အထိတ်တလန့်ဖြစ်နေတဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်

အထိတ်တလန့်ဖြစ်နေတဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်

၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ အရပ်သားတစ်ပိုင်း အစိုးရနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးခရီး
စတင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့တဲ့ လွှတ်တော်တွေ
ပြန်လည်ကျင်းပပြီး ဥပဒေပြုရေးမဏ္ဍိုင် အသက်ဝင်လာပါတယ်။ တိုင်းပြည်နဲ့အစိုးရကို
ထိန်းကျောင်းသွားနိုင်ဖို့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးဆိုတဲ့ မဏ္ဍိုင်ကြီးသုံးရပ်နဲ့အတူ
စတုတ္ထုမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာတွေလည်း ပါ၀င်တယ်ဆိုပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေး
ခရီးအစမှာ အားလုံးက လက်ခံထားခဲ့ကြပါတယ်။

သို့သော်လည်း ဒီမိုကရေစီနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် အငြင်းပွားဖွယ်ရာတွေလည်း
ရှိနေပါတယ်။ ရွေးကောက်ခံအရပ်သား အစိုးရလက်ထက်မှာ သတင်းမီဒီယာသမားတွေ
တရားစွဲဆိုခံရတာ ပိုမိုများလာတဲ့အတွက် သတင်းမီဒီယာ လွတ်လပ်ခွင့်အပေါ် ဝေဖန်မှုတွေ
ရှိလာပါတယ်။

လူတစ်ယောက်ချင်းစီရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားခွင့်ဆိုတဲ့ Freedom of Expression
ဆိုတာ လူ့အခွင့်အရေးအရ အခြေခံရပိုင်ခွင့်တစ်ခုဖြစ်ပြီး ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ နိုင်ငံတိုင်းမှာ
မရှိမဖြစ် အရေးပါတဲ့ အချက်တစ်ချက်လည်း ဖြစ်ပါတယ်။ ဒီမိုကရေစီသက်တမ်းနုနယ်သေးတဲ့
နိုင်ငံတစ်နိုင်ငံက အရပ်သားအစိုးရလက်ထက်မှာ တရားစွဲဆိုခံရမှု တွေ၊ ဖမ်းဆီးချုပ်နှောင်ခံရမှုတွေ
တစ်စထက်တစ်စ များလာတာကြောင့် သတင်းမီဒီယာ လွတ်လပ်ခွင့်ဆိုတာကို အားလုံးက
အထိတ်တလန့်ဖြစ်နေကြပြီလားဆိုပြီး မေးစရာဖြစ်လာပါတယ်။

အာဏာရှင်အစိုးရလက်ထက်မှာ ဝေဖန်ထိုးနှက်သူတွေကို နှိပ်ကွပ်ဖို့ ပြဋ္ဌာန်းခဲ့တဲ့
ဆက်သွယ်ရေးဥပဒေပါ ပုဒ်မ ၆၆ (ဃ) ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ
အထိအခိုက်များစေတဲ့ အဖျက်စွမ်းအားကြီးမားတဲ့ လက်နက်တစ်ခုလို ဖြစ်နေပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်မှာ ၆၆ (ဃ) နဲ့ တရားစွဲဆိုခံရမှု ခုနစ်မှုသာရှိခဲ့ပေမဲ့ အစိုးရသစ်
လက်ထက်မှာ ၆၄ မှုအထိ ရှိနေပါတယ်။ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခွင့် လျှောက်ထားဆဲ
အမှုပေါင်း ၁၆၆ မှုရှိတယ်လို့ ဒီနှစ်ဆန်းပိုင်းမှာ ဖွဲ့စည်းခဲ့တဲ့ ဆက်သွယ်ရေးဥပဒေဆိုင်ရာ
သုတေသနအဖွဲ့က ဆိုပါတယ်။

ပုဒ်မ ၆၆ (ဃ)နဲ့ တရားစွဲဆိုခံရပါက ငွေဒဏ်နဲ့ အတူ ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။
၆၆ (ဃ) နဲ့ တရားစွဲဆိုခံရတဲ့ အမှုတွေထဲမှာ သတင်းမီဒီယာ သမားတွေကို တရားစွဲဆိုထားမှုက
၁၀ မှုဖြစ်ပြီး ကျန် ၆၁ မှုက နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေ၊ နိုင်ငံရေးပါတီဝင်တွေနဲ့
အခြားပြည်သူတွေကို စွဲဆိုထားတာပါ။

ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခံရမှုတွေ များသထက်များလာတာဟာ
သတင်းအချက်အလက် စီးဆင်းမှု ပိုမိုမြန်ဆန်လာတာနဲ့အမျှ လွတ်လပ်စွာ ပြောဆိုရေးသားမှုတွေ
များလာခြင်းကြောင့်လား၊ ရှိရင်းစွဲ ဥပဒေတွေရဲ့ အားနည်းချက်ကြောင့်လားဆိုတာ စဉ်းစားစရာ
ဖြစ်နေပါတယ်။

"မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊
ငြိမ်းချမ်းရေးစတဲ့ အရေးကြီးတဲ့ကိစ္စတွေ အများကြီးရှိတယ်။ မီဒီယာသမားတွေအတွက်
Freedom of Expression က ကိုးကွယ်ရာ ဖြစ်ချင်ဖြစ်ပေမဲ့ ကျွန်တော်တို့အတွက်တော့
သီးသန့်ကိုးကွယ် ရာ မဟုတ်ဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပုဒ်မတွေကမှ
သေရေးရှင်ရေး ကိစ္စတွေပါ" ဟု အာဏာရပါတီ အင်န်အယ်လ်ဒီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့
အတွင်းရေးမှူး ဦးဝင်းထိန်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့် ရှိတယ်ဆိုပေမဲ့ တည်ဆဲဥပဒေကို
မဆန့်ကျင်ရဆိုတာနဲ့ ပြန်လည်ထိန်းချုပ်ထားတဲ့အတွက် စတုဒိသာကို တိုကင်နဲ့ ကျွေးသလိုပါပဲလို့
တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ဆိုပါတယ်။ ဦးသန်းဇော်အောင် ဟာ မြန်မာနိုင်ငံရဲ့
တည်ဆဲဥပဒေပါ အားနည်းချက်တွေကို ထောက်ပြဝေဖန်နေသူဖြစ်ပြီး လွတ်လပ်စွာ
ထုတ်ဖော်ပြောဆိုမှုအတွက် တရားစွဲဆိုခံထားရတဲ့ လူပေါင်း ၁၀၀ ကျော်ရဲ့အမှုတွေကို
၂၀၀၇ ခုနှစ်ကတည်းက လိုက်ပါဆောင်ရွက်ပေးနေသူလည်း ဖြစ်ပါတယ်။

"လူတိုင်း စတုဒိသာ လာစားနိုင်တယ်။ ဒါပေမဲ့ တိုကင်ပါမှ ဆိုသလိုဖြစ်နေတယ်။ ပွင့်ပွင့်လင်းလင်း
ပြောရရင် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ဆိုတာ မြန်မာပြည်မှာ မရှိပါဘူး။ သက်ဆိုင်ရာ
အာဏာပိုင်တွေက နိုင်ငံတော်အကျိုး ပျက်ပြားစေတယ်လို့ ယူဆလိုက်တာနဲ့ တရားစွဲမှာပဲ။
သတင်းသမားတင် မဟုတ်ဘူးနော်၊ နိုင်ငံသားအားလုံး အစွဲခံရနိုင်တယ်" လို့ ဦးသန်းဇော်အောင်က
ဆိုပါတယ်။

သတင်းမီဒီယာသမားတွေနဲ့ ပတ်သက်လို့ စောင့်ကြည့်လေ့လာနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခု
ဖြစ်တဲ့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF)က နိုင်ငံပေါင်း ၁၈၀ ရဲ့ စာနယ်ဇင်း
လွတ်လပ်ခွင့်ကို အဆင့်အတန်းသတ်မှတ်ပြီး နှစ်စဉ်ထုတ်ပြန်လေ့ရှိပါတယ်။ RSF အဆိုအရ
၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်က အဆင့် ၁၃၁ မှာရှိပါတယ်။ ၂၀၁၆ ခုနှစ်မှာ
မြန်မာနိုင်ငံက အဆင့် ၁၄၃ မှာရှိ ခဲ့တဲ့အတွက် တစ်နှစ်အတွင်း အဆင့် ၁၂ အထိ တိုးတက်ခဲ့ပါတယ်။

အာဆီယံဒေသတွင်းမှာလည်း အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ပြီးရင် မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်က
တတိယ အဆင့်မှာ ရှိနေပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်က အမှန်တကယ်
မြင့်တက်လာတယ် လို့တော့ မှတ်ယူလို့ မရပါဘူး။ အိမ်နီးချင်းနိုင်ငံတွေမှာ သတင်းလွတ်လပ်ခွင့်
ကျဆင်းသွားတဲ့အခြေအနေကြောင့်လည်း မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်အဆင့်အတန်း
တက်လာတာဖြစ်တယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ အတွင်းရေးမှူး ဦးသီဟစောက
ပြောပါတယ်။

"အစိုးရပိုင်းကရော၊ တပ်မတော်ပိုင်းကပါ လူ့အဖွဲ့အစည်းထဲမှာ သတင်းစာတွေရဲ့ အခန်းကဏ္ဍကို
ပြည့်ပြည့်ဝဝ အသိအမှတ်မပြုဘူးဆိုတာ လုံးဝထင်ရှားနေတယ်။ သတင်းစာဆရာတွေကို
တစ်စုံတစ်ရာ ရေးသားမှုကြောင့် အချုပ်ထဲဖမ်းထည့်တယ်၊ အာမခံ မပေးဘူးဆိုတာက
ဒီမိုကရေစီဖော်ဆောင်နေတာ မဟုတ် ဘူး" လို့ ရန်ကုန် သတင်းစာပညာသင်တန်းကျောင်း
တည်ထောင်သူ သတင်းစာဆရာ ဦးရဲနိုင်မိုးက ပြောပါတယ်။

သတင်းမီဒီယာသမားတွေဟာ ၂၀၁၄ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ သတင်းမီဒီယာဥပဒေနဲ့ တရားစွဲဆိုခံရခြင်း
မဟုတ်ဘဲ အခြားသော တည်ဆဲဥပဒေတွေနဲ့ တရားစွဲဆိုခံရခြင်းဖြစ်ပါတယ်။ တရားဝင်ပြဋ္ဌာန်းထားတဲ့
သတင်းမီဒီယာ ဥပဒေဟာ အကာအကွယ်မရရှိဘဲ အသက်မဝင်တဲ့ ဥပဒေတစ်ခုဖြစ်တယ်ဆိုပြီး
'မီဒီယာဖိနှိပ်မှုရပ်' ဆိုတဲ့ လှုပ်ရှားမှုတွေကို သတင်းမီဒီယာသမားတွေက ဆောင်ရွက်ခဲ့ကြပါတယ်။

"မီဒီယာသမားတွေက မဟုတ်မမှန်သတင်းတွေ ရေးတယ်ဆိုရင် အရေးယူပါ။ မီဒီယာဥပဒေ ရှိတယ်။
မှန်ကန်တဲ့ ဥပဒေ လမ်းကြောင်းအတိုင်း သွားပါ။ တရားစွဲစရာမဟုတ်တဲ့ အရေးအသားတွေ၊
မှန်ကန်တဲ့ သတင်းတွေအတွက် သူတို့ရဲ့ ပုံရိပ် တွေထိခိုက်မှာတစ်ခုတည်းနဲ့တော့ မီဒီယာကို
မဖိနှိပ်ပါနဲ့၊ မချုပ်ချယ်ပါနဲ့" ဟု သတင်းမီဒီယာသမားများ ဖိနှိပ်ခံနေရမှုအတွက် လက်ပတ်ဖြူလှုပ်ရှားမှုကို
ဦးဆောင်ခဲ့တဲ့ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မစန္ဒာမော်က
ပြောပါတယ်။

နိုတြီပဗ္ဗလစ် တရားလွှတ်တော်ရှေ့နေ ဦးစိုးမိုးထွန်းကတော့ သတင်းမီဒီယာဥပဒေနဲ့ တရားစွဲဆိုခြင်း
မပြုခြင်းအပေါ် "မီဒီယာသမားမို့ မီဒီယာဥပဒေနဲ့ စွဲရမယ်လို့ ဥပဒေမှာ မရှိပါဘူး။ နောက်ကျတဲ့
ဥပဒေနဲ့ပဲ စွဲရမယ်လို့လည်း တစ်သမတ်တည်း ပြောလို့မရပါဘူး။ အဲဒါက မှားပါတယ်။ မီဒီယာပဲ
ဖြစ်ဖြစ်၊ တခြား ဘယ်သူပဲဖြစ်ဖြစ် ဥပဒေတစ်ခုသည် အားလုံးနဲ့ သက်ဆိုင်တယ်" လို့ ဆိုပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားအခွင့် အရေးကို ပေးထားပြီးဖြစ်သော်လည်း တခြားသော
တည်ဆဲဥပဒေများက ပြန်ပြီး ထိန်းချုပ်ထားတဲ့ သဘောကြောင့် ပေးထားတဲ့အခွင့်အရေးကို
မရခြင်းဖြစ်သည်လို့ ဦးစိုးမိုးထွန်းက ဆိုပါတယ်။

"ဥပဒေတွေရှိတော့ ဥပဒေနဲ့အညီ လုပ်တယ်လို့ ပြောလို့ရနေတယ်။ ဒါပေမဲ့ အဲဒီဥပဒေတွေက
တရားသောဥပဒေ ဟုတ်ရဲ့လားဆိုတဲ့ မေးခွန်းတွေ တော့ ရှိတာပေါ့" လို့ သူက ဆိုပါတယ်။

သတင်းမီဒီယာသမားများ တရားစွဲဆိုခံရမှုများ အပေါ် ဝေဖန်မှုမြင့်တက်လျက်ရှိပြီး နိုင်ငံတကာအဖွဲ့
အစည်းများနှင့် ပြည်တွင်းအခြေစိုက် နိုင်ငံတကာသံရုံးတွေကလည်း ၆၆ (ဃ) နဲ့တရားစွဲဆိုမှုများအပေါ်
ကန့်ကွက်တာတွေ ရှိနေပါတယ်။ ဆက်သွယ်ရေးဥပဒေပါ ပုဒ်မ ၆၆ ပြင်ဆင်ရေးအတွက်
လှုပ်ရှားမှုများတွင် ပူးပေါင်းပါ၀င်သည့် ပြည်သူများလည်း ရှိလာသည်။

"ဒေါက်တာသန်းထွဋ်အောင်က ဒီ ၆၆ (ဃ) ကိုသုံးပြီး လူပေါင်း ၂၀ ကျော်၊ ၃၀ ကျော်ကို
တရားစွဲတယ်။ ဒါကျတော့ ခင်ဗျားတို့ ဘာအသံမှ မထွက်ဘူး။ အခု သူပြန်ပြီးအစွဲခံရ၊ ခင်ဗျားတို့တွေ
အစွဲခံလာရတော့ ဒါကို ရှေ့တန်းတင်လာကြပြန်ရော။ ကိုယ့်လူမထိရင် ပြီးရောဆိုတာမျိုး
ဘယ်တုန်းကမှ မလုပ်ခဲ့ဘူး။ ဒါကြောင့် ကိုယ့်ထိမှ မပြောကြပါနဲ့။ ဘယ်သူ့ထိထိပြောကြ၊
တစ်စိုက်မတ်မတ် လုပ်ကြပါလို့" ဟု ဦးဝင်းထိန်က ပြောပါတယ်။

မြန်မာနိုင်ငံက ဒီမိုကရေစီပြည့်ဝတဲ့ အခြေအနေ မရှိသေးတာကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံလို
အချိန်မရွေး နိုင်ငံရေးအရ နောက်ကြောင်းပြန်သွားနိုင်တဲ့ အခြေအနေရှိပြီး အရပ်သားအစိုးရအနေနဲ့
လွတ်လပ်စွာ ထုတ်ဖော်ခွင့်အတွက် အရပ်ဘက်လူ့အဖွဲ့ အစည်း တွေနဲ့ သတင်းမီဒီယာတွေကို
အားပေးသင့်တယ်လို့ ဦးရဲနိုင်မိုးက အကြံပြုပါတယ်။

"ဝေဖန်မှုဆိုတာ လူ့အဖွဲ့အစည်းအတွက် ကျန်းမာ ရေးနဲ့ ညီညွတ်ပါတယ်။ လွတ်လွတ်လပ်လပ်
ပြောခွင့်ရတယ်ဆိုတာ နိုင်ငံအတွက် ခြိမ်းခြောက်မှုမဟုတ်ဘူး။ လွတ်လွတ်လပ်လပ်
ပြောခွင့်မရတော့တာကမှ နိုင်ငံအတွက် ခြိမ်းခြောက်မှုပဲ" လို့ သူက ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြခံဥပဒေ အခန်း(၈) ပုဒ်မ ၃၄၅ ကနေပြီးတော့ ပုဒ်မ ၃၉၀ အထိ နိုင်ငံသား၏
မူလအခွင့်အရေးနှင့် တာဝန်များဆိုတဲ့ ခေါင်းစဉ်အောက်မှာ နိုင်ငံသားအခွင့်အရေးအတွက်
ပြဋ္ဌာန်းထားပါတယ်။

"လွတ်လပ်စွာ ထုတ်ဖော်ခွင့် ဥပဒေတွေကို ကျင့်သုံးနေတဲ့ တိုင်းသူပြည်သားတွေ၊ မီဒီယာသမားတွေ
ဘက်က အတွေ့အကြံု အများကြီး နည်းနေတယ်။ ဥပဒေကို ကိုင်တွယ်နေတဲ့ဘက်ကရော၊
သတင်းသမား တွေကရော အချိန်ယူဖို့ လိုပါတယ်။ အစိုးရဘက်ကရော၊ မီဒီယာသမားတွေပါ၀င်တဲ့
ပြည်သူတွေဘက်ကရော နှစ်ဖက်စလုံးက Freedom of Expression ကို ကျင့်သုံးတဲ့နေရာမှာ
ရင့်ကျက်ဖို့တော့ အချိန်နည်းနည်း ယူရဦးမယ်" လို့ ဆိုလာသူကတော့ သတင်းမီဒီယာကောင်စီ
အတွင်းရေးမှူးလည်းဖြစ်၊ ၀ါရင့်သတင်းစာဆရာလည်း ဖြစ်တဲ့ ဦးသီဟစော ဖြစ်ပါတယ်။


'မီဒီယာသမားတွေအတွက် Freedom of Expression က ကိုးကွယ်ရာ ဖြစ်ချင်ဖြစ်ပေမဲ့
ကျွန်တော်တို့အတွက်တော့ သီးသန့်ကိုးကွယ်ရာ မဟုတ်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ
ပြင်ဆင်ရေး ပုဒ်မတွေကမှ သေရေးရှင်ရေး ကိစ္စတွေပါ'

(ဦးဝင်းထိန် - အင်န်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး)


 

'လွတ်လပ်စွာ ထုတ်ဖော်ခွင့် ဥပဒေတွေကို ကျင့်သုံးနေတဲ့ တိုင်းသူပြည်သားတွေ၊
မီဒီယာသမားတွေဘက်က အတွေ့အကြံု အများကြီး နည်းနေတယ်။ ဥပဒေကို
ကိုင်တွယ်နေတဲ့ဘက်ကရော၊ သတင်းသမားတွေကရော အချိန်ယူဖို့ လိုပါတယ်'

(ဦးသီဟစော - မြန်မာသတင်းမီဒီယာ ကောင်စီ အတွင်းရေးမှူး)


'လူတိုင်း စတုဒီသာ လာစားနိုင်တယ်။ ဒါပေမဲ့ တိုကင်ပါမှ ဆိုသလို ဖြစ်နေတယ်။
ပွင့်ပွင့်လင်းလင်း ပြောရရင် လွတ်လပ်စွာထုတ်ဖော်ခွင့်ဆိုတာ မြန်မာပြည်မှာ မရှိပါဘူး'

(ဦးသန်းဇော်အောင် - တရားလွှတ်တော်ရှေ့နေ)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး