မြန်မာနိုင်ငံတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် ရည်မှန်းချက်ထား ဖွဲ့စည်းခဲ့သည့်
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ အင်အားကြီးတိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့များ ထွက်ခွာသွားချိန်တွင် တပ်ပေါင်းစု၏ အင်အားခိုင်မာတောင့်တင်းမှုနှင့်
အနာဂတ်ရပ်တည်ချက်အပေါ် ရိုက်ခတ်မှုများ ရှိလာသည်။
စည်းလုံးညီညွတ်မှု အင်အားဖြင့် ငြိမ်းချမ်းရေးရယူရန် ရည်မှန်းချက်ကြီးကြီးထား ဆောင်ရွက်ခဲ့
သည့် အဖွဲ့အစည်းကြီး၏ အနာဂတ်ကံကြမ္မာသည် ခြောက်နှစ်တာကြာမြင့်လာသည့်အချိန်တွင်
စိုးရိမ်စရာများနှင့် ကြံုတွေ့လာရသည်။ အထူးသဖြင့် ဇွန်လကုန်ပိုင်းက ကျင်းပသည့် UNFC ၏
ညီလာခံတွင် တပ်ပေါင်းစုကို ဦးဆောင်နေသည့် ကချင်လွတ်မြောက်ရေး အဖွဲ့အစည်း
(ကေအိုင်အို)နုတ်ထွက်လိုက်ခြင်းက အဖွဲ့ဝင်များအကြားအက်ကွဲမှုအသံကိုပိုမိုကျယ်လောင်စေ
ခဲ့သည်။
၂ဝ၁၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်က ချင်းမိုင်မြို့တွင် ဖွဲ့စည်းလိုက်သည့် UNFC သည် ဖက်ဒရယ်
ပြည်ထောင်စု ပေါ်ပေါက်ရေး ကော်မတီ (CEFU) ကို အမည်ပြောင်း ပြန်လည် ဖွဲ့စည်းခဲ့သည့်
တိုင်းရင်းသားလက်နက်ကိုင် အင်အားစုအဖွဲ့ဖြစ်သည်။ စတင်တည်ထောင်စဉ်က ကေအိုင်အို၊
ကရင် အမျိုးသားအစည်းအရုံး (ကေအင်န်ယူ) တို့ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့
၁၂ ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့သည်။
အဓိက ရည်ရွယ်ချက်မှာ အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့အားလုံး တစုတစည်းတည်း ပါဝင်နိုင်မည့် တပ်ပေါင်းစုတစ်ရပ်ကို တည်ထောင်လိုက်ခြင်း
ဖြစ်သည်။ အဖွဲ့ဝင်များကို လက်ခံရာ၌ နယ်မြေဒေသ၊ တိုင်းရင်းသား ကိုယ်စားပြုရပ်တည်ချက်နှင့်
အဖွဲ့အကြီးအသေး မခွဲခြားဘဲ ပါဝင်လိုသည့် လက်နက်ကိုင်အဖွဲ့အားလုံးကို လမ်းဖွင့်ပေးခဲ့သည်။
အဖွဲ့ဝင်များက ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အခြေခံသည့် စာမျက်နှာ
၁၆ မျက်နှာပါဝင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မှတ်ရေးထိုးခဲ့သည်။ စည်းလုံး ညီညွတ်စွာ
ပူးပေါင်းခြင်းဖြင့် ဘုံရည်မှန်းချက်ကို အတူတကွ ချီတက်ရန် UNFC အဖွဲ့ဝင်များက သန္နိဋ္ဌာန်
ချခဲ့သည်။
သမ္မတ ဦးသိန်းစိန်အစိုးရက ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းလာသည့်အခါ တစ်ခုတည်းသော
ကိုယ်စားပြုမှုဟူသည့် အယူအဆဖြင့် တစ်ဖွဲ့ချင်းစီ သီးသန့်ဆွေးနွေးမည့်အစား တပ်ပေါင်းစုအနေဖြင့်
လက်ခံဆွေးနွေးရန် UNFC က တောင်းဆိုခဲ့သည်။
၂ဝ၁၃ ခုနှစ် လိုင်ဇာညီလာခံမှ ထွက်ပေါ်လာသည့် အဖွဲ့ဝင် ၁၆ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် တစ်နိုင်ငံလုံး
အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT ) တွင် UNFC အဖွဲ့ဝင်များအားလုံး ပါဝင်ခဲ့ပြီး အစိုးရနှင့်
အဓိကဆွေးနွေးသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်လာခဲ့သည်။
နှစ်ပေါင်းရှည်ကြာ အမြစ်တွယ်နေသည့် ပြည်တွင်းစစ်ကို အဆုံးသတ်ပေးရန် လူထုသည် NCCT အပေါ်
အလွန်မျှော်လင့်ချက် ကြီးမားခဲ့သည်။ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးစာချုပ် (NCA) အတွက် UNFC က
အတူတကွ ညီညွတ်စွာ ဆွေးနွေးမည်ဟု ယူဆချက်များရှိသော်လည်း တဖြည်းဖြည်း ပျက်ပြယ်လာ
ခဲ့သည်။

စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရေးအတွက် ဘုံရည်မှန်းချက်
တူညီကြသော်လည်း ရပ်တည်ချက် မတူညီသည့် အဖွဲ့များကြား ဘုံသဘောထားရရှိရန်မှာ
အလွန်ကြီးမားသည့် စိန်ခေါ်မှုဖြစ်သည်။ ထို့ကြောင့်ပင် အဖွဲ့ဝင်များကြား အက်ကြောင်းများ ဖြစ်တည်
လာခဲ့သည်။
ယင်းအက်ကြောင်းများကို ၂ဝ၁၄ ခုနှစ်တွင် တရားဝင် အသိပေးလိုက်သူမှာ ကေအင်န်ယူဖြစ်သည်။
၂ဝ၁၄ ခုနှစ်၊ သြဂုတ်လ၌ UNFC ပထမအကြိမ်ညီလာခံ ကျင်းပနေဆဲကာလမှာပင် ကေအင်န်ယူက
'ဗဟိုချုပ်ကိုင်မှုများလွန်းသည်' ဆိုသည့် အကြောင်းပြချက်နှင့်အတူ ညီလာခံကို ကျောခိုင်းထွက်ခွာ
ခဲ့သည်။
UNFC အနေဖြင့် လက်ရှိနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနှင့် ကိုက်ညီသည့် ပြောင်းလဲမှု မပြုလုပ်နိုင်ခြင်း၊
တိုင်းရင်းသား အဖွဲ့အစည်းများ၏ အချုပ်အခြာအာဏာကို ထိခိုက်စေသည့် တပ်ပေါင်းစု၏ဖွဲ့စည်းပုံကို
လက်မခံနိုင်တော့သဖြင့် နုတ်ထွက်ကြောင်း ကေအင်န်ယူက UNFC ထံ ပေးပို့သည့်
အကြောင်းကြားစာတွင် ဖော်ပြသည်။
အထူးသဖြင့် UNFC အတွင်း ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် မဲပေးစနစ် မကျင့်သုံးခြင်းပင် ဖြစ်သည်။
အထူးသဖြင့် ဘဏ္ဍာရေးကိစ္စရပ်များ၊ နိုင်ငံတကာ အကူအညီများ စီမံခန့်ခွဲခွင့်နှင့် စစ်ရေးအရ
ဖွဲ့စည်းထားသည့် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် (FUA) နှင့် သက်ဆိုင်သည့် ကိစ္စရပ်များတွင်
ထိပ်ပိုင်းအင်အားကြီးအဖွဲ့များကသာ ဦးဆောင်ဆုံးဖြတ်သည့်စနစ်ကို ကျင့်သုံးခြင်းက အဖွဲ့တွင်း
စည်းလုံးညီညွတ်မှုကို ထိခိုက်စေခဲ့သည်။
UNFC တွင် အဖွဲ့ဝင်အင်အား နည်းလာခြင်းအကြောင်းရင်းများတွင် အင်န်စီအေလက်မှတ်ထိုး၊ မထိုး
ကိစ္စသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ မူလရည်မှန်းချက်ဖြစ်သည့် ဖက်ဒရယ် ပြည်ထောင်စု
တည်ဆောက်ရန် အင်န်စီအေလမ်းကြောင်းအတိုင်းသွားရန်ဆန္ဒရှိသူများလည်း ရှိသလို အင်န်စီအေ
ပြင်ပက တောင်းဆိုချက်များဖြင့် အစိုးရထံမှ ခိုင်မာသည့် ကတိကဝတ်မျိုးရရန် ကြိုးပမ်း လိုသူများလည်း
ရှိသည်။
ထိုအခြေအနေများအောက်တွင် ၂ဝ၁၅ခုနှစ်၌ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့နှင့်
ချင်းအမျိုးသားတပ်ဦးတို့သည် အင်န်စီအေကို လက်မှတ်ထိုးသဖြင့် အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းခြင်း
ခံလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် UNFC အဖွဲ့ဝင် ဖြစ်နေသမျှ တပ်ပေါင်းစု၏ ဆုံးဖြတ်ချက်ကိုသာ
လိုက်နာရမည့်အချက်ကို ချိုးဖောက်သည့်အတွက်ဖြစ်သည်။
တစ်နှစ်ကျော်အကြာ ၂ဝ၁၅ ခုနှစ်တွင်မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတော်နှင့် တအာင်း
အမျိုးသား လွတ်မြောက်ရေးအဖွဲ့ ထပ်မံနုတ်ထွက်ခဲ့ပြီး ယခုနှစ် ဇွန်လကုန်တွင် ကေအိုင်အိုနှင့် 'ဝ'
အမျိုးသား အဖွဲ့ချုပ်လည်း တရားဝင်နုတ်ထွက်လိုက်ပြီဖြစ်သည်။
ကေအိုင်အို၏ မထင်မှတ်ဘဲ နုတ်ထွက်လိုက်ခြင်းက ကျန်အဖွဲ့ဝင်များနှင့် UNFC ဆက်လက်တည်ရှိမှုမှာ
စိုးရိမ်ဖွယ်ရာ ဖြစ်လာသည်။ UNFC ဘဏ္ဍာငွေလည်ပတ်မှုတွင် အဓိကထည့်ဝင်သူဖြစ်သည့် ကေအိုင်အို
နုတ်ထွက်သွားသည့်အတွက် အဖွဲ့တွင်းငွေကြေးအခက်အခဲများ ရှိလာနိုင်ခြင်း၊ အစိုးရနှင့်
ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ဆက်ဆံရေးပုံစံ ပြောင်းလဲသွားနိုင်ခြင်းနှင့် အဖွဲ့ဝင်များ
ထပ်မံမထွက်ခွာရန် ဖြစ်သည်။
လက်ရှိ UNFC တွင် အဖွဲ့ဝင်အဖြစ်မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊
ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရခိုင်အမျိုးသားကောင်စီ(ANC) နှင့် လားဟူ
ဒီမိုကရက်တစ် အစည်းအရုံး (LDU) ဟူ၍ ငါးဖွဲ့သာ ကျန်ရှိတော့သည်။
အဖွဲ့ဝင်များ လျော့နည်းလာသည့် နည်းတူ အင်အားချည့်နဲ့မှုကို ရင်ဆိုင်နေရသည့် UNFC တွင်
အဖွဲ့ဝင်သစ်များ လက်ခံရရှိထားသည်။ အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းခံထားရသည့် ချင်းအမျိုးသားတပ်ဦး
(CNF)ကလည်း အဖွဲ့ဝင်အဖြစ် ပြန်လည်လျှောက်ထားပြီး ကူကီးအမျိုးသားအစည်းအရုံး (KNO)၊ ဇိုမီး
ပြန်လည်ပေါင်းစည်းရေး အစည်းအရုံး (ZRO )၊ တိုးတက်သော ကချင်အမျိုးသား အဖွဲ့ချုပ် (KNO)နှင့်
ဗုဒ္ဓဘာသာကရင့်တပ်မတော်တို့က အဖွဲ့ဝင်ဖြစ်လိုသည်။
လက်ရှိ UNFC ၏ ဥက္ကဋ္ဌ တာဝန်ကို ယူထားသည့် မွန်ပြည်သစ်ပါတီ ခေါင်းဆောင် ဦးနိုင်ဟံသာက
အင်အားလျော့နည်းသွားသည့် UNFC အနေဖြင့် အစိုးရနှင့် ညှိနှိုင်းမှုတွင် ဂရုမစိုက်သလို ဆက်ဆံ
ခံရနိုင်ကြောင်းညီလာခံအပြီး ချင်းမိုင်အခြေစိုက်သတင်းထောက်များနှင့် တွေ့ဆုံမေးမြန်းမှုတွင်
ပြောကြားထားသည်။
ဥက္ကဋ္ဌတစ်ဦးအနေဖြင့် အင်န်စီအေ လက်မှတ်ရေးထိုးနိုင်ရေးနှင့် ငြိမ်းချမ်းရေး ညီလာခံတွင်
ပါဝင်နိုင်ရေးအတွက် UNFC က တောင်းဆိုထားသည့် အချက်ကိုးချက်ကိုသဘောတူညီချက်ရရန်
ဆက်လက်ဆောင်ရွက်သွားမည်ဟု ဦးနိုင်ဟံသာက ပြောသည်။ ကေအိုင်အို မပါသည့် UNFC အတွက်
အင်န်စီအေ လက်မှတ်ရေးထိုးရန် ပိုမိုအခွင့်သာမည်ဟု ယူဆချက်မျိုးရှိသော်လည်း ထိုအချက်မှာ
အစိုးရအပေါ်တွင် မူတည်နေသည်ဟု ၄င်းက မှတ်ချက်ပြုသည်။
ဇူလိူင်လအတွင်း ကျင်းပမည့် နောက်တစ်ကြိမ် အစိုးရနှင့် ထပ်မံတွေ့ဆုံမှုတွင် ယေဘုယျ
သဘောတူညီချက်များကို ခိုင်မာအောင် လုပ်ဆောင်ရန် UNFC က စဉ်းစားချက်ရှိသော်လည်း အစိုးရ
ဘက်က အင်န်စီအေဘောင်ကို ကျော်လွန်တောင်းဆိုမှုများကိုလက်ခံရန် အခြေအနေ မရှိပေ။
UNFC တွင် အပြောင်းအလဲများ ရှိသော်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုနှင့် ပတ်သက်၍ အစိုးရ၏
သဘောထားမှာ ၂၁ ရာစု ပင်လုံဒုတိယအကြိမ် ညီလာခံတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းအတိုင်းပင်ဖြစ်သည်ဟုနိုင်ငံတော်သမ္မတရုံး၏
ပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးက ပြောသည်။
UNFC က အစိုးရနှင့် တွေ့ဆုံမည့်ရက်ကို မသတ်မှတ်နိုင်သေးသော်လည်း ဆွေးနွေးရေးအတွက်
ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်သည်။ ငြိမ်းချမ်းရေး ဆွေးနွေးမည့် နိုင်ငံရေးဆိုင်ရာ
ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) ကို အဖွဲ့ဝင်ကိုးဦးဖြင့် ပြန်လည်ဖွဲ့စည်းလိုက်ပြီး
KNPP ဒုတိယဥက္ကဋ္ဌ ခူဦးရယ်က ဦးဆောင်မည် ဖြစ်သည်။
''အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့အခါ တစ်ဖွဲ့ချင်းထက် အားလုံးတညီတညွတ်တည်း
သွားနိုင်ရင် အကောင်းဆုံးပဲ။ဒါမှသာ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့
ဘုံရည်မှန်းချက်ကို ရောက်နိုင်မှာ။ ဒီလို ဆွေးနွေးမှုတွေကပဲ ပိုပြီး အဓိပ္ပာယ် ရှိနိုင်မယ်။
UNFC က အားနည်းသွားပေမဲ့ ဒီလိုပုံစံမျိုးနဲ့ ဆက်သွားနိုင်ရင်တော့
အခြေအနေကောင်းနိုင်ပါတယ်''ဟု ငြိမ်းချမ်းရေးလေ့လာသူ ဦးသန်းစိုးနိုင်က ပြောသည်။
မြန်မာ့ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်အရေးကို တစိုက်မတ်မတ်ရေးသားသူ
ဆွီဒင် သတင်းစာဆရာ ဘာတေးလ်လင့်တနာက မြန်မာနိုင်ငံတွင် စစ်မှန်သည့်ငြိမ်းချမ်းရေး
ရရှိရန် အင်န်စီအေကို မေ့ပစ်ရန်လိုအပ်သည်ဟု ဆိုသည်။ ငြိမ်းချမ်းရေး ဖြစ်စဉ်တိုင်းတွင်
ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့်သဘောတူညီချက်များ ရယူပြီးမှသာ သဘောတူ
လက်မှတ်ရေးထိုးသည့် အဆင့်ကို သွားလေ့ရှိကြောင်း ၄င်းက ထောက်ပြသည်။
''အစိုးရနဲ့ တပ်မတော်က တိုင်းရင်းသား လက်နက်ကိုင်တွေကို အင်န်စီအေလို့ ခေါ်တဲ့
သဘောတူညီချက်ကို အရင်လက်မှတ်ထိုးစေချင်တယ်။ နောက်မှ ဆွေးနွေးပွဲ ညှိနှိုင်းကြမယ်။
ဖြစ်နိုင်တယ်ထားဦး၊ တကယ်တော့ ဒီပုံစံက နွားရှေ့ထွန်ကျူးတာပဲ'' ဟု ဘာတေးလ်က
ပြောသည်။
အစိုးရနှင့် တပ်မတော်က ငြိမ်းချမ်းရေးလိုချင်သည့် စိတ်ဆန္ဒ အမှန်တကယ်ရှိပါက ကန့်သတ်ချက်
တစ်စုံတစ်ရာ မရှိဘဲ အဖွဲ့ဝင်အားလုံးနှင့် စားပွဲတစ်ခုတည်းထိုင်ကာ အဖြေရှာသင့်ကြောင်း၊
ထိုမှတစ်ဆင့် အနာဂတ်တွင် တိုင်းပြည်ကို မည်သည့်ပုံတည်ဆောက်မည်ဆိုသည့် နိုင်ငံရေး
သဘောတူညီချက်ကို လက်မှတ်ထိုးနိုင်မည်ဟု ၄င်းက ပြောသည်။အတိတ်ကို ပြန်ကြည့်ပါက
ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားများသည် ဆွေးနွေးမှုများအကြိမ်ကြိမ် ပြုလုပ်ပြီး
သဘောတူညီချက်များ ရရှိမှသာ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း
ဘာတေးလ်က ထောက်ပြသည်။
''ဒါပေမဲ့ သမ္မတ ဦးသိန်းစိန်လက်ထက် ၂ဝ၁၁ မှ ပြန်လည် စတင်ခဲ့တဲ့ ငြိမ်းချမ်းရေး
ဆွေးနွေးမှုတွေကို ကြည့်ရင် "signfirsttalkslater" ပုံစံ (လက်မှတ်အရင်ထိုးပြီးမှ
ဆွေးနွေးပွဲများ ပြုလုပ်ခြင်း) မျိုးပဲ တပ်မတော်က ဆက်သွားလိမ့်မယ်'' ဟု ဘာတေးလ်က
လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ် အခြေအနေကို သုံးသပ်သည်။
ထိုအခြေအနေသည် UNFC တင်မကမြောက်ပိုင်းအဖွဲ့ဝင်များနှင့်လည်း သဘောတူညီချက်များ
ရရှိရန် အကျပ်အတည်းဖြစ်စေပြီး တိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့် အစိုးရနှင့် မည်မျှအထိ
အပေးအယူ ပြုလုပ်နိုင်မလဲဆိုသည့် အချက်ပေါ်တွင် မူတည်နေသည်။ UNFC တစ်ဖွဲ့တည်း အနေဖြင့်မူ
ကေအိုင်အို မပါတော့သဖြင့် အစိုးရနှင့် အင်န်စီအေကို လက်မှတ်ထိုးရန် အခွင့်သာ
လာနိုင်ကြောင်းပြောဆိုချက်များရှိနေသည်။ သို့သော် လက်တွေ့တွင် မည်မျှအထိ
သဘောတူညီချက်များ ရနိုင်မလဲဆိုသည်က ဆွေးနွေးပွဲရလဒ်များကိုသာ စောင့်ကြည့်ရမည်
ဖြစ်သည်။
''ကေအိုင်အိုထွက်လိုက်တဲ့အတွက် တပ်ပေါင်းစုက အားလျော့သွားတာတော့ အမှန်ပဲ။ ဒါပေမဲ့
အရေးပါတဲ့ အခန်းကဏ္ဍမှာတော့ရှိနေတုန်းပဲလို့ ထင်တယ်။ အစိုးရနဲ့ ညှိနှိုင်းမှုအပိုင်းမှာ တစ်ဖက်နဲ့
တစ်ဖက် ဘယ်လောက်အထိ သဘောထားကြီးနိုင်မလဲဆိုတာကတော့ သေချာမပြောနိုင်ဘူး'' ဟု
တိုင်းရင်းသားအရေး ကျွမ်းကျင်သူ ဦးမောင်မာင်စိုးက ပြောသည်။
















