မဘသအမည်ပြောင်းခြင်းသည် မဟနကို မလိမ့်တပတ်လုပ်ခြင်းဖြစ်၊ လိုအပ်သည့်အမိန့်ညွှန်ကြားချက် ဆက်လက်ထုတ်ပြန်မည်ဟု ဝန်ကြီးသူရဦးအောင်ကိုပြော

မဘသအမည်ပြောင်းခြင်းသည် မဟနကို မလိမ့်တပတ်လုပ်ခြင်းဖြစ်၊ လိုအပ်သည့်အမိန့်ညွှန်ကြားချက် ဆက်လက်ထုတ်ပြန်မည်ဟု ဝန်ကြီးသူရဦးအောင်ကိုပြော

 

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး (မဘသ) အဖွဲ့ကို အမည်ပြောင်းကာ ဗုဒ္ဓဓမ္မ
ပရဟိတဖောင်ဒေးရှင်းအဖြစ် ဖွဲ့စည်းဆောင်ရွက်ခြင်းသည် သံဃမဟာနာယကအဖွဲ့၏
ညွှန်ကြားချက်ကို မလိမ့်တပတ်လုပ်ခြင်းဖြစ်သည့်အတွက် လိုအပ်သော အမိန့်ညွှန်ကြား
ချက်များကို ဆက်လက်ထုတ်ပြန်မည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုက ဇူလိုင်လ ၃ ရက်နေ့တွင်ရှင်းလင်းပြောကြားသည်။

နိုင်ငံတော်သံဃမဟာနာယက(မဟန)အဖွဲ့က မဘသဆိုသည့်အမည်ကိုမသုံးရန်
ညွှန်ကြားချက်ထုတ်ပြန်ခဲ့ခြင်းသည် ဖျက်သိမ်းစေခဲ့ခြင်းဖြစ်သော်လည်း ဗုဒ္ဓဓမ္မပရဟိတ
ဖောင်ဒေးရှင်းအဖြစ် အမည်ပြောင်းကာ မျိုးချစ်အဖွဲ့များ ထပ်မံပေါ်ပေါက်လာခြင်းသည်
မဟနအဖွဲ့၏ ညွှန်ကြားချက်ကို မလိမ့်တပတ်လုပ်ခြင်းဖြစ်ကြောင်း ဇူလိုင်လ ၃ရက်နေ့က
ကျင်းပသည့် သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီအစည်းအဝေး
အပြီး မီဒီယာများနှင့်တွေ့ဆုံစဉ် ဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

မဘသအမည်ဖြင့် မည့်သည့်ရဟန်းပုဂ္ဂိုလ်ဖြစ်စေ၊ လူပုဂ္ဂိုလ်ဖြစ်စေ၊ တစ်ဦးတစ်ယောက်
သို့မဟုတ် အဖွဲ့လိုက်အနေဖြင့် ဖြစ်စေ မည်သည့်လှုပ်ရှားမှုမျှ မလုပ်ရဟု တားမြစ်ခြင်းသည်
မဘသအဖွဲ့ကို ဖျက်သိမ်းစေခြင်းဖြစ်ပြီး သံဃမဟာနာယကအဖွဲ့၏ ညွှန်ကြားချက်ပါအတိုင်း
ဇူလိုင် ၁၅ ရက်နေ့ နောက်ဆုံးထားကာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

''မဘသကနေ နောက်လည်း မျိုးချစ်အဖွဲ့တွေအများကြီးပေါ် လာသေးတယ်။ ဒါတွေက
နိုင်ငံတော်သံဃနာယကရဲ့ ညွှန်ကြားချက်၊ ညွှန်ကြားလွှာတွေအပေါ်မှာ မလိမ့်တပတ်
လုပ်တာဖြစ်ပါတယ်။ ဒီအတွက် သံဃမဟာနာယအနေနဲ့ အခြေအနေ စောင့်ကြည့်ပြီးတော့
လိုအပ်တဲ့အရေးယူဆောင်ရွက်မှုများ လိုအပ်တဲ့အချိန်မှာ လုပ်သွားမှာဖြစ်ပါတယ်''ဟု
ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် နိုင်ငံအတွင်းရှိလူဦး ရေ ၈ဝ ရာခိုင်နှုန်းကျော်
ကိုးကွယ်သည့် ဘာသာရေးဦးဆောင်အဖွဲ့ဖြစ်ပြီး ရဟန်းသံဃာ ငါးသိန်းကျော်ကို
ကိုယ်စားပြု၍ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အဖွဲ့အစည်းဖြစ်
သည့်အတွက် မည်သည့်အဖွဲ့အစည်းကမှ ပခုံးချင်းယှဉ်၍ မရကြောင်းနှင့် ကျန်အဖွဲ့
အစည်းများသည် တရားမဝင်အဖွဲ့အစည်းများသာဖြစ်ကြောင်း ဝန်ကြီးသူရဦးအောင်ကိုက
သတိပေး ပြောဆိုသည်။

'' နောက်ပိုင်းမှာ သူတို့လှုပ်ရှားမှုကို မူတည်ပြီးတော့ လိုအပ်တဲ့အမိန့်ညွှန်ကြားချက်တွေ
ဆက်ပြီးထွက်လာဦးမယ်ဆိုတာ စောင့်ကြည့်ပါတော့'' ဟု သူရဦးအောင်ကို က ပြောသည်။

သံဃမဟာနာယကအဖွဲ့သည် မဘသအဖွဲ့ အမည်ခံပုဂ္ဂိုလ်များသည် တစ်ဦးချင်းဖြစ်စေ
အဖွဲ့လိုက်ဖြစ်စေ မဘသ အမည်ကို သုံးစွဲလျက် မည့်သည့်အမှုကိစ္စမျိုးကိုမျှ ဆောင်ရွက်ခြင်း
မပြုရန်နှင့် မြန်မာပြည်အနှံ စိုက်ထူထားသည့် မဘသဆိုင်းဘုတ်များကို ဇူလိုင်လ ၁၅ ရက်
နေ့နောက်ဆုံးထားပြီး အပြီးအပိုင်ဖြုတ်သိမ်းရန်ဟု ဆုံးဖြတ်ညွှန်ကြားထားပြီး လိုက်နာခြင်း
မရှိပါက ရဟန်းပုဂ္ဂိုလ်ဖြစ်လျှင် သံဃာ့အဖွဲ့ အစည်းဆိုင်ရာဥပဒေ ၂ဝ/၉ဝ ဖြင့် အရေးယူရန်
နှင့် လူပုဂ္ဂိုလ်ဖြစ်လျှင် သက်ဆိုင်ရာတည်ဆဲဥပဒေဖြင့် ပြည်ထဲရေးဝန်ကြီးဌာနက
အမြန်ဆုံးအရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ထားဖြစ်သည်။

ယခင် မဘသအဖွဲ့သည် သံဃမဟာနာယကအဖွဲ့၏ ညွှန်ကြားချက်များကို လိုက်နာ
ဆောင်ရွက်သောအားဖြင့် သံဃမဟာနာယကဆရာတော်ကြီးများ၏ သြဝါဒကို မဆန့်ကျင်
သောအားဖြင့် အမျိုးဘာသာသာသနာလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်သွားရန်
'ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း' ပြောင်းလဲခဲ့သည်။

မန္တလေး မဘသအဖွဲ့သည် မဘသအမည် သုံးစွဲမှုနှင့် ရပ်တည်မှုအတွက် နိုင်ငံတော်
သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်သမ္မတနှင့်အစိုးရအဖွဲ့၊ သာသနာရေးနှင့်ယဉ်ကျေးမှု
ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ထံ တင်ပြကာ 
ပြန်လည်သုံးသပ်ပေးရန် မေတ္တာရပ်ခံ တောင်းဆိုထားသည်။

''ဦးဇင်းတို့က ဘာမှ ပြောစရာမရှိဘူး။ မလိမ့်တပတ်ဆိုတာက ဝန်ကြီးတစ်ယောက်အနေနဲ့
သံဃာ့လုပ်ထုံးလုပ်နည်းကို မသိဘဲ လက်လွတ်စပယ် ပြောလိုက်တာပါ။ မလိမ့်တပတ်
လုပ်တဲ့နည်း မဟုတ်ဘဲ သံဃာ့စည်းမျဉ်း လုပ်ထုံးလုပ်နည်းအရရော၊ အခြေခံဥပဒေရော၊
အသင်းအဖွဲ့ဥပဒေရော အညီလုပ်ထားတာ။ အဲဒီစကားကိုတော့ ကန့်ကွက်ပါတယ်'' ဟု
ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသောပါကက
မိန့်ကြားသည်။

ယခင် မဘသဗဟိုအဖွဲ့အနေဖြင့် 'ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း' ကို ပြောင်းလဲခဲ့သော်လည်း
ကရင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ မဘသအဖွဲ့များက ၄င်းတို့သဘောထား
အတိုင်း ဥပဒေမူဘောင်အရ ဆက်လက်ရပ်တည်သွားမည်ဟု ပြောကြားထားသဖြင့်
ဝန်ကြီးဌာနအနေဖြင့် မည်သို့ ဆက်လက်ဆောင်ရွက်သွားမည်ကို သတ်မှတ်ကာလအထိ
စောင့်ကြည့်ရမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။

ဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးတွင် သာသနာတော်၏ ပြင်ပမှာလာသည့်
ရန်သူများထက် အတွင်းမှ လှိုက်စားနေသော ရန်သူများ၏ အန္တရာယ်ကို သတိပြုကာ
အဓမ္မဝါဒများကို စောင့်ကြည်ရန် လိုအပ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယက
(မဟန) အဖွဲ့ အစည်းအဝေးတွင် လျှောက်ထားခဲ့သည်။

သာသနာတော် တော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် အဓမ္မဝါဒများကို
တစိုက်မတ်မတ်စောင့်ကြည့်ကာ သံဃမဟာနာယကအဖွဲ့နှင့် အစိုးရတို့ ပူးပေါင်းလျက်
ဓမ္မစက်နှင့် အာဏာစက် ယှဉ်တွဲကာ ထိရောက်စွာ အရေးယူဆောင်ရွက်သွားရန်
လိုအပ်ကြောင်း ၄င်းက ဆိုသည်။

သံဃမဟာနာယကအဖွဲ့ ဥကဌဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသက ရဟန်း
သံဃာတော်များသည် ဆန့်ကျင်ဘက်စကားများဖြင့် အငြင်းပွားပြောဆိုခြင်းကို အထူး
ရှောင်ကြဉ်ရန် လိုအပ်ကာ ရဟန်းတော်များအားလုံး တစ်သားတည်းစည်းလုံးညီညွတ်နေမှ
သာလျှင် သာသနာတော် သန့်ရှင်းတည်တံ့နေမည်ဖြစ်ကြောင်း၊ မိမိနှင့် သဘောထား
မတိုက်ဆိုင်သူများကို အငြင်းပွားနေခြင်းသည် ကြောက်မက်ဖွယ်ဘေးအဖြစ် ရှုမြင်လျက်
အမှန်အတိုင်းသိမြင်ကာ သာသနာ့ရေးရာကိစ္စများကို နူးညံ့ပြေပြစ်သော စကားများဖြင့်
ပြောဆိုကြရန် လိုအပ်ကြောင်း မိန့်ကြားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး