လူထုပါဝင်မှုလိုအပ်နေသေးသည့် အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း

လူထုပါဝင်မှုလိုအပ်နေသေးသည့် အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း

 

၂ဝ၃ဝ ပြည့်နှစ်တွင် တစ်နိုင်ငံလုံးဧရိယာ၏၃ဝ ရာခိုင်နှုန်းကို သစ်တောမြေအဖြစ် အကောင် အထည်
ဖော်ဆောင်ရွက်မည်ဖြစ်ရာ အဆိုပါရည်မှန်းချက်ပြည့်မီရေးတွင် ဒေသခံအစုအဖွဲ့ပိုင် သစ်တောများ
ထူထောင်ခြင်းလုပ်ငန်း မပါဝင်ဘဲ အောင်မြင်နိုင်မည်ဟုတ်ကြောင်း သစ်တော ပညာရှင်များက
သုံးသပ်သည်။

လူထုပူးပေါင်းပါဝင်မှုဖြင့် အစုအဖွဲ့ပိုင် သစ်တောများ စတင်တည်ထောင်ရန် ၁၉၉၅ ခုနှစ်တွင်
သစ်တောဦးစီးဌာနက ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။ ၂ဝ၃ဝ ပြည့်နှစ်တွင် နိုင်ငံတစ်ဝန်း၌
အစုအဖွဲ့ပိုင်သစ်တောဧက ၂ ဒသမ ၂၇ သန်း ထူထောင်ရန် ရည်ရွယ်ထားပြီး၊ ၁၉၉၆ ခုနှစ်မှ
ယခုနှစ်အထိ အစုအဖွဲ့ပိုင်သစ်တောဧရိယာ ၃၇ဝ,ဝဝဝ ဧကခန့်ထူထောင်ထားပြီးဖြစ်သည်ဟု
ပြီးခဲ့သည့် မတ်လအတွင်းက ကျင်းပသည့် သစ်တောစီမံအုပ်ချုပ်မှုနှင့် ပြည်သူလူထု၏ အခန်း
ကဏ္ဍဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာနညွှန်ကြားရေးမှူး ဦးသိန်းတိုးက
ပြောသည်။

လာမည့် ၁၃ နှစ်အတွင်း မျှော်မှန်းဧကပြည့်မီရန် အစုအဖွဲ့ပိုင်သစ်တောကဏ္ဍ၌ ပြည်သူလူထု၏
ပါဝင်ဆောင်ရွက်မှုမြှင့်တင်ရန် ပြုပြင်ပြောင်းလဲရမည့် အခြေအနေများလည်းရှိနေသေးကြောင်း
ပါဝင်ဆောင်ရွက်နေသူများက ပြောသည်။

အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းတွင် အမြတ် အစွန်းရရှိစေမည့် အခြေအနေများ ဖန်တီးပေးခြင်းဖြင့်
ဒေသခံပြည်သူလူထု၏ ရေရှည်ပါဝင်ဆောင်ရွက်မှု မြင့်တက်လာနိုင်ကြောင်း မြန်မာနိုင်ငံ
ကြိမ်၊ဝါးလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။

''အစုအဖွဲ့ပိုင်သစ်တောတွေ အောင်မြင်ဖို့ အဓိကမောင်းနှင်မှုက အမြတ်အစွန်းဖြစ်ပါတယ်။
အလှူရှင်ကို တစ်သက်လုံးမှီခိုနေလို့ မရဘူး။ လွန်ခဲ့တဲ့ရှေ့ ၁ဝ နှစ်ကျော်ကတော့ အစုအဖွဲ့ပိုင်
သစ်တောထူထောင်မှုတွေက လှူဒါန်းမှုတွေနဲ့ ရပ်တည်လာတာ။ ပြီးခဲ့တဲ့ အစုအဖွဲ့ပိုင်သစ်တော
လမ်းညွှန်ချက်တွေဟာ ခေတ်စနစ်နဲ့ မကိုက်ညီတာမျိုးတွေလည်း ရှိခဲ့တယ်'' ၄င်းက ပြောသည်။

ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများသည် စီးပွားရေးလုပ်ငန်းများအတွက် အထောက်အပ့ံဖြစ်ရန်
လိုအပ်ပြီး၊ ပုဂ္ဂလိကလုပ်ငန်းရှင်များကလည်း စည်းကမ်းသတ်မှတ်ချက်အတိုင်း တိတိကျကျ လိုက်နာရန်
လိုအပ်သည်ဟု အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းများအတွက် ကြိမ်အချောထည်သင်တန်းများ
ပို့ချပေးနေသည့် ဦးကျော်သူက ပြောသည်။

၁၉၉၅ ခုနှစ် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော ညွှန်ကြားချက်သည် တစ်နိုင်တစ်ပိုင်
သုံးစွဲရေးကိုသာ အဓိကရည်ရွယ်ခဲ့ပြီး စီးပွားရေးဦးတည်ချက်ပါဝင်မှုအားနည်းချက်များရှိသဖြင့်
၂ဝ၁၆ ခုနှစ်တွင် အဆိုပါညွှန်ကြားချက်ကို ပြန်လည်ပြင်ဆင်ခဲ့သည်။

''၁၉၉၅ ခုနှစ်က ထုတ်ခဲ့တဲ့ လမ်းညွှန်ချက်တွေက လက်ရှိအခြေအနေတွေနဲ့ သိပ်မကိုက်ညီတော့
တာတွေရှိတယ်။ ဟိုတုန်းကတော့ တစ်နိုင်တစ်ပိုင်ကိုပဲ ဦးတည်တာပေါ့။ စီးပွားရေးဦးတည်ချက်တွေ
မပါဘူး။ ခုနောက်ပိုင်းမှာကြတော့ ဒါတွေ ထည့်သွင်းလာတယ်။ စီးပွားရေးလည်း တွက်ခြေကိုက်
ရမယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းမှုကိုလည်း ပံ့ပိုးပေးမယ်။ ထုတ်ယူသုံးစွဲတဲ့အခါ ကိုယ်ပိုင်သုံးရုံတင်
မကဘူး အခြားကိုပါ စီးပွားဖြစ်ရောင်းချနိုင်တဲ့ အခြေအနေ မျိုးတွေပါ ပါရှိရမယ်'' ဟု မြန်မာ့
ပတ်ဝန်းကျင် ထူထောင်ထိန်းသိမ်းရေးကွန်ရက် (MERC) အမှုဆောင်အရာရှိချုပ် ဦးအောင်သန့်ဇင်က
ယမန်နှစ်က ပြောသည်။

ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့် ရင်းနှီး ကျွမ်းဝင်မှု မရှိခြင်း၊ လတ်တလောလိုအပ်ချက်အတွက်
ရေရှည်အကျိုးစီးပွားကို မမျှော်တွေးနိုင်ခြင်းစသည့် အခြေအနေများသည် အစုအဖွဲ့ပိုင်သစ်တော
ကဏ္ဍ၌ ဒေသခံပြည်သူလူထုပါဝင်ဆောင်ရွက်ရာတွင် ကြံုတွေ့ရသည့် အခက်အခဲများဖြစ်ကြောင်း
ဧရာဝတီတိုင်းဒေသကြီး၊ အမာမြို့နယ်တွင် အစုအဖွဲ့ပိုင်သစ်တော ဆောင်ရွက်နေသူ
ဒေါ်ကေသီခင်ထွေးက ပြောသည်။

ဒေသခံများသည် သစ်တောများရေရှည်ထိန်းသိမ်းခြင်းဖြင့် ဂေဟစနစ်အပေါ် အကျိုးရှိစေမှုကို
သိရှိသော်လည်း လတ်တလော စားဝတ်နေရေး လိုအပ်ချက်များရှိနေသည်ဟု ၄င်းက ပြောသည်။

''ကျွန်မတို့ဒေသက ဒီရေတောပင် စိုက်ရတာပါ။ ဒီရေတောပင်ဆိုတာ အောက်က အခြားသီးပင်
စိုက်ပြီးဝင်ငွေ မရပါဘူး။ ဒီရေတောပင်ကြီးတဲ့အခါ ခုတ်လှဲပြီးရတဲ့ ဝင်ငွေကမှ အကျိုးအမြတ်စား
ရတာပါ။ အရမ်းရင်းနှီးမြှုပ်နှံရပါတယ်။ ကျွန်မတို့ဒေသမှာရှိတဲ့သူတွေက အပင်သေးလေးတွေနဲ့
ခုတ်ရောင်းနေရတယ်။ ဒီအပင်ကကြီးလာမှတန်ဖိုးပိုမြင့်မယ်ဆိုတာသိတယ်။ ဒါပေမဲ့လို့ တန်ဖိုး
ကြီးလာတဲ့အထိ မစောင့်နိုင်ဘူး။ အဲဒီအပင်ကို ထားနိုင်တဲ့ အင်အားမရှိပါဘူး။ ကမ္ဘာကြီးပူနွေးမှု
လျှော့ချဖို့ အသာထားပြီး လောလောဆယ်အိမ်မှာ ထမင်းချက်ဖို့ထင်းမရှိရင် အဲဒီထင်းသွားခုတ်
ရမှာပါ။ ဒါဒေသခံတွေရဲ့ လိုအပ်ချက်ပါ'' ဟု ဒေါ်ကေသီခင်ထွေးက ပြောသည်။

စိတ်တူကိုယ်တူ ဒေသခံများစုပေါင်းကာ အစုအဖွဲ့ပိုင်တော တည်ထောင်ခဲ့သော်လည်း အခြားကျေးရွာ
လူထု၏ ဝင်ရောက်သစ်ခုတ်မှုများကို မကာကွယ်နိုင်သဖြင့် အောင်မြင်မှု မရှိခဲ့ကြောင်း ၄င်းက
ပြောသည်။

''ကျွန်မတို့ လေးဧကစိုက်တယ်။ စိုက်တဲ့ အဖွဲ့ဝင်က ၁ဝ ဦးပဲရှိတာ၊ အိမ်ခြေ ၂ဝဝ ကျော်ရှိတဲ့
ရွာမှာရှိတဲ့ လူဦးရေပေါင်း ခုတ်တာကို မကာကွယ်နိုင်ဘူး။ ဒါကြောင့် မအောင်မြင်ခဲ့ဘူး'' ဟု
ဒေါ်ကေသီခင်ထွေးက ပြောသည်။

အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းများ အောင်မြင်မှု ရရှိရန် အစိုးရနှင့် ပြည်သူ အပြန်အလှန်
ယုံကြည်မှု တည်ဆောက်ရန်လည်း လိုအပ်ကြောင်း သစ်တော ပညာရှင် ဒေါက်တာတင့်လွင်သောင်းက
ပြောသည်။

''အရင်က သစ်တောကဏ္ဍဟာ လူတွေရဲ့ အခန်းကဏ္ဍ၊ အထူးသဖြင့် ကျေးလက်ပြည်သူလူထုရဲ့
အခန်းကဏ္ဍကို စဉ်းစားခဲ့တာအရမ်းနည်းခဲ့ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကြည့်လိုက်ရင် သစ်တောကို
အစိုးရကပိုင်တာများပါတယ်။ လူဦးရေများလာတဲ့အခါ မထိန်းသိမ်းနိုင်တော့တဲ့အခါကြတော့
ပြည်သူလူထုရဲ့အခန်းကဏ္ဍကို စဉ်းစားလာပြီး အစုအဖွဲ့ပိုင်သစ်တောတွေကို ပုံစံမျိုးစုံနဲ့ စကျင့်
သုံးခဲ့ကြတာပေါ့။ ကျွန်တော်တို့နိုင်ငံမှာတော့ ကြည့်လိုက်မယ်ဆိုရင် အစုအဖွဲ့ပိုင် သစ်တောတွေက
ထင်းစိုက်ခင်းလောက်ပဲသိကြတယ်'' ဟု ၄င်းက ပြောသည်။

အစုအဖွဲ့ပိုင် သစ်တောများ ထူထောင်ခြင်းအားဖြင့် စားဝတ်နေရေးနှင့် လူမှုရေးကဏ္ဍကို မြှင့်တင်
ပေးနိုင်သည့်အပြင် ပြည်သူလူထုပါဝင်မှုကြောင့် သစ်တောပြုန်းတီးမှုနည်းလာပြီး၊ သစ်တောစီမံ
အုပ်ချုပ်မှုလည်း ပို၍ကောင်းလာမည်ဟု ဒေါက်တာတင့်လွင်သောင်းက ပြောသည်။

''အခက်အခဲကတော့ အများကြီးရှိတယ်။နိုင်ငံတိုင်းမှာတွေ့ရတဲ့အခက်အခဲကတော့ ပြည်သူ ကလည်း
အစိုးရကို မယုံကြည်ဘူး။ အစိုးရကလည်း ပြည်သူကို မယုံကြည်ဘူး။ ယုံကြည်မှုတည် ဆောက်ရတာ
နှစ်ပေါင်းများစွာကြာပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာလည်း ဒီလိုပဲဖြစ်မယ်လို့ ထင်ပါတယ်''
ဟု ၄င်းက ပြောသည်။

ရေရှည်သစ်တောစီမံအုပ်ချုပ်မှု ဖော်ဆောင်ရာတွင် ဒေသခံများ၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီး
ကြောင်း ယခုနှစ် မေလအတွင်းက ရန်ကုန်မြို့တွင်ပြုလုပ်သော သစ်တောဆိုင်ရာ ပညာပေး ဟောပြော
ပွဲတွင် RECOFTC Myanmar မှ ဌာနေကိုယ်စားလှယ် ဒေါက်တာ မောင်မောင်သန်းက ပြောသည်။

''ရေရှည်သစ်တောစီမံအုပ်ချုုပ်မှုကို သွားမယ်ဆိုရင်ဒီနေ့ခေတ်ရဲ့လိုအပ်ချက်အရ မြန်မာနိုင်ငံသည်
မဏ္ဍိုင်ကြီးသုံးရပ် (အစိုးရ၊ ပုဂ္ဂလိက၊ ဒေသခံ) နဲ့သွားဖို့ လိုအပ်တယ်လို့ ယူဆပါတယ်။ အဲဒီတော့
ဒေသခံပြည်သူအစုအဖွဲ့ပိုင်တွေကလည်း မဏ္ဍိုင်ကြီးတစ်ရပ်အနေနဲ့ တည်ရှိပါတယ်။ ဒီမဏ္ဍိုင်ကြီး
တိုးတက်လာဖို့အတွက် လုပ်ပေးသင့်လုပ်ပေးထိုက်တာတွေ၊ စွမ်းဆောင်ရည်မြှင့်တာတွေ လုပ်ပေးဖို့
လိုတယ်။ တစ်ဖက်မှာလည်း လုပ်နိုင် ကိုင်နိုင်တဲ့အခင်းအကျင်း၊ မူဝါဒတွေ၊ လုပ်ထုံးလုပ်နည်းတွေကို
ဖြေလျှော့ပေးဖို့လည်းလိုတယ်'' ဟု ၄င်းက ပြောသည်။

မြန်မာနိုင်ငံရှိ သစ်တောများသည် အနုတ်လက္ခဏာဆောင်သည့် အခြေ အနေကို ရင်ဆိုင်ရလျက်
ရှိသည့်အပြင် ကမ္ဘာပေါ်တွင် သစ်တောပြုန်းတီးမှု တတိယအများဆုံးနိုင်ငံနှင့် အရှေ့တောင်
အာရှဒေသတွင် ဒီရေတောပျက်စီးမှု အမြင့်ဆုံးနိုင်ငံဖြစ်နေသည်ဟု ဒေါက်တာ မောင်မောင်သန်းက
ပြောသည်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏ ထုတ်ပြန် ထားသည့် အချက်အလက်များအရ ၁၉၉ဝ ပြည့်နှစ်တွင် မြန်မာ့
သစ်တောဧရိယာသည် ဟက်တာပေါင်း ၃၉ သန်းကျော် ရှိခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ်တွင်မူ ဟက်တာသန်း
၃ဝ ကျော်သာရှိကာ တစ်နှစ်လျှင် သစ်တောပြုန်းတီးမှု ဧကတစ်သန်းခန့်ရှိသည်ဟု ၄င်းက ပြောသည်။

သစ်တောဦးစီးဌာန၊ ပုဂ္ဂလိကနှင့် ဒေသခံအစုအဖွဲ့များ၏ သစ်တော ပြန်လည် စိုက်ပျိုးနိုင်မှုသည်
နှစ်စဉ် သစ်တောပြုန်းတီးမှု၏ ၁ဝ ရာခိုင်နှုန်း ခန့်သာ ရှိသည်အတွက် စိုးရိမ်ဖွယ် အခြေ အနေသို့
ရောက်ရှိနေသည်ဟုလည်း ဒေါက်တာမောင်မောင်သန်းက ပြောသည်။

အနောက်နိုင်ငံများတွင် ပုဂ္ဂလိပိုင်သစ်တောပိုင်ဆိုင်မှုနှင့် ချုပ်ကိုင်မှု ၉ဝ ရာခိုင်နှုန်းခန့်ရှိသော်လည်း
မြန်မာနိုင်ငံတွင် သစ်တာများကို အစိုးရချုပ်ကိုင်မှု ၉ဝ ရာခိုင်နှုန်းဖြစ်နေသည်ဟုလည်း သူက ပြောသည်။

''ပြန်ကြည့်မယ်ဆိုရင် အပြောင်းအလဲ လေးတွေဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သက်ရောက်မှု ထိထိရောက်ရောက်
မည်မည်ရရ ဖြစ်သေးတာတော့ မတွေ့ရဘူး။ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုပြီး ၁၉၉၅
ခုနှစ် ကတည်းက ပေါ်ထွန်းလာခဲ့ပါတယ်။ ၂၂ နှစ်ထဲဝင်နေပြီ၊ ဒါပေမဲ့ မည်မည်ရရ ဖြစ်ထွန်းလာတာ
မတွေ့ရသေးပါဘူး။ ၂ဝဝ၆၊ ၂ဝဝ၇မှာစခဲ့တဲ့ ပုဂ္ဂလိက ကဏ္ဍမှာ စိုက်ခင်းအရေအတွက်က ဒေသခံ
ပြည်သူအစုအဖွဲ့ပိုင်သစ်တောထက်ပိုများ နေတာ တွေ့ရပါတယ်'' ဟု ဒေါက်တာ မောင်မောင်သန်းက
ပြောသည်။

သစ်တောဦးစီးဌာန၏ အဆိုအရရှမ်းပြည်နယ်တွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော အများဆုံး
ထူထောင်ထားကာ ကချင်ပြည်နယ်တွင် ဒုတိယအများဆုံးနှင့် ဧရာဝတီနှင့်တနင်္သာရီတိုင်းဒေသကြီးများ
တွင်လည်း အစုအဖွဲ့ပိုင်သစ်တော အများစု ထူထောင်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး