ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာနက ဇူလိုင်လ ၂၄ ရက်နေ့က စတင်ပြီး သြဂုတ်လ ရ ရက်နေ့အထိ
၁၅ ရက်ကြာ ရွှေ့ပြောင်းအလုပ်သမားစိစစ်ရေးကိစ္စများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဦးသိန်းဆွေက ပြောကြားလိုက်သည်။
“ဒီနှစ်မှာ ထိုင်းနိုင်ငံအတွင်းမှာ အစီအစဉ်တစ်ခုကို ထုတ်မယ်၊ အလုပ်သမားတွေကို ပြန်လည်စိစစ်တဲ့
ကိစ္စကို ၁၅ ရက်လုပ်ဖို့ စီစဉ်ထားတယ်၊ လာမယ့် ၂၄ရက်ကစပြီးတော့ နောက်လ ရ ရက်နေ့
အထိပေါ့၊ စိစစ်ရေးစင်တာတွေ ဖွင့်ပြီး ဆောင်ရွက်သွားမယ်” ဟု ၄င်းက ဇူလိုင်လ ရ ရက်နေ့တွင်
ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန၊ ၀န်ကြီး မစ္စတာ Sirichai Distakul နှင့် နေပြည်တော်၌
တွေ့ဆုံမှုအပြီး သတင်းထောက်အချို့ကို ပြောကြားသည်။
ထိုသို့ အလုပ်သမားစိစစ်မှုများ ဆောင်ရွက်ရာတွင် အလုပ်သမားများ၊ အလုပ်ရှင်များ
ကိုယ်တိုင်လျှောက်လွှာမှာ ဖြည့်စွက်ပြီး ဓာတ်ပုံ နှစ်ပုံနှင့် စိစစ်ရေးစင်တာသို့လာရောက် စိစစ်ခံရမည်
ဖြစ်သည်။
“စိစစ်ပြီးရင် သုံးလအတွင်းမှာ ဘယ်ပိုင်ရှင်ရဲ့ အလုပ်သမားက ဒီလူဖြစ်တယ်ဆိုတာကို ရှေ့လ
သြဂုတ်လလောက်မှာ အကြောင်းကြားပေးမယ်၊ ဒီသုံးလအတွင်းမှာ ဖြေရှင်းဆောင်ရွက်ပေးမယ်၊
ခြောက်လအတွင်းမှာ အလုပ်သမားတွေကို သူတို့ဘက်က ဗီဇာတွေ၊ work permit တွေပေးမယ်၊
ကိုယ်တို့ဘက်ကတော့ အလုပ်သမားမှန်ကန်ကြောင်း သက်သေခံကဒ်ပြား(CI)တွေ
ထုတ်ပေးမယ်ဆိုရင် အားလုံးအဆင်ပြေနိုင်မယ်လို့ သူတို့(ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးအဖွဲ့)
ဆွေးနွေးပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက ထိုင်းနိုင်ငံတွင်
ဖွင့်လှစ်ထားသည့် အလုပ်သမားမှန်ကန်ကြောင်းသက်သေခံကဒ်ပြားထုတ်ပေးရေး စခန်းခြောက်ခုတွင်
အလုပ်သမားစုစုပေါင်း ၁၈၀၀၀၀ ခန့်ကို ထုတ်ပေးပြီးဖြစ်ပြီး ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း
ဦးသိန်းဆွေက ဆိုသည်။
“ဒီစခန်းတွေမှာပဲ ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူ (အလုပ်သမား)တွေကို
CI ထုတ်ပေးဖို့ ဆွေးနွေးထားတယ်၊ အဲ့ဒါကို ထိုင်းဘက်ကလည်း လက်ခံတယ်၊
ကျွန်တော်တို့ဘက်ကလည်း ဆက်လက်ထုတ်ပေးဖို့ စီစဉ်နေတယ်” ဟု ၄င်းက ပြောသည်။
ထို့အပြင် လိုအပ်သည့် နေရာများတွင် အလုပ်သမားမှန်ကန်ကြောင်း သက်သေခံကဒ်ပြား (CI)
ထုတ်ပေးရေးစခန်းများကို တိုးချဲ့ပြီး ဆက်လက်ဆောင်ရွက်ပေးခြင်းနှင့် သက်တမ်းလွန်သည့်
ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ အလုပ်သမားများအတွက် CI ထုတ်ပေးခြင်းတို့ကို
ဆောင်ရွက်ပေးရန် ၀န်ထမ်းတိုးချဲ့စေလွှတ်ခြင်းနှင့် စက်ပစ္စည်းများကို တိုးချဲ့ခြင်းတို့ကို ဆောင်ရွက်ရန်
စီစဉ်ထားသည်ဟုလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
“အထက်အဖွဲ့အစည်းကိုလည်း တင်ပြထားတယ်၊ အမြန်ဆုံးစေလွှတ်သွားမှာဖြစ်ပါတယ်၊ ထိုင်းက
တစ်ချို့နေရာတွေမှာ ဝေးကွာနေတဲ့ အလုပ်သမားတွေက စခန်းတွေကို လာဖို့အဆင်မပြေဘူးဆိုရင်
Mobile Team ဆိုတဲ့ ကားနဲ့ လိုက်လံဆောင်ရွက်ပေးဖို့ စီစဉ်ထားတယ်” ဟု ၄င်းက ပြောသည်။
Mobile Team ဖြင့် ဆောင်ရွက်ခြင်းကို ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးကလည်း မူအားဖြင့်
သဘောတူထားပြီး CI ထုတ်ပေးခြင်း ဆောင်ရွက်ပေးရာတွင် အလုပ်သမားများ အဆင်ပြေစေရန်
ပုံမှန်ရုံးဖွင့်ရက်အပြင် ၄င်းတို့ အလုပ်ပိတ်ရက်ဖြစ်သည့် တနင်္ဂနွေနေ့တွင်လည်း ထုတ်ပေးရန်
စီစဉ်နေကြောင်း ဦးသိန်းဆွေက ဆိုသည်။
“သူတို့( ထိုင်းအလုပ်သမားဝန်ကြီးအဖွဲ့ )ပြောတဲ့ဆွေးနွေးချက်တွေဟာ သူတို့ဆီမှာ အလုပ်ရှင်နဲ့
အလုပ်သမားနဲ့ မကိုက်ညီတာတွေ၊ အလုပ်ပြောင်းလို့ မကိုက်ညီတာတွေ၊ အလုပ်သမားတွေ
မှာလည်း အထောက်အထား မပြည့်စုံတာတွေ၊ အလုပ်ရှင်မှာလည်း အထောက်အထား
မပြည့်စုံတာတွေ ရှိတဲ့အတွက် ပြန်ပြီးတော့ တည့်မတ်ချင်တဲ့ သဘောပါ၊ ဆက်ပြီးတော့
ညှိနှိုင်းဖို့ကိစ္စတွေကိုလည်း အဆင့်ဆင့် ညှိနှိုင်းသွားမယ်လို့ ပြောပါတယ်” ဟု ၄င်းက ပြောသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဦးသိန်းဆွေသည် ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီး မစ္စတာ Sirichai Distakul နှင့် တစ်နာရီခွဲခန့်ကြာ
တွေ့ဆုံဆွေးနွေးပြီးနောက် တရားမဝင်အလုပ်သမားများ တရားဝင်ဖြစ်စေရေး
ပြန်လည်လုပ်ဆောင်ပေးရန်၊ အလုပ်ရှင်နှင့် အလုပ်သမားကွဲလွဲမှုများကို ပြန်လည်လုပ်ဆောင်ပေးရန်၊
အလုပ်သမား မှန်ကန်ကြောင်း သက်သေခံကဒ်ပြား(CI) ဆက်လက် ထုတ်ပေးရန်၊ နိုင်ငံကူးလက်မှတ်
သက်တမ်းပြန်လည် တိုးပေးပြီး Work Permit ပေးရန်နှင့် ဗီဇာပြုလုပ်ပေးရန် စသည့်
သဘောတူညီမှုများ ရရှိခဲ့သည်။
















