ဇန်နဝါရီလမှ ဇွန်လ ၂၄ ရက်အထိ စာရင်းအရ တစ်နိုင်ငံလုံးတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၈,၁ဝဝ
ကျော်နှင့် သေဆုံးသူ ၄၄ ဦးအထိရှိလာကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
ယခုနှစ်အတွင်း ရန်ကုန်း၊ ဧရာဝတီ၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်များတွင် သွေးလွန်တုပ်ကွေးဖြစ်ပွား
မှုနှုန်း များသည့်ဒေသများဖြစ်သည်ဟု အဆိုပါဌာနမှ သိရသည်။
''သေဆုံးတဲ့သူတွေထဲမှာ ကလေးတွေအပြင်ကို အလုပ်လုပ်နိုင်တဲ့အရွယ်တွေဖြစ်တဲ့ ၂ဝ ကျော်၊
၃ဝ ကျော်၊ အသက် ၄ဝ ကျော်တွေအထိ ပါတာကို တွေ့ရတယ်။ ဒါတွေက ဗိုင်းရပ်စ်ပြင်းထန်မှုကြောင့်
ဖြစ်တယ်'' ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး (သွေးလွန်တုပ်ကွေး ကာကွယ်
နှိမ်နင်းရေးစီမံချက်မန်နေဂျာ) ဒေါက်တာဇော်လင်းက ယမန်နေ့တွင် ပြောသည်။
သွေးလွန်တုပ်ကွေးရောဂါသည် တစ်နှစ်ပတ်လုံး ဖြစ်ပွားနေပြီး ဇူလိုင်လသည် သွေးလွန်တုပ်ကွေး
ဖြစ်ပွားမှု အမြင့်ဆုံးကာလဖြစ်ပြီး လူထုအနေဖြင့် ကလေးသူငယ်များ၊ သို့မဟုတ် မိမိကိုယ်တိုင်
သွေးလွန်တုပ်ကွေး သံသယလက္ခဏာများ ဖြစ်ပေါ်ခံစားရပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့
သွားရောက်ပြသရန် လိုအပ်ကြောင်း ၄င်းက ပြောသည်။
ယမန်နှစ်က တစ်နှစ်ပတ်လုံးတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁ဝ,ဝဝဝ ဝန်းကျင်သာရှိခဲ့ပြီး
ယခုနှစ်သွေးလွန် တုပ်ကွေးဖြစ်ပွားမှုနှုန်းမှာ အဆိုပါအရေအတွက်ထက် ကျော်လွန်နိုင်သည်ဟု
ကျန်းမာရေးဦးစီးဌာနက ခန့်မှန်းထားသည်။















