ထိုင်းနိုင်ငံသို့ ရေလုပ်သားများ တရားဝင်စေလွှတ်ရန် ၀န်ကြီးဌာန စီစဉ်

ထိုင်းနိုင်ငံသို့ ရေလုပ်သားများ တရားဝင်စေလွှတ်ရန် ၀န်ကြီးဌာန စီစဉ်

ထိုင်းနိုင်ငံသို့ မြန်မာရေလုပ်သားများ တရားဝင်စေလွှတ်ရန် စီစဉ်နေကြောင်း အလုပ်သမား၊
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက
ဇူလိုင်လ ရ ရက်နေ့က ပြောကြားလိုက်သည်။

ထိုသို့ တရားဝင်စေလွှတ်ရာတွင် အစိုးရချင်း တိုက်ရိုက်ချိတ်ဆက်ပြီး ဆောင်ရွက်သွားမည်ဖြစ်ပြီး
ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနနှင့် ဆွေးနွေးသွားမည်ဟု ၎င်းက ပြောသည်။

“ရေလုပ်သားကိစ္စဆိုရင်တော့ ခိုင်မာတဲ့ အထောက်အထားတွေနဲ့ ခိုင်မာတဲ့ အာမခံချက်တွေရမှ
အစိုးရချင်း တိုက်ရိုက်ချိတ်ပြီးစေလွှတ်ပေးဖို့ ဆက်စီစဉ်တာဖြစ်ပါတယ်၊ အဲ့ဒီအချက်အလက်တွေရမှ
ဆက်ပြီးတော့ ဆွေးနွေးရမှာ ဖြစ်ပါတယ်” ဟု ဦးသိန်းဆွေကပြောသည်။

အစိုးရချင်း တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်ရန် ထိုင်းအစိုးရဘက်က မြန်မာဘက်သို့ အဆိုပြုလွှာကို
ဦးစွာတင်ရမည်ဟု ၎င်းက ဆိုသည်။

“သူတို့ဘက်က ဘယ်လိုအစီအစဉ်နဲ့ လုပ်မှာလဲ၊ အလုပ်သမားတွေကို ဘယ်လိုအခွင့်အရေးတွေ
ပေးမှာလဲ၊ ဘယ်လိုလစာတွေ ပေးမှာလဲ၊ ဘယ်လိုအဆင့်နဲ့ ခေါ်မှာလဲ၊ ဘယ်လိုကန့်သတ်ချက်တွေ
ရှိတယ်ဆိုတဲ့ သူတို့ဘက်က အဆိုပြုချက်တွေ ပေးမယ်ဆိုရင် တို့ဘက်ကလည်း လိုအပ်ချက်တွေ
တောင်းဆိုပြီးတော့မှ သူတို့(ထိုင်း)ဘက်ကလည်း သူတို့အစိုးရကိုတင် တို့ဘက်ကလည်း
ရှေ့နေချုပ်ရုံးနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းပြီးအစိုးရအဖွဲ့ကို တင်ပြီးတော့မှပဲ
အတည်ပြုလို့ရမယ်” ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

လက်ရှိတွင် မြန်မာရေလုပ်သားများကို ကိုရီးယားနိုင်ငံသို့သာ အစိုးရချင်း တိုက်ရိုက်ချိတ်ဆက်၍
တရားဝင်စေလွှတ်ခြင်းတစ်ခုသာ ရှိသေးပြီး ဂျပန်သို့လည်း ရေလုပ်သားများ တရားဝင်စေလွှတ်ရန်
စီစဉ်နေကြောင်း ၎င်းက ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး