ရခိုင်ပြည်နယ်အတွင်းရှိ မဟာဓါတ်အားလိုင်းနှင့် ၁၀ မိုင်အထက် ကွာဝေးပြီးနောက် ၁၀ နှစ်အတွင်း
မီးမရရှိနိုင်သေးသော ကျေးရွာများတွင် ဆိုလာမီးများ တပ်ဆင်ပေးလျက်ရှိကြောင်း
ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဆွေက
ယခုသီတင်းပတ်အစောပိုင်းက ပြောသည်။
“ကမ္ဘာ့ဘဏ်ရယ် ကျေးလက်ဦးစီးဌာနရယ် ပြည်သူလူထု ထည့်ဝင်ငွေတွေနဲ့ဆောင်ရွက်နေတဲ့
NEP စီမံကိန်းဖြစ်ပါတယ်။ စီမံကိန်းကာလက ၅ နှစ် ဆိုပေမယ့် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီး
ရရှိရေးကို ၂၀၃၀ မှာ အပြီးသတ် ဆောင်ရွက်နိုင်အောင် ကြိုးစားသွားမှာပါ”ဟု ဦးညီညီဆွေက
ဆိုသည်။
အဆိုပါ စီမံကိန်းကို ကမ္ဘာ့ဘဏ်မှချေးငွေ ဒေါ်လာသန်း ၄၀၀ အနက်မှ သန်း ၉၀ ဖြင့်
ဆောင်ရွက်နေခြင်းဖြစ်ပြီး ကျန်သန်း ၃၁၀ ကို EPC မှ မဟာဓါတ်အားလိုင်းတိုးချဲ့ဆောင်ရွက်မှု
လုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လုပ်ငန်းလုပ်ဆောင်ခြင်း မပြုသော
ဒေသများတွင် မီးရရှိရေးကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
စီမံကိန်းမှာ ရခိုင်ပြည်နယ်တွင် ပထမဆုံးအကြိမ် လုပ်ဆောင်ခြင်းဖြစ်ပြီး ပြည်နယ်တွင်းရှိ
မြို့နယ် ၁၇ မြို့နယ်မှ ကျေးရွာပေါင်း ၃၇၀၀ ကျော်ရှိသည့်အနက် ၅၄၈ ရွာတွင်NEP စီမံကိန်းဖြင့်
ဆိုလာမီးများ တပ်ဆင်ပေးလျက်ရှိကြောင်း ဦးညီညီဆွေက ဆိုသည်။
“ဆိုလာအမျိုးအစားတွေကို ၃၀ W၊ ၄၅ Wနှင့် ၆၀ W သုံးမျိုးခွဲထားတယ်။ ဒီထဲက ယူတဲ့အမျိုးအစားရဲ့
တန်ဖိုး အပေါ်မူတည်ပြီး ၁၀% မှ ၂၀ % ကြားကို ပြည်သူဘက်က ငွေပေးရပါတယ်”ဟု
ဦးညီညီဆွေက ဆိုသည်။
ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများမှာ အနည်းဆုံး တစ်နှစ်အာမခံဖြစ်ပြီး အာမခံကာလအတွင်း
ပျက်စီးပါက ပြုပြင်ခြင်း၊ အသစ်လဲလှယ်ပေးခြင်းများ ပြုလုပ်ပေးသွားမည်ဖြစ်ပြီး တမင်ဖျက်ဆီးခြင်းများ
ပြုလုပ်ပါက ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း၊ တပ်ဆင်ပြီးပစ္စည်းများ
ကိုလည်း ကျေးရွာအလိုက် ကော်မတီများဖွဲ့ကာ ၆ လတစ်ကြိမ် စစ်ဆေးမှုများ ပြုလုပ်သွားမည်
ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
ငွေပေးချေရာတွင် ၃ ရစ်ခွဲ၍ ပေးသွင်းရမည်ဖြစ်ပြီး ပထမအရစ်နှင့် ဒုတိယအရစ်ကို တပ်ဆင်ရေး
လုပ်ငန်းများ မဆောင်ရွက်မီ ပေးသွင်းရမည်ဖြစ်ကြောင်း၊ တတိယအရစ်ကို ပစ္စည်းများရောက်ရှိ
တပ်ဆင်ပြီးချိန်တွင် ပေးချေရမည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်သူထည့်ဝင်ငွေ မပါသော စာသင်ကျောင်း၊
ဘုန်းကြီးကျောင်း၊ ဆေးပေးခန်းနှင့် လမ်းမီးတိုင်တို့အတွက် ကျေးလက်ဦးစီးဌာနမှ ဆိုလာမီးများ
အခမဲ့တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ဆိုလာမီး အများဆုံးရယူသော မြို့နယ်မှာ ရသေ့တောင်မြို့နယ်ဖြစ်ပြီး ကျေးရွာပေါင်း ၁၀၀ ခန့်မှ
ဆိုလာမီးပေါင်း လေးထောင်ကျော်ခန့် မှာယူထားကြောင်း၊ ယခုအချိန်ထိ တောင်ကုတ်၊ သံတွဲ၊ ဂွနှင့်
မောင်တောမြို့နယ်တို့တွင် ဆိုလာမီးများ တပ်ဆင်ပြီးစီးပြီးဖြစ်ကာ ကျန်မြို့နယ်များတွင်
ဆက်လက်တပ်ဆင်လျက်ရှိကြောင်း ပြည်နယ်ကျေးလက်ဦးစီးဌာန၏ စာရင်းများအရ သိရသည်။















