ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရန် ရွှေတိဂုံစေတီတော်၏ ပထမ အဆင့် တိုင်းတာစစ်ဆေးမှုများကို ပြင်သစ်နိုင်ငံသို့ ပေးပို့ထား

ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရန် ရွှေတိဂုံစေတီတော်၏ ပထမ အဆင့် တိုင်းတာစစ်ဆေးမှုများကို ပြင်သစ်နိုင်ငံသို့ ပေးပို့ထား

ရွှေတိဂုံစေတီတော်ကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရန် ပြည်တွင်းနှင့် နိုင်ငံတကာ ကျွမ်းကျင်
ပညာရှင်များဖြင့် ပထမအဆင့် တိုင်းတာစစ်ဆေးမှုများ ပြုလုပ်ကာ ပြင်သစ်နိုင်ငံသို့ ပေးပို့ထားပြီး
ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက
ဇူလိုင် ၃ ရက်တွင် မြန်မာတိုင်း(မ်) ကို ပြောသည်။

စေတီတော်ကို တိုင်းတာစစ်ဆေးမှုကို ပြုလုပ်ရန် ဂျပန်၊ ထိုင်း၊ ပြင်သစ်နှင့် ပြည်တွင်းမှ ဗိသုကာနှင့်
အင်ဂျင်နီယာဆိုင်ရာ ကျွမ်းကျင်ပညာရှင်များဖြင့် အဖွဲ့ဖွဲ့ကာ တိုင်းတာစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း
၄င်းက ဆိုသည်။

''ပထမအဆင့်အနေနဲ့ ဗိသုကာနဲ့ အင်ဂျင်နီယာပညာရှင်အဖွဲ့တွေကနေ ပထမအကြိမ် ရွှေတိဂုံ
စေတီတော်မြတ်ကြီးကို နောင်နှစ်ပေါင်းရာထောင်ချီ တည်တံ့ခိုင်ခံဖို့ကို ကွင်းဆင်းလေ့လာတိုင်းတာမှု
လုပ်ပြီးပါပြီ။ ဒီတိုင်းတာ အတည်ပြုချက်တွေကို ပြင်သစ်ကို ပို့ပါတယ်။ ဒါကို ခေတ်မီနည်း
ကိရိယာတွေနဲ့ တိုင်းတာစစ်ဆေးပြီးတော့မှ ထွက်လာတဲ့ ရလဒ်ကို ကြည့်ပြီး ဒီကို ပြန်ပို့မယ်။
ပြီးမှ လိုအပ်တဲ့ ဗိသုကာ အင်ဂျင်နီယာ ကျွမ်းကျင်ပညာရှင်တွေနဲ့ ပြုပြင်မှုတွေ ကြံ့ခိုင်မှုတွေ
လုပ်ပါမယ်။ ပထမအဆင့်ပဲ ပြီးပါသေးတယ်'' ဟု သူရဦးအောင်ကိုက ပြောသည်။

ရွှေတိဂုံစေတီတော်မြတ်ကို ၂ဝ၁၉ ခုနှစ် စက်တင်ဘာလတွင် ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရန်
ကမ္ဘာ့ယူနက်စကိုအဖွဲ့ကို ယာယီအမည်စာရင်း ပေးသွင်းထားပြီး ယင်းမတိုင်မီ ၂ဝ၁၈ ခုနှစ်
စက်တင်ဘာတွင် ရခိုင်ပြည်နယ် မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရန်
လျာထားဆောင်ရွက်လျက်ရှိသည်။

ရွှေတိဂုံစေတီတော်ကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရာတွင် လွယ်ကူမြန်ဆန်မှုရှိစေရန်
နိုင်ငံတော် သမ္မတရုံး၏ အမိန့်ညွန်ကြားချက်ဖြင့် ဦးစီးကော်မတီတစ်ခုကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊
အဆိုပါကော်မတီတွင် ဥက္ကဋ္ဌအဖြစ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက
တာဝန်ယူဆောင်ရွက်ကာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့နှင့်
သက်ဆိုင်ရာ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဂေါပကအဖွဲ့ဝင်များ၊ ဗိသုကာနှင့်
အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များဖြင့် ပါဝင်ဖွဲ့စည်းထားပြီးဖြစ်သည်ဟု
၄င်းက ပြောသည်။

ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ရှေးဟောင်းသုတေသန ဌာန
အဖွဲ့တို့က တစ်လတစ်ကြိမ် အစည်းအဝေးထိုင်မည်ဖြစ်ပြီး ဦးစီးကော်မတီက အစည်းအဝေးကို
သုံးလတစ်ကြိမ် ပြုလုပ်သွားမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး