သာသနာရေးဝန်ကြီးက မဘသနဲ့ မဟနကို ရန်တိုက်ပေးနေဟု မန်းမဘသအတွင်းရေးမှူးဆရာတော် မိန့်ကြား

သာသနာရေးဝန်ကြီးက မဘသနဲ့ မဟနကို ရန်တိုက်ပေးနေဟု မန်းမဘသအတွင်းရေးမှူးဆရာတော် မိန့်ကြား

မဘသအမည်ပြောင်းခြင်းသည် မဟနကို မလိမ့်တပတ်လုပ်ခြင်းဖြစ်သည်ဟူသော သာသနာရေးနှင့်
ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို၏ ပြောကြားချက်သည် မဘသအဖွဲ့နှင့်
မဟနအဖွဲ့ကို ရန်တိုက်ပေးနေခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မဘသအဖွဲ့
(အထက်မြန်မာပြည်)၏ အတွင်းရေးမှူးချုပ် ဆရာတော်ဘဒ္ဒန္တကုသလက ဇူလိုင်လ ၁ဝ ရက်နေ့တွင်
မြန်မာတိုင်းမ်သို့ မိန့်ကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီး အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး(မဘသ)အဖွဲ့သည် ယခုကဲ့သို့
ပြုလုပ်ခြင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင်သော အရပ်သားအစိုးရအဖွဲ့အား
အခက်တွေ့အောင် ဆန့်ကျင်တိုက်ခိုက်နေခြင်း မဟုတ်ကြောင်း ၄င်းက ထပ်မံပြောကြားသည်။

''အခက်တွေ့အောင်ဆိုတာက သူတို့ဘာသာ ပြောချင်သလိုပြော။ သာသနာရေးဝန်ကြီးက
မဘသက မဟနကို မလိမ့်တပတ်လုပ်တယ်လို့ ပြောတယ်။ တကယ်တော့ သာသနာရေးဝန်ကြီးက
မဘသနဲ့ မဟနကို ရန်တိုက်ပေးတဲ့ သဘောပဲ။ သူ့အနေနဲ့ကတော့ အမှန်စင်စစ်အနေနဲ့ ဒီလိုမပြော
သင့်ဘူး။ မပြောသင့်တာကို ဒီလို ပြောလိုက်တဲ့အတွက်ကြောင့် နောက်ဆက်တွဲ ဘယ်လိုဖြစ်လာမလဲ
ဆိုရင် ဦးဇင်းတို့ မဘသထဲက အတော်သည်းခံနေရတယ်။ မဟနအဖွဲ့ကတော့ ဘယ်လို ဆက်လုပ်မယ်
မသိဘူး'' ဟု အတွင်းရေးမှူးချုပ် ဆရာတော်ဘဒ္ဒန္တကုသလက ပြောသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(၄၇)ပါး စုံညီအစည်းအဝေးက ဇူလိုင်လ ၁၅ရက်နောက်ဆုံးထားကာ
မဘသဆိုင်းဘုတ်များကို ဖြုတ်သိမ်းရန် ညွှန်ကြားထားသော်လည်း မဘသဆိုင်းဘုတ်များကို ဖြုတ်သိမ်းမည်
မဟုတ်ကြောင်း မန္တလေးတိုင်းဒေသကြီး အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့
(အထက်မြန်မာပြည်=မန်းမဘသ)က ဇူလိုင်လ ၁ဝရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

''သူတို့ သတ်မှတ်ရက်နီးလားလို့ ကြေညာချက်ထုတ်လိုက်တာပါ။ ဒီကနေတော့ ဖြုတ်မပေးဘူး၊
သူတို့အနေနဲ့ ဘယ်လိုလုပ်မယ်ဆိုတာ မသိသေးဘူး။ အခုကတော့ အာလုံးဆုံးဖြတ်ချက်နဲ့ ပြောင်းဖို့
အစီအစဉ် မရှိဘူး'' ဟု မန္တလေးတိုင်းဒေသကြီး မဘသအဖွဲ့(အထက်မြန်မာပြည်)၏ အတွင်းရေးမှူးချုပ်
ဆရာတော်ဘဒ္ဒန္တကုသလက မိန့်ကြားသည်။

မန္တလေးတိုင်းဒေသကြီး မဘသအဖွဲ့သည် မဘသ ဆိုင်းဘုတ်များကို လုံးဝ (လုံးဝ) ဖျက်သိမ်းမည်
မဟုတ်ကြောင်း၊ ၂ဝဝ၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂ဝ၁၄ ခုနှစ် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ
ဥပဒေများအရ တရားဝင်အဖွဲ့အစည်းဖြစ်ကြောင်း၊ ထိုကြောင့် သံဃမဟာနာယကအဖွဲ့၏ ညွှန်ကြားချက်
တစ်ခုတည်းဖြင့် မဘသဆိုင်းဘုတ်များကို အကြမ်းဖက်ဖြုတ်သိမ်းမှုများ ဆောင်ရွက်လာပါက ဖြစ်ပေါ်
လာမည့် နောက်ဆက်တွဲ ပြဿနာများသည် အစိုးရအဖွဲ့နှင့်သာ သက်ဆိုင်ကြောင်း ထုတ်ပြန်ထားသည်။

အလားတူ ကရင်ပြည်နယ် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့က မဘသ ဆိုင်းဘုတ်များကို
အတင်းအကြပ်ဖြုတ်ချခြင်းနှင့် ကြံစည်အားထုတ်ခြင်းပြုလုပ်လာသည့် မည်သူ့ကိုမဆို တည်ဆဲဥပဒေအရ
အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ်တွင်းရှိ မဘသဆိုင်းဘုတ်များကို အမျိုးဘာသာ
သာသနာ ချစ်မြတ်နိုးတန်ဖိုးထားသူများက ကာကွယ်စောင့်ရှောက်လျက်ရှိပြီး ဆိုင်းဘုတ်ဖြုတ်ချမှုကြောင့်
ဖြစ်ပေါ်လာမည့် အကျိုးဆက်များသည် ဖြုတ်ချသူတို့၏ တာဝန်ဖြစ်ကြောင်း ဇူလိုင်လ ၁၁ ရက်နေ့က
ထုတ်ပြန်ကြေညာသည်။

''မည်သူက မည်သို့ပင် ဆိုစေကာမှု အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး(မဘသ)အဖွဲ့သည်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ဖွဲ့စည်းပုံဥပဒေနှင့် ညီညွတ်ကာ မြန်မာနိုင်ငံ၏ တည်ဆဲ
ဥပဒေအသီးသီးနှင့်အညီ တရားဝင်တည်ရှိနေသော အဖွဲ့ဖြစ်သည်'' ဟု ကြေညာချက်တွင် ပြောကြား
ထားသည်။ ယခင် နိုင်ငံလုံးဆိုင်ရာ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး(မဘသ)အဖွဲ့သည်
သံဃမဟာနာယကအဖွဲ့၏ ညွှန်ကြားချက်ပါအတိုင်း 'မဘသအမည်ဖြင့် မည့်သည့် ရဟန်းပုဂ္ဂိုလ်ဖြစ်စေ၊
လူပုဂ္ဂိုလ်ဖြစ်စေ၊ တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့လိုက်အနေဖြင့် ဖြစ်စေ မည်သည့်လှုပ်ရှားမှုမျှ
မလုပ်ရ' ဟူသော တားမြစ်ချက်အရ ပြီးခဲ့သည့် မေလအတွင်း 'ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း'အဖြစ်
ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။

သို့သော်လည်း မန္တလေးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ် မဘသအဖွဲ့ဝင်များက 'မဘသ'အမည်ကို
ဆက်လက်သုံးစွဲရန် သဘောတူ ဆုံးဖြတ်ထားသည်။

''သံဃမဟာနာယကအနေနဲ့ သဘောထား ထုတ်ပြန်စရာ မရှိပါဘူး။ ဓမ္မစက်အရ ဆောင်ရွက်ရမယ့်
အပိုင်းကို ဆောင်ရွက်ပြီး ဖြစ်တယ်။ အာဏာစက်အရ ဆောင်ရွက်ရမယ့် အပိုင်းကို ကြေညာချက်
အပိုဒ် လေးအရ ဆောင်ရွက်ရမှာ ဖြစ်တယ်။ ဒါကို ပြည်ထဲရေး ဝန်ကြီးဌာနက အကောင်ထည်
ဆောင်ရွက်ဖို့ ဥပဒေမှာ ပြဌာန်းထားတယ်။ ဥပဒေအတိုင်းပဲ ဆက်လက်ဆောင်ရွက်ပါလိမ့်မယ်''
သာသနာရေးဦးစီးဌာန ဝိနိစ္ဆယရေးရာ ညွှန်ကြားရေးမှူး ဦးထွန်းညွှန့်က ပြောသည်။

ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းသည် မဘသအဖွဲ့ကို အမည်ပြောင်းကာ ဖွဲ့စည်းဆောင်ရွက်ခြင်းသည်
သံဃမဟာနာယကအဖွဲ့၏ ညွှန်ကြားချက်ကို မလိမ့်တပတ်လုပ်ခြင်းဖြစ်သည့်အတွက် လိုအပ်သော
အမိန့်ညွှန်ကြားချက်များကို ဆက်လက်ထုတ်ပြန်မည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး
ဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုက ပြောကြားထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး