ခြောက်လကြာ ယာယီပိတ်ပင်ထားသည့် မလေးရှားနိုင်သို့ အလုပ်သမားစေလွတ်ခြင်းကို ယခုလတွင်
ပြန်လည်ဖွင့်လှစ်ပေး လိုက်ပြီဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူအင်အား
၀န်ကြီးဌာန တာဝန်ရှိသူက ယခုလ ၄ ရက်တွင် ပြောသည်။
"ကျွန်တော် ဒီလမှာပဲ အလုပ်သမားစေလွှတ်ခြင်းကို ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီ" ဟု အလုပ်သမား
၀န်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောသည်။
မလေးရှားနိုင်ငံမှ အလုပ်ရှင်များ၏ အလုပ်ခေါ်စာ (calling visa) ရရှိထားသည့် မြန်မာအလုပ်သမား
၈,၀၀၀ ကို ကနဦးအနေဖြင့် စေလွှတ်ခွင့်ပြုမည်ဟုလည်း အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူများက
ဇူလိုင်လ ၂၉ ရက်နေ့က ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် ပြည်ပအလုပ်အကိုင်ရှာဖွေရေး
အကျိုးဆောင်ကုမ္ပဏီများအဖွဲ့ချုပ် တာဝန်ရှိသူများကို ပြောကြားထားသည်။
လက်ရှိတွင် အေဂျင်စီများအနေဖြင့် အလုပ်ခေါ်စာရရှိထားပြီးသူများအတွက် အလုပ်သမားကဒ်
ပြုလုပ်ပေးခြင်းများ၊ မလေးရှားဗီဇာ လျှောက်ထားပေးခြင်းများကို ပြုလုပ်ပေးလျက်ရှိနေပြီး၊
လာမည့် ရက်သတ္တပတ်တွင် အလုပ်သမားများ စတင်စေလွှတ်နိုင်မည်ဟုလည်း မလေးရှား
အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုမှ တာဝန်ရှိသူက မြန်မာတိုင်း(မ်)ကို ပြောသည်။
"နောက်တစ်ပတ်လောက်မှ အလုပ်သမား စေလွှတ်နိုင်ကြမှာ။ အခုက အေဂျင်စီတွေ အကုန်လုံးလည်း
လေဘာကဒ်တွေ လိုက်လုပ်ပေးနေရတုန်း၊ တချို့တွေကလည်း ၀န်ကြီးဌာနက ပေးတဲ့ ကျွမ်းကျင်မှု
သင်တန်းတက်ရဦးမှာတွေ ရှိတယ်။ အလုပ်သမားစေလွှတ်မှု ပိတ်ထားတဲ့ အချိန်မှာ တော်တော်များများ
နိုင်ငံပြောင်းသွားကြတာတွေ ရှိတယ်။ တချို့လည်း နိုင်ငံခြားအလုပ်သွားလုပ်ဖို့ အရေးကို
ဖျက်ပစ်တာတွေရှိခဲ့တယ်" ဟု အေဂျင်စီတာဝန်ရှိသူတစ်ဦးက ပြောသည်။
အလုပ်ခေါ်စာရရှိထားပြီး၊ အလည်အပတ်နိုင်ငံကူးလက်မှတ် (PV) ကိုင်ဆောင်ထားသည့်
အလုပ်သမားများကိုလည်း အလုပ်အကိုင်နိုင်ငံကူးလက်မှတ် (PJ) သို့ ပြောင်းလဲစရာမလိုဘဲ
သွားရောက်အလုပ်လုပ်ခွင့်ပြုပေးမည်ဟု ၀န်ကြီးဌာန တာဝန်ရှိသူတို့က ကတိပြုထားသည်။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် မူဆလင်လူမျိုးများအား လူမျိုးတုန်းသတ်ဖြတ်မှုများ ပြုလုပ်နေသည်ဟု
မလေးရှားနိုင်ငံ ၀န်ကြီးချုပ်က လူထုစုဝေးမှုတစ်ခုပြုလုပ် စွပ်စွဲပြီးနောက် ၂၀၁၆ ခုနှစ်
ဒီဇင်ဘာ ၆ ရက်တွင် မြန်မာက မလေးရှားနိုင်ငံသို့ အလုပ်သမား စေလွှတ်ခြင်းကို ယာယီပိတ်ခဲ့ခြင်း
ဖြစ်သည်။
လက်ရှိတွင် မလေးရှားအစိုးရ တရားမဝင် အထောက်အထားမဲ့ နိုင်ငံခြားသား
ရွှေ့ပြောင်းအလုပ်သမားများကို စစ်ဆင်ရေးတစ်ရပ်အဖြစ် အရှိဟုန်မြှင့် လုပ်ဆောင်နေပြီး
မြန်မာနိုင်ငံသား ရာချီဖမ်းဆီးခံထားလျက်ရှိကြောင်း မလေးရှားအခြေစိုက် မြန်မာရွှေ့ပြောင်း
အလုပ်သမားအရေး လုပ်ဆောင်သူများက ပြောသည်။















