းအတွက် ပြစ်ဒဏ် ချမှတ်ခံရမယ်လို့
ပြဋ္ဌာန်းထားပါတယ်။

နိုင်ငံခြားသား အလုပ်သမားကို ခွင့်ပြုထားတဲ့ နေရာ၊ လုပ်ငန်းခွင်နဲ့ မတူညီတဲ့အလုပ်မျိုးကို
ခိုင်းစေမယ်ဆိုလျှင်လည်း အလုပ်ရှင်ဟာ ၄င်းခိုင်းစေထားတဲ့ အလုပ်သမားတစ်ဦးချင်းစီအတွက်
ထိုင်းဘတ်ငွေ လေးသိန်းထက်မပိုသော ဒဏ်ကြေးငွေနဲ့ညီတဲ့ပြစ်ဒဏ်ကို ကျခံရမယ်လို့
ဆိုထားပါတယ်။

နိုင်ငံခြားသား အလုပ်သမားတွေအနေနဲ့ အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်တာ၊
နိုင်ငံခြားသား အလုပ်သမားကို တားမြစ်ထားသော လုပ်ငန်းတွေမှာ လုပ်ကိုင်နေခြင်းတွေ့ရှိပါက
ငါးနှစ်ထက် မပိုသော ထောင်ဒဏ်ကိုဖြစ်စေ၊ ဒဏ်ငွေအဖြစ် ထိုင်းဘတ်ငွေ နှစ်သောင်းမှ
တစ်သိန်းထိဖြစ်စေ၊ သို့မဟုတ် ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချခံရမယ်လို့ ပြင်ဆင်ထားပါတယ်။

ထို့ပြင် လုပ်ငန်းလိုအပ်ချက်အရ အလျင်လိုသော လုပ်ငန်းများမှာ မှတ်ပုံတင်အရာရှိထံ
အကြောင်းမကြား၊ ခွင့်ပြုချက်မယူဘဲ လုပ်ကိုင်တဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို
ဒဏ်ကြေးငွေအဖြစ် ထိုင်းဘတ် နှစ်သောင်းမှ တစ်သိန်းထိ ပြစ်ဒဏ်ချမှတ်မယ်လို့လည်း
ဆိုပါတယ်။

နိုင်ငံခြားသား အလုပ်သမားတွေဟာ ၄င်းတို့ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မှာ ခွင့်ပြုထားတဲ့
လုပ်ငန်းခွင်မှာမဟုတ်ဘဲ၊ အခြားလုပ်ငန်းမှာ လုပ်ကိုင်နေတာကို တွေ့ရှိမယ်ဆိုရင် ထိုင်းဘတ်
တစ်သိန်းထက်မပိုတဲ့ ဒဏ်ကြေးနဲ့ ညီမျှတဲ့ ပြစ်ဒဏ်ကို ကျခံမည်လို့လည်း ဆိုထားပါ။

ယခင်က အထောက်အထားမဲ့ တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေဟာ ပြစ်ဒဏ်
အဖြစ် ထောင်ဒဏ် (၄၈)ရက်သာ ကျခံရပြီး သက်ဆိုင်ရာနိုင်ငံတွေကို နှင်လွှတ်ခံရလေ့
ရှိနေတာပါတယ်။

လက်ရှိအသစ်ပြဋ္ဌာန်းလိုက်တဲ့ အလုပ်သမားဥပဒေပါ ပြစ်ဒဏ်အရ အထောက်အထားမဲ့ ရွှေ့ပြောင်း
အလုပ်သမား တွေဟာ စစ်ဆေးရေးအဖွဲ့တွေရဲ့ ဖမ်းဆီးခြင်းခံရပါက ထောင်ဒဏ် ငါးနှစ်အထိ
ကျခံရမှာဖြစ်တဲ့အတွက် အလွန်ပြင်းထန်းလှတယ်လို့လည်း ထိုင်းရောက် ရွှေ့ပြောင်း
အလုပ်သမားရေး ဆောင်ရွက်နေသူတွေက ဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ ပြစ်မှု၊ ပြစ်ဒဏ်ပြင်ဆင်ထားတဲ့ ဥပဒေနဲ့ ဖမ်းဆီးမှုတွေကြောင့်လည်း ထိုင်းရောက်
မြန်မာအလုပ်သမားတွေအနေနဲ့ အထောက်အထားပါအချက်အလက်များ လွဲမှားနေပါက
ပြင်ဆင်ဆောင်ရွက်ထားကြပါရန်နဲ့ အထောက်အထားမရှိသူတွေ မိခင်နိုင်ငံသို့ အမြန်ဆုံးပြန်ကြ
ရန်ကိုလည်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာသံရုံးက ဇွန်လ နောက်ဆုံးပတ်အတွင်း
သတိပေးချက် ထုတ်ပြန်ထားပါတယ်။

''ထိုင်းနိုင်ငံက ဥပဒေတစ်ရပ်ထုတ်ပြန်ပြီးရင် ပြန်လည်ပြင်ဆင်လေ့မရှိဘူး။ ပြင်ဆင်ဖို့လည်း
ခက်ခဲတယ်။ ဒါကြောင့် အထောက်အထားလုံးဝ မရှိသူတွေအတွက်ကတော့ အိမ်ပြန်တာ
အကောင်းဆုံးပဲ''ဟု ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး
ဆောင်ရွက်နေတဲ့ အေအေစီအဖွဲ့မှ ကိုရဲမင်းက ပြောပါတယ်။

လက်ရှိမှာတော့ ထိုင်းနိုင်ငံမှာ ရှိနေတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေဟာ
ဖမ်းဆီးခံရမှုကို ကြောက်ရွံ့နေကြပြီး အိမ်ပြန်နိုင်ရန် နည်းလမ်းများကို နာရီနှင့်အမျှ ဆက်သွယ်
မေးမြန်းအကူအညီတောင်းနေတယ်လို့လည်း အလုပ်သမားကူညီရေးအဖွဲ့တွေက
ပြောပြကြပါတယ်။

အချို့အလုပ်သမားတွေမှာ ဖမ်းဆီးခံရမှာကြောက်ရွ့ံတဲ့အတွက် ထိုင်းနိုင်ငံအတွင်းရှိတော၊
တောင်များအတွင်းမှာ ပုန်းခိုနေထိုင်နေကြပြီး စားသောက်စရာများနှင့် အကူအညီများကို
ဆက်သွယ်တောင်းဆိုမှုတွေရှိနေတယ်လို့လည်း ထိုင်းရောက်မြန်မာအလုပ်သမားများကို
ကူညီနေတဲ့ ဆရာတော် ဦးဇောတိက က မိန့်ကြားပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ မြန်မာရွှေ့ပြောင်း အလုပ်သမား လေးသန်းခန့် နေထိုင်အလုပ်
လုပ်ကိုင်နေခြင်းဖြစ်ပြီး တစ်သန်းဝန်းကျင်လောက်ဟာ အထောက်အထားမဲ့သူတွေဖြစ်တယ်
လို့လည်း အလုပ်သမားရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းများက ခန့်မှန်းထားတယ်။

ထိုင်းဥပဒေသစ်ပါ ပြစ်ဒဏ်များကို ကြောက်တဲ့ ရွှေ့ပြောင်းမြန်မာအများအပြားဟာ
ဇွန် ၂၉ ရက်က စပြီး ထိုင်းနိုင်ငံ မဲဆောက်လမ်းကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံ မြဝတီမြို့သို့
ပြန်လည် ဝင်ရောက်လာနေပါတယ်။

၄င်းတို့ရဲ့ အိမ်အပြန်လမ်းကြောင်းမှာလည်း ထိုင်းအာဏာပိုင် ရဲတပ်ဖွဲ့များရဲ့ ဖမ်းဆီးခြင်းနှင့်
လာဘ်ငွေတောင်းခံခြင်းများလည်း ကြံုတွေ့နေရတယ်လို့ အလုပ်သမားအခွင့်အရေး
လုပ်ဆောင်နေသူတွေက ပြောပါတယ်။

နိုင်ငံခြားသား အလုပ်သမားတွေကို အလုံးအရင်းနဲ့ ဖမ်းဆီးမှုတွေကြောင့် မြန်မာနိုင်ငံ
အစိုးရတာဝန်ရှိသူတွေက နှစ်နိုင်ငံခြားတောင်းဆိုဆွေးနွေးမှုတွေကို ဇွန်လကုန်ပိုင်းမှာ
ပြုလုပ်ပေးခဲ့ပါတယ်။

ထိုင်းနိုင်ငံအစိုးရက ၄င်းတို့ရဲ့ ပြစ်မှု၊ပြစ်ဒဏ် ပြင်ဆင်းထားတဲ့ အလုပ်သမားဥပဒေကို ရက်ပေါင်း
၁၂ဝ ခန့် ဆိုင်းငံ့ပေးလိုက်ပြီး၊ အထောက်အထားမဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေ
အိမ်ပြန်နိုင်ဖို့အတွက် ဖမ်းဆီးမှုတွေ ရပ်တန့်ပေးထားပါတယ်။

တစ်ချိန်တည်းမှာပဲ နေရပ်ပြန်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ဖမ်းဆီးငွေညှစ်တာတွေ
မလုပ်ဖို့နဲ့၊ လုပ်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ထိရောက်စွာ အပြစ်ပေးအရေးယူမယ်လို့လည်း
ထိုင်းနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်က ဇူလိုင် ၂ ရက်မှာ သတိပေးထားပါတယ်။

ဒါ့ပြင် ရဲတပ်ဖွဲ့ဝင်တွေရဲ့ ခြိမ်းခြောက် လာဘ်ငွေတောင်းယူမှုတွေကို အလုပ်ရှင်၊
ရွှေ့ပြောင်းအလုပ်သမားတွေ ပါဝင်တဲ့ အများပြည်သူအနေနဲ့ သတင်းပေးတိုင်ကြားပေးဖို့
ကိုလည်း မေတ္တာရပ်ခံထားပါတယ်။

မဲဆောက်မြို့ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို တွေ့ရစဉ်။  ဓာတ်ပုံ - အီးပီအေ

ပြည်တော်ပြန် မြန်မာအလုပ်သမားများကို ဖမ်းဆီးပြီး ငွေတောင်းခံနေတဲ့ ဖြစ်စဉ်
ဗီဒီယိုဖိုင်တွင်ပါရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ရာထူးချခြင်း၊ နယ်မြေပြောင်းရွှေ့ခြင်းတွေ
ပြုလုပ်ခဲ့တယ်လို့လည်း အေအေစီအဖွဲ့ဝင် ကိုရဲမင်းက ပြောပါတယ်။

''မဲဆောက်ဘက်မှာတော့ အဖမ်းအဆီး တွေ ရပ်ထားတယ်။ သာမန်အသေးအဖွဲ့ဖမ်းဆီး
ငွေတောင်းတာတွေတော့ ရှိနေသေးတယ်။ မြန်မာတွေ အိမ်ပြန်ကုန်ကျလို့ ထိုင်းအလုပ်တွေလည်း
ဒုက္ခရောက်နေကြတယ်'' လို့လည်း ထိုင်းနိုင်ငံ မဲဆောက်မှာ အခြေချနေထိုင်နေတဲ့ ကိုဖေကိုက
ပြောပြပါတယ်။

မြန်မာအလုပ်သမားမှာ မြန်မာပြည်ဘက်ခြမ်း မြဝတီမြို့သို့ ကူးသွားခြင်းမရှိဘဲ မဲဆောက်မြို့မှာ
ခေတ္တခဏန နားခိုရင်း အခြေအနေစောင့်ကြည့်နေမှုတွေ ရှိနေတယ်လို့လည်း ကိုဖေကိုက
ဆိုပါတယ်။

မဲဆောက်မြို့ တာဝန်ရှိသူတွေက မှတ်ပုံတင်အထောက်အထားရှိသူတွေ အနေနဲ့
အိမ်ပြန်ခြင်းမပြုကြရန်နှင့် တရားဝင် အထောက်အထားများ ရရှိအောင် ကူညီဆောင်ရွက်ပေး
မယ်လို့ ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် ညစဉ် ကြေညာပေးနေတယ်လို့လည်း ဆိုပါတယ်။

လက်ရှိ ပြည်တွင်းသို့ ပြန်ဝင်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားပေါင်း ၃ဝ,ဝဝဝ
ကျော်ခန့်ရှိလာနေပါတယ်။

သစ်တောအတွင်း တွေ့မြင်ရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ။  ဓာတ်ပုံ - supplied

ဇွန်လ ၂ ရက်နေ့အတွင်းမှာတင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၅,ဝဝဝ ကျော် ပြန်လည်
ဝင်ရောက်ခဲ့တယ်လို့ မြဝတီမြို့မှာ ကြိုဆိုရေးလုပ်ဆောင်ပေးနေတဲ့ ကရင်ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ်ဖြစ်သူ ဦးသန့်စင်အောင်က မြန်မာတိုင်း(မ်)ကို ဇူလိုင် ၃ ရက်က ပြောပါတယ်။

အဆိုပါ အလုပ်သမားတွေကိုတော့ ပြည်နယ်အစိုးရဦးဆောင်တဲ့ အုပ်ချုပ်ရေး၊ အာဏာပိုင်များနှင့်
ရပ်မိရပ်ဖများ၊ လူမှုကူညီမှုအဖွဲ့အစည်းများက ပူးပေါင်း ကြိုဆိုလက်ခံပေးနေခြင်း ဖြစ်ပါတယ်။

ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာများနိုင်ငံအတွင်းရှိ နေရပ်ပြန်နိုင်ရေး၊ ကျန်းမာရေးထောက်ပံ့ပေး
မှုများကိုလည်း ကြိုဆိုရေးအဖွဲ့တွေက နေ့စဉ် ဆောင်ရွက်ပေးနေတယ်လို့ ဦးသန့်စင်အောင်က
ပြောပြပါတယ်။

''အရွယ်ကောင်းလေးတွေ အများဆုံးပြန်လာနေတာကို တွေ့နေရတယ်။ ကိုယ့်နိုင်ငံအတွက်
အလုပ်လုပ်နိုင်မည့် လူ့စွမ်းအားအရင်းမြစ်တွေက ကိုယ့်နိုင်ငံအတွက် မဖြစ်ဘဲ သူများနိုင်ငံအတွက်
ဖြစ်နေတာကိုတော့ စိတ်မကောင်းစွာ တွေ့နေရတယ်'' လို့ သူက ဆိုပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး