ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော လက်နက်ကိုင်တိုက်ခိုက်မှုပြဿနာကို ထိန်းချုပ်နိုင်ရေး
အတွက် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကို ဆောင်ရွက် နေကြောင်း အမျိုးသားလုံခြံုရေးဆိုင်ရာ အကြံပေး
ပုဂ္ဂိုလ်ဦးသောင်းထွန်းက ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ်တွင် ပြောကြားဆွေးနွေးခဲ့သည်ဟု
နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ယမန်နေ့တွင် သတင်းထုတ်ပြန်
ထားသည်။
ဦးသောင်းထွန်းသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး၏ ဖိတ်ကြားချက်အရ ဒါကာမြို့တော်သို့
ဇူလိုင် ၂ ရက်မှ ၄ ရက်အထိ သွားရောက်ခဲ့ပြီး၊ နှစ်နိုင်ငံနယ်စပ်အရေး ပူးပေါင်းဆောင်ရွက်ရန်
ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်ဘက်ကမူ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့်ပတ်သက်ပြီး Zero Tolerance မူကို
ကျင့်သုံးကြောင်း၊ ၄င်း၏နယ်မြေကို အသုံးပြုပြီး၊ အခြားနိုင်ငံတစ်နိုင်ငံကို ဆန့်ကျင်သော မည်သည့်
အဖွဲ့၊ မည်သည့်ပုဂ္ဂိုလ်ကိုမျှ ၄င်း၏မြေပေါ်တွင် လက်မခံသည့်မူကို ကျင့်သုံးကြောင်း ဘင်္ဂလားဒေ့ရှ်
ဝန်ကြီး ရှိတ်ခ်ဟာဆီနာက ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်ချက်က ဆိုသည်။
နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ အကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ
အကြား နယ်စပ်ဆက်သွယ်ရေးရုံးများ တည်ထောင်ရေးအဆိုပြုချက်နှင့် လုံခြံုရေး ပူးပေါင်း
ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများကို ဆောလျင်စွာ လက်မှတ်ရေးထိုးရေးကိုလည်း
ဆွေးနွေးခဲ့သည်။
မြန်မာဘက်မှ ထွက်ပြေးလာသည် ဆိုသူများကို ပြန်လည်လက်ခံရေးကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က
မေတ္တာရပ်ခံ ခဲ့ကြောင်းနှင့် အဆိုပါပြဿနာများကို ''နှစ်နိုင်ငံပူးတွဲအဖြေရှာမည်'' ဟု ပြောကြားကြောင်း
ဘင်္ဂလားဒေ့ရှ် သတင်းဌာန Prothom Alo တွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသတွင် အောက်တိုဘာ ၉ ရက် တိုက်ခိုက်မှုနောက်ပိုင်း
ဒုက္ခသည် စခန်းများတွင် အမည်မသိလူစုများ၏ သတ်ဖြတ်ခံရမှုများ ဆက်လက်ဖြစ်ပေါ် နေသည်။
ဇူလိုင် ၄ ရက်တွင် မောင်တောမြို့နယ်၊ သဲချောင်း ရွာသားနှစ်ဦး ပျောက်ဆုံးနေပြီး၊ ငရန့်ချောင်း
ရပ်ကွက်နေသူ နှစ်ဦးသေဆုံးကာ၊ မောင်နှမကျေးရွာနေသူတစ်ဦးကို ဖမ်းဆီးထားသည်ဟု နိုင်ငံတော်
အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။
ဒေသခံ သတင်းပေးတစ်ဦး၏ ပြောကြားချက်အရ ကျူးလွန်သူဟု ယူဆရသည့် အမည်မသိလူ
၁ဝ ဦးကို ဖမ်းဆီးရရှိရန် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ၏ စာရင်းအရ ရခိုင်ပြည်နယ်
မောင်တောဒေသတွင် အကြမ်းဖက်စီးနင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် ပြီးခဲ့သည့်နှစ်၊
အောက်တိုဘာလမှ ယခုနှစ်၊ ဇူလိုင် ၄ ရက်အထိ အကြမ်းဖက် သတ်ဖြတ်ခံရမှုကြောင့်
သေဆုံးသူ ၄၃ ဦးရှိပြီး၊ ၂၆ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း အစိုးရ လုံခြံုရေးအဖွဲ့ဝင်များက ကျူးလွန်သည့် လူ့အခွင့်အရေး
ချိုးဖောက်မှုများနှင့် ပတ်သက်၍ အချက်အလက် ရှာဖွေဖော်ထုတ်ရေးအဖွဲ့တစ်ခု ဖွဲ့စည်း
စေလွှတ်ရန် ကုလသမဂ္ဂ လုံခြံုရေး ကောင်စီက ယခုနှစ် မတ်လတွင် ဆုံးဖြတ်ခဲ့ရာ မြန်မာနိုင်ငံ
အစိုးရက အဆိုပါဆုံးဖြတ်ချက်ကို လက်မခံကြောင်း ထုတ်ပြန်ခဲ့သည်။
ယင်းအချက်အလက် ရှာဖွေဖော်ထုတ်ရေးအဖွဲ့ကို မြန်မာနိုင်ငံအတွင်းသို့ လာရောက်ခွင့်မပြုရန်
လိုအပ်သော ညွှန်ကြားမှုများပြုလုပ်ကာ ကာကွယ် တားဆီးသွားမည်ဖြစ်သည်ဟု နိုင်ငံခြားရေး
ဒုတိယဝန်ကြီး ဦးကျော်တင်က ပြည်သူ့လွှတ်တော်သို့ ဇွန်လ ၂၉ ရက်တွင် ပြောကြားသည်။
ရခိုင်ပြည်နယ်နှင့် ပတ်သက်သည့် အထူးအစည်းအဝေးတစ်ရပ်ကို နိုင်ငံတော်သမ္မတအိမ်တော်တွင်
ဇွန် ၃ဝ ရက်က ကျင်းပခဲ့ပြီး၊ မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ဆောင်ရွက်ချက်များ၊
အကြမ်းဖက်တိုက်ခိုက်မှု အခြေအနေများနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ လုံခြံုရေးဆောင်ရွက်မည့်
အစီအစဉ်များကို ဆွေးနွေးခဲ့သည်ဟု သတင်းထုတ်ပြန်သည်။
ဒေါက်တာကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ကြားဖြတ်
အစီရင်ခံစာ အကောင်အထည်ဖော်မှုနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့သည့်
အချက်အလက် ရှာဖွေဖော်ထုတ်ရေးအဖွဲ့ (Factfinding Mission) နှင့်ပတ်သက်၍
တုံ့ပြန်ဆောင်ရွက်မည့် အစီအစဉ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။
ယခုလ ၄ ရက်နေ့တွင် စစ်တွေမြို့နယ် ဒါးပိုင်ကယ်ဆယ်ရေးစခန်းမှ ဘင်္ဂါလီအချို့သည် တရားရုံးအမှု
သက်သေခံရန် စစ်တွေမြို့တွင်းသို့ လာရောက်စဉ် ဒေသခံများနှင့် ပဋိပက္ခဖြစ်ပွားခဲ့ရာ ဘင်္ဂါလီလူ
တစ်ဦး သေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့သည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး
ကော်မတီက သတင်းထုတ်ပြန်ထားသည်။
အဆိုပါဖြစ်စဉ်ကြောင့် စစ်တွေမြို့တွင် လုံခြံုရေးတိုးမြှင့်ချထားသည်ဟု ခရိုင်ရဲမှူးကြီးဝင်းနောင်က
ပြောသည်။
















