နိုင်ငံရေးနှင့် လုံခြံုရေးဆိုင်ရာ ကိစ္စရပ်များနှင့် စီးပွားရေး စင်္ကြံပူးပေါင်းဆောင်ရွက်မှုအတွက်
အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားသည်။
"နှစ်နိုင်ငံချစ်ကြည်မှု ပိုမိုတိုးတက်စေမယ့် ကိစ္စတွေကို ကျွန်တော်တို့ လုပ်ဆောင် သွားမှာပါ" ဟု
အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီတွင် ယခုရက်သတ္တပတ်အတွင်း ကျင်းပပြုလုပ်ခဲ့သည့်
ကိုးကြိမ်မြောက် အိန္ဒိယ - အာဆီယံ ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်လာစဉ် ၎င်းက ပြောသည်။
ရေကြောင်းလုံခြံုရေးဆိုင်ရာနှင့် ဖြစ်ရိုး ဖြစ်စဉ်မဟုတ်သော အကြမ်းဖက်မှုများဆိုင်ရာ
လုံခြံုရေးကိစ္စရပ်များတွင် အိန္ဒိယနှင့် ပိုမိုပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး စီးပွားရေးစင်္ကြံ
ပူးပေါင်းဆောင်ရွက်မှုတွင် လမ်းပန်းဆက်သွယ်ရေးချိတ်ဆက်မှုနှင့် ကုန်သွယ်မှု တိုးမြှင့်ရေးကို
အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟု ဦးကျော်တင့်ဆွေက ပြောသည်။
မြန်မာနိုင်ငံအပါအဝင် အာဆီယံဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ကုန်သွယ်မှု၊
ပူးပေါင်းချိတ်ဆက်နိုင်မှုနှင့် ယဉ်ကျေးမှုဆိုသည့် အချက်သုံးချက်ပေါ် အဓိကထား ဆောင်ရွက်မည်
ဖြစ်ကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီး မစ္စစ်ဆူရှမာ ဆွာရာ့ရ်က အဆိုပါဆွေးနွေးပွဲ
ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။
အာဆီယံဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ရုပ်ပိုင်းဆိုင်ရာ သာမက
ဒစ်ဂျစ်တယ်ပိုင်းချိတ်ဆက်မှု လုပ်ငန်းများကိုပါ တိုးမြှင့်နိုင်ရန် အားထုတ်သွားမည် ဖြစ်ကြောင်း
၎င်းက ပြောသည်။
၂၀၁၆ ခုနှစ်၊ ဩဂုတ်လအတွင်း သမ္မတ ဦးထင်ကျော်၏ အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း နားလည်မှု
စာချွန်လွှာ လေးခု လက်မှတ်ရေးထိုးခဲ့ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို
ဆွေးနွေးခဲ့သည်။
အဆိုပါ ကိစ္စရပ်များတွင် နှစ်နိုင်ငံနယ်စပ်တစ်လျှောက် လုံခြုံရေးနှင့် ကာကွယ်ရေး၊ ပင်လယ်ရေကြောင်း
လုံခြုံရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် အမေရိကန်ဒေါ်လာသန်း ၄၅၀ တန်
ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ပို့ဆောင်ရေးစီမံကိန်း အကောင်အထည်ဖော်မှု အခြေအနေများကို
ဆွေးနွေးခဲ့ကြသည်။
ကိုးကြိမ်မြောက် အိန္ဒိယ - အာဆီယံ ဒေလီ ညှိနှိုင်းဆွေးနွေးပွဲကို အိန္ဒိယနိုင်ငံ နိုင်ငံတကာရေးရာဌာန၊
လေ့လာစောင့်ကြည့်သူများ သုတေသနဖောင်ဒေးရှင်းနှင့် အိန္ဒိယနိုင်ငံ ကုန်သည်နှင့်
စက်မှုလုပ်ငန်းရှင်များ အသင်းတို့က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး အာဆီယံ ဒေသတွင်းနိုင်ငံများက
နိုင်ငံခြားရေးဝန်ကြီးများနှင့် စီးပွားရေးဆိုင်ရာ ပညာရှင်များ တက်ရောက်ခဲ့ကြပြီး ရေကြောင်းလုံခြံုရေး၊
ကုန်သွယ်မှုစီးပွားရေးနှင့် အခြေခံအဆောက်အအုံ စသည့်အချက်သုံးချက်ကို
အဓိက ဆွေးနွေးခဲ့ကြသည်။
















