မြန်မာနိုင်ငံ တောင်ပိုင်းတစ်နေရာ ပင်လယ်ပြင်တွင် ဖြစ်၏။ လက်ထဲတွင်လှံတစ်ချောင်းကိုကိုင်ရင်း
အသက်ကို ခပ်မြန်မြန်ရှူသွင်းကာ ဆယ်ကျော်သက်လူငယ်လေးတစ်ဦး စိမ်းပြာရောင် ရေပြင်ထဲသို့
ဒိုင်ဗင်ထိုး ခုန်ဆင်းသွားသည်။ကြည်လင်သော ရေပြင်အောက်တွင်ကား ဘာမျှမရှိ။
သချုႋင်းအုတ်ဂူများနှင့် တူသော ကျိုးပဲ့နေသည့် သန္တာကျောက်တန်း အပိုင်းအစများ အတိပြီးနေသော
ပင်လယ်ကြမ်းပြင်ကသာ သူ့ကို ဆီးကြိုနေခဲ့သည်။
ဆယ်ကျော်သက် လူငယ်သည် မော်ကင်း၊ သို့မဟုတ် မြန်မာတို့က ဆလုံဟု ခေါ်သော တိုင်းရင်းသား
လူမျိုးဖြစ်သည်။ ဆလုံတို့မှာ ထိုင်းနိုင်ငံ နယ်စပ်အနီး ကျွန်းပေါင်း ၈ဝဝ ခန့်ရှိသည့် မြန်မာနိုင်ငံ၊
မြိတ်ကျွန်းစု ဒေသတစ်ဝိုက် ပင်လယ်ပြင်တွင် နှစ်ပေါင်းရာချီတိုင် ကျင်လည်ကျက်စားနေထိုင်ကြ
သူများဖြစ်သည်။ လူငယ်သည် မိရိုးဖလာ ရေငုပ်ခြင်း၊ ငါးဖမ်းခြင်းအတတ်ကို အထူးကျွမ်းကျင်စွာ
သင်ယူတတ်မြောက်ထားသူ ဖြစ်၏။
မကြာသေးမီ အချိန်အထိ ပင်လယ်ပြင်ကြီးသည် ဆလုံတို့အတွက် လိုအပ်သမျှ အရာရာ
ပံ့ပိုးပေးနိုင်သည့် ဘုံဗိမ္မာန်ကြီးဖြစ်သည်။ သူတို့ နေထိုင်သည့် လှေများမှာ ပင်လယ်တွင်း
အခြေစိုက်နေနိုင်သည်၊ စားစရာ ငါး၊ ပင်လယ်စာများအလုံအလောက်ရှိသည်။ ရှာဖွေတွေ့ရှိသော
ပုလဲများကို ကျွန်းသားများ ထံသွား၍ ဆီ၊ ဆန်တို့နှင့် လဲချင်က လဲလှယ်နိုင်သည်။
ပင်လယ်ပြင်ကြီးသည် ဆလုံတို့အတွက် အရာရာပြီးပြည့်စုံနေခဲ့သည်။

သို့ရာတွင် စီးပွားဖြစ် ငါးဖမ်းလုပ်ငန်းများ အလွန်အမင်း ကြီးထွားလာသည့်အခါ ယခင်က
ရေသယံဇာတ၊ ရေသတ္တဝါများ ပေါများကြွယ်ဝခဲ့ရာ ပင်လယ်ပြင်မှာ ယခုအခါ သယံဇာတများ
တဖြည်းဖြည်း ခမ်းခြောက် ကုန်ဆုံးလာခဲ့၏။ အဆိုပါ ငါးဖမ်းလှေအများစုမှာ အိမ်နီးချင်း ထိုင်းနိုင်ငံမှဟု
အများစုက ယုံကြည်ကြသည်။ ဒိုင်းနမိုက်ခွဲ၍ ငါးဖမ်းခြင်း၊ ပင်လယ်ကြမ်းပြင်အထိ ရောက်သော
ဆွဲပိုက်ကြီးများဖြင့် အကြီးအကျယ် ငါးဖမ်းခြင်းများကြောင့် ပျက်စီးမှုအတိုင်းအတာ ကြီးမားလှသည်။
ရက်စက်သော ကံကြမ္မာဟုပင် ဆိုရပေမည်။ အချို့ ဆလုံလူငယ်များမှာ ၄င်းတို့မျိုးဆက်ပေါင်းများစွာ
ရှင်သန်နေထိုင်ရန် ထောက်မပေးခဲ့သည့် ပင်လယ်ပြင်ကြီး ပျက်စီးရာပျက်စီးကြောင်း ဖြစ်ပေါ်စေမည့်
အဆိုပါ ငါးဖမ်းလုပ်ငန်းများတွင် ဝင်ရောက်အလုပ်လုပ်ကိုင်လာခဲ့ကြရသည်။
''ကျွန်တော်တို့ ငယ်ငယ်တုန်းက လင်ယောက်ျားရှာတာကို တစ်အိမ်လုံး ထိုင်စားနိုင်တယ်။ အခုတော့
တစ်မိသားစုလုံး အလုပ်လုပ်တောင် လောက်လောက်ငင မစားရဘူး'' ဟု သွပ်နှင့် ဆောက်ထားသည့်
ယိုင်နဲ့နဲ့ သူ့တဲအိမ်အပြင်ဘက်တွင် ဆေးတံကိုရှိုက်ဖွာရင်း မကြံုကလေးရွာ၏ ဆလုံရွာသူကြီး
(ဦး)ကားရှာက ပြောသည်။
မြိတ်ကျွန်းစုတွင် နေထိုင်သည့် ကရင်၊ ဗမာ၊ ဆလုံ လူမျိုးများအားလုံးကို အနောက်နိုင်ငံများက
'ပင်လယ် ဂျစ်ပစီများ'ဟု သိထားကြ၏။ ဆင်းရဲမွဲတေမှုနှင့် အလုပ်အကိုင်အခွင့်အလမ်း ကန့်သတ်မှု
များစွာကြောင့် ဆလုံတို့မှာ မတတ်သာသည့်အဆုံး ငါးဖမ်းအဖွဲ့များထံတွင် ရေငုပ်သမားများအဖြစ်
ဝင်ရောက် လုပ်ကိုင်လာကြရသည်။
''ဒိုင်းနမိုက်ခွဲပြီး သူတို့ အကြီးအကျယ် ငါးဖမ်းကြတယ်'' ဟု ဆလုံတို့နှင့်ဆယ်စုနှစ်ပေါင်းများစွာ
အလုပ်တွဲ လုပ်ဖူးသော ပြင်သစ်နိုင်ငံ၊ စီအင်န်အာရ်အက်စ် အစိုးရသုသေတအဖွဲ့မှ
ကျွမ်းကျင်သူပညာရှင် ဂျက်အီဗန်နော့က ပြောသည်။
''သူတို့ဟာ အစွန့်ပစ်ခံတွေလိုပါပဲ။ အသက်မွေးဝမ်းကျောင်းအတွက် ဒီအလုပ်ကလွဲ ဘာတစ်ခုမှ
ရွေးချယ်စရာ မရှိကြဘူး'' ဟု သူက ဆိုသည်။
ဒိုင်းနမိုက်ခွဲပြီး ငါးဖမ်းခြင်းမှာ ဥပဒေနှင့်မညီသဖြင့် သူတို့ စွန့်စားကြရ၏။ မည်သူမျှ မမြင်နိုင်သည့်
အစွန်ဘက်ကျွန်းများသို့ သူတို့ သွားကြရသည်။ ရေငုပ်သမားများမှာ လူသူမရှိသည့်
ကျွန်းများအရောက်၊ နေရာကောင်း၊ အကွက်ကောင်းကိုတွေ့သည်နှင့် မြန်မြန်ဆန်ဆန် ဒိုင်းနမိုက်ခွဲပြီး
ခပ်သုတ်သုတ် ငါးဖမ်းကြရသည်။ အချို့မှာ အောက်ဆီဂျင်ဘူးများကို ပလတ်စတစ်ပိုက်မှတစ်ဆင့်
လေရှူကြပြီး အချို့မှာမူ မည်သည့် ကိရိယာမှ မပါရှိကြချေ။
ရေငုပ်သမားများ ခံစားရလေ့ရှိသည့် ရေအောက်ဖိအားနှင့် ရေပေါ်ဖိအား အပြောင်းအလဲကြောင့်ဖြစ်
သည့် ရောဂါဒဏ်ကို ခံစားနေကြရသူများလည်း ရှိသည်။ ယင်းရောဂါမှာ တစ်သက်လုံး မသန်စွမ်း
ဖြစ်ကာ လမ်းပင် ကောင်းကောင်းမလျှောက်နိုင်သည်အထိ ဆိုးဝါးစေနိုင်သည်။

ဆလုံအချို့သည် ရေငုပ်နေရာမှ ရေပေါ်ပြန်အတက်မှာ သေဆုံးသွားကြသည်။ အချို့မှာမူ ရေပေါ်သို့
လုံးဝပင် ပြန်ပေါ်မလာတော့ဘဲ ပျောက်ကွယ်သွားကြ၏။ ပြည်ပသို့ စီးထွက်မည့် အကျိုးအမြတ်များစွာ
ဖြစ်ထွန်းဖို့ ဆလုံတို့ ပေးဆပ်ရမှု ကြီးမားလှသည်။
''လှေတွေက ထိုင်းက လာတာလို့ ပြောကြတယ်'' ဟု အသက် ၅၄ နှစ်အရွယ်ဆလုံလူမျိုး ကိုမတ်က
ပြောသည်။
ဆလုံအများအပြားအတွက်မူ စွန့်စားရမှုနှင့် ရရှိသည့် အကျိုးအမြတ်မှာ တန်သည်ဟု ဆို၏။
ကျွန်းပေါ်တွင် တစ်လလုံး အလုပ်လုပ်မှ ဝင်ငွေသုံးဒေါ်လာခန့်သာ ရရှိနိုင်ချိန်တွင် ဆလုံရေငုပ်သမား
တို့မှာ တစ်ညတည်းနှင့် ဒေါ်လာ ၁ဝဝ ကျော် ရရှိနိုင်သည်။
အချို့ ဆလုံတို့မှာ အလုပ်ဒဏ်ကို ခံနိုင်ရန် မူးယစ်ဆေး သုံးစွဲကြ၏။ ဝင်းမြတ် (အမည်ရင်းမဟုတ်)
ဟူသော ဆလုံလူငယ်ကလေးမှာ၊ ယာဘဟု ခေါ်သည့် မက်သာဖက်တမင်း မူးယစ်ဆေးစွဲနေသည့်
သူ့ဦးလေး ကွယ်လွန်ချိန်၌ ကလေးအရွယ်သာ ရှိသေးသည်။ ဒေသတစ်ခုလုံးတွင် ယာဘဆေးပြားများ
ပျံ့နှံ့လျက်ရှိ၏။
''ဦးလေးက ရသမျှ ပိုက်ဆံကို ယာဘဆေးပြားတွေ ဝယ်သုံးတာပဲ'' ဟု ညောင်ဝီးကျွန်းနေ
အသက် ၂ဝ အရွယ် ဝင်းမြတ်က အေအက်ဖ်ပီကို ပြောသည်။
''ဆေးစွဲပြီး သူတဖြည်းဖြည်း အားနည်းလာတယ်။ နောက်ဆုံး ဆေးပြားမရရင် ဦးလေးက အရမ်း
ဒေါသတွေ ထွက်လာရော။ ကျွန်တော်တို့ မိသားစုအပေါ် အတော်ကို ဒုက္ခပေးခဲ့တာ။ အခုတော့လည်း
ဆေးဒဏ်နဲ့ ဆုံးသွားရှာပါပြီ'' ဟု ရင်ဖွင့်ရင်း သူ့အမည်ရင်းကို မဖော်ပြရန် ပြောသည်။
လူ့အခွင့်အရေးလှုပ်ရှားသူ (ဦး)ခင်မောင်ထွေးကမူ ကျွန်းပေါ်ရှိ ဆလုံလူမျိုးအမျိုးသားများ၏
၄ဝ ရာခိုင်နှုန်းခန့်မှာ ယာဘ သို့မဟုတ် ဘိန်းဖြူ စသည့် မြန်မာနယ်စပ်ဒေသများမှထွက်သည့်
မူးယစ်ဆေးဝါးတစ်မျိုးမျိုးကို စွဲလျက်ရှိသည်ဟု ခန့်မှန်းသည်။ သူတို့ အများစုမှာ လူငယ်များဖြစ်ကြ၏။
ဆလုံလူငယ်တို့မှာ မိမိတိုင်းရင်းသူ ဆလုံအမျိုးသမီးများကို စွန့်ခွာပြီး ဗမာ၊ ကရင်စသည့်
အခြားတိုင်းရင်းသူများနှင့် အိမ်ထောင်ပြုကာ ပင်လယ်နှင့် ဝေးပြီး ပို၍ကုန်းတွင်းကျရာ တစ်နယ်
တစ်ကျေး၌ အခြေချသွားသူ အရေအတွက် များပြားလာခဲ့သည်။
''အခုဆိုရင် ဆလုံလူမျိုး အမျိုးသားဦးရေက အမျိုးသမီးလောက်တောင် များများစားစား မကျန်တော့ဘူး''
ဟုအမေ ဆလုံ၊ အဖေ ဗမာကပြား ဖြစ်သော အသက် ၂ဝ အရွယ် ထွန်းအောင်စိုးက ပြောသည်။
ဆလုံလူမျိုးအရေအတွက်မှာ ယခင်ငါးထောင်ဝန်းကျင် ရှိခဲ့ရာမှ ယခုအခါ ၂,ဝဝဝ မှ
၃,ဝဝဝ အကြားသာ ရှိတော့သည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထား၏။
ပင်လယ်အတွင်း ငါးသတ္တဝါရှားပါးလာခြင်းမှာ ဆလုံတို့အတွက် ဘေးဆိုးကြီးပင် ဖြစ်သည်။
နော်ဝေနိုင်ငံမှငါးလုပ်ငန်းသုတေသန ရေယာဉ်တစ်စင်းသည် မြိတ်ကျွန်းစုတစ်ဝိုက်ပင်လယ်ပြင်၌
၁၉၈ဝ ပြည့်နှစ်က ပထမအကြိမ်အဖြစ်လည်းကောင်း၊ ၂ဝ၁၃ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ်
လည်းကောင်း၊ သုတေသနတိုင်းတာမှုများ ပြုလုပ်ခဲ့ရာ၊ ငါးအလွန်အမင်း ဖမ်းယူမှုများကြောင့်
ယင်းဒေသ ပင်လယ်ပြင်ရှိ ငါးကောင်ရေမှာ ၉ဝ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်ဟု ဆိုသည်။

အင်န်ဂျီအိုအဖွဲ့တစ်ဖွဲ့ဖြစ်သော Flora & Fauna International မှ သဘာဝပတ်ဝန်းကျင်
အကြံပေး ရောဘတ်ဟောင်းဝဒ်က မြိတ်ကျွန်းစုဒေသတွင် ငါးဖမ်းလှေငယ် ၈,ဝဝဝ ကျော်အပြင်
ပင်လယ်ကြမ်းပြင်အထိ ရောက်သော ဆွဲပိုက်ဖြင့် အကြီးအကျယ် ငါးဖမ်းနေမှုများ အများအပြား
ရှိသည်ဟု ပြောသည်။
''အခုအတိုင်း ဆက်သွားနေရင် တစ်ချိန်မှာ ငါးလုပ်ငန်းဟာ လုံးဝပြိုလဲသွားလိမ့်မယ်'' ဟု သူက
သတိပေး၏။
ဆလုံအများအပြားကလည်း ငါးဖမ်းလုပ်ငန်းမှာ သူတို့အသက်မွေးမှုအတွက် မဖူလုံတော့ဟု
ဆိုလာကြသည်။ ယနေ့အချိန်တွင် မြိတ်ကျွန်းစုရှိ ဆလုံလူမျိုး ထက်ဝက်ကျော်မှာ သူတို့
ဘိုးဘေးဘီဘင်များကဲ့သို့ ပင်လယ် အတွင်း ကျင်လည်ကျက်စားနေထိုင်သည့် အလေ့အထ
မရှိကြတော့ချေ။ ပင်လယ်အတွင်း ဆယ်စုနှစ်ခန့်အထိ နေထိုင်ရန် အသုံးပြုသော ကဘန်းဆိုသည့်
ရိုးရာလှေများကိုလည်း မည်သူမျှ မဆောက်လုပ်ကြတော့ပေ။
မကြံုကလေးရွာမှ ဆလုံသူကြီး (ဦး)ကားရှာမှာမူ ရှေးယခင်အချိန်များကို အောက်မေ့ တမ်းတလျက်
ရှိသည်။
''ဟိုးအရင် လှေပေါ်မှာ နေတုန်းကဆိုရင် တစ်နေရာမှာ ရှာဖွေစားသောက်လို့ အဆင်မပြေရင်
နောက် တစ်နေရာ ပြောင်းသွားလိုက်တာပဲ။ အခု ကုန်းပေါ်မှာကျတော့ ပြောင်းလို့ မရဘူး။
လှေပေါ်မှာ နေခဲ့တဲ့ ဘဝက ပိုကောင်းပါတယ်'' ဟု သူက ဆိုသည်။
အေအက်ဖ်ပီ
















