မြန်မာပြည်တွင် ထုတ်လုပ်သည့် ရိုးရာဒီဇိုင်းအလှည့်အပြောင်း

မြန်မာပြည်တွင် ထုတ်လုပ်သည့် ရိုးရာဒီဇိုင်းအလှည့်အပြောင်း

 

ရန်ကုန်မြို့ထဲရှိ အထည်ဆိုင်ကလေးတွင် ပြံုးသက်သက်ကျော်သည် ရိုးရာအထည်၊ ပိတ်စများကို
အသုံးပြုလျက် ကိုယ်ပိုင်ဒီဇိုင်းဖြင့် အဝတ်အစားများကို ချုပ်လုပ်လျက်ရှိသည်။ ပိတ်စအများစုမှာ
လူနည်းစု တိုင်းရင်းသားများနေထိုင်ရာဒေသ၏ ထွက်ကုန်ဖြစ်ပြီး သူချုပ်လုပ်သည့် အဝတ်အစားများတွင်
အဝတ်အထည်မျိုးစုံ၊ စကတ်နှင့် အကျႌမျိုးစုံတို့ ပါဝင်၏။ သူသည်ထဘီနှင့် တွဲဝတ်ရသော အတွန့်ကလေး
များဖြင့် လှပကျော့ရှင်းသည့် မြန်မာရင်ဖုံးအကျႌကော်လာကို ချုပ်နေသည်။

''ကျွန်မတို့ မြန်မာတွေဟာ တိုင်းရင်းသား ရိုးရာဝတ်စုံတွေကို အမှန်တကယ် မြတ်နိုးကြပါတယ်'' ဟု
အပ်ချုပ် စက်သံ တဝီဝီကြားမှ သူက လှမ်းပြောလိုက်သည်။

''ရိုးရာအဝတ်အစားကို ခေတ်ဆန်ဆန်လေးချုပ်တဲ့အခါ အရမ်းကြီး မျက်စိမရိုင်းဖို့နဲ့ သိပ်ပြီး ခေတ်မဆန်ဖို့
ဂရုစိုက်ရပါတယ်''ဟု သူက ဆက်ပြော၏။

စစ်အစိုးရလက်ထက်က ပြည်ပမှ အနောက်တိုင်းဝတ်စုံများ အလုံးအရင်းဝင်ရောက်မှုကို ကာကွယ်တား
ဆီးထားသလို မြန်မာတို့ကလည်း မိမိတို့ ရိုးရာအဝတ်အစားကို အလွန်မြတ်နိုး ဂုဏ်ယူတတ်ကြသည်။
နှစ်ပေါင်း ၅ဝ ကြာအောင် ပြည်ပလွှမ်းမိုးမှုကို ပိတ်ပင်ထားပြီး အစိုးရသတင်းမီဒီယာများ၏
ဝတ်စားဆင်ယင်မှုကို တင်းကျပ်စွာ ကျပ်မတ်ထိန်းချုပ်ထားခြင်း ခံခဲ့ရ၏။

၁၉၉ဝ ပြည့်လွန်နှစ်များအတွင်း မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်အတွက် ဝတ်စုံများ ချုပ်ပေးစဉ်အခါက
ပခုံးသား ဖြစ်စေ၊ ချိုင်းသားဖြစ်စေ၊ အနည်းငယ်မျှလောက်ပင် ဖော်ခွင့်မရသည့်အကြောင်း ဒီဇိုင်နာ
မပုံ့က ပြန်ပြောင်း ပြောပြသည်။

''ကျွန်မတို့ အတော်လေးကို လွတ်လပ်ခွင့် မရခဲ့တာပါ'' ဟုလည်း ဆို၏။

ထိုစဉ်က ဖက်ရှင်ဒီဇိုင်းမှာ နိုင်ငံရေးနှင့်လည်း ဆက်နွှယ်မှု ရှိခဲ့သည်။ မြန်မာအမျိုးသမီးအများအပြားမှာ
အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဝတ်ဆင်သည့် အဝတ်အစား၊ ဖက်ရှင်ဒီဇိုင်းမျိုး
အတိုင်း သူတို့၏ အပ်ချုပ်သမား၊ ဒီဇိုင်နာများကို တိတ်တဆိတ် ချုပ်ခိုင်းလေ့ရှိသည်။

ဆယ်စုနှစ် နှစ်ခုခန့်ကြာမြင့်သည့် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့်နေ့တွင်
ဒေါ်အောင်ဆန်း စုကြည် ဝတ်ဆင်ခဲ့သည့် ခရမ်းရောင် ဝတ်စုံဒီဇိုင်းမှာ အချိန်တိုလေး အတွင်းမှာပင်
ရန်ကုန်လမ်းမများပေါ်၌ နေရာတကာတွေ့မြင်ရသည့် လူကြိုက်အများဆုံး ဖက်ရှင်ဒီဇိုင်းဖြစ်လာ
ခဲ့သည်ဟု ပြည်တွင်းမီဒီယာ တစ်ခုက ဖော်ပြသည်။

ယနေ့အချိန်အခါတွင်လည်း ဆယ်စုနှစ်များစွာအတွင်း မြန်မာနိုင်ငံ၌ ပထမဦးဆုံး ပေါ်ထွန်းလာသည့်
အရပ်သားအစိုးရအဖွဲ့၏ ခေါင်းဆောင်လည်းဖြစ်၊ ဒီမိုကရေစီ ခေါင်းဆောင်လည်းဖြစ်သူ
ဒေါ်အောင်ဆန်းစုကြည်၏ ကျက်သရေရှိလှသည့် ပွဲတက်ဝတ်စုံဖက်ရှင်ဒီဇိုင်းမှာ မြန်မာအမျိုးသမီးထု
အကြား အထူးရေပန်းစား နှစ်ခြိုက်နေကြဆဲ ဖြစ်သည်။

သို့ရာတွင် ယင်းသို့ ရိုးရာထဘီ၊ လုံချည်၊ အဝတ်အစားများကို နှစ်ခြိုက်သူ အများအပြား ရှိသကဲ့သို့
အခြား တစ်ဖက်တွင်လည်း ခေတ်ပေါ် ဖက်ရှင်ဒီဇိုင်းမျိုးစုံ စတင်ပြောင်းလဲဝတ်ဆင်လာကြသူများ
လည်း ရှိနေသည်။

ရန်ကုန်က လူလတ်တန်းစားများအတွက် စျေးဝယ်စင်တာကြီးများ နေရာအနှံ့ ပေါ်ထွန်းလာသည်။
ထို့အတူ မြို့အစွန် အဖျားတွင်လည်း လုပ်ခစျေးပေါပြီး ငယ်ရွယ်သည့် မြန်မာလုပ်သားများကို
အမှီသဟဲပြုလျက် နိုင်ငံတကာတံဆိပ် အထည်ချုပ်လုပ်ငန်းများ ကြီးထွားလာသည်။

အဝတ်အစား ဒီဇိုင်နာဘဝ ရောက်လာသူ ပြံုးသက်သက်ကျော်ကမူ အဆိုပါ အထည်ချုပ်အလုပ်
သမဘဝကို တွေ့ကြံုဖြတ်သန်းခဲ့ဖူးပြီး ဖြစ်သည်။ စီးပွားရေးမြို့တော် ရန်ကုန်၏ မြို့အပြင်ဘက်ရှိ
အထည်ချုပ် စက်ရုံတစ်ခုတွင် ဆယ်ကျော်သက် အရွယ်က သူ အလုပ်လုပ်ခဲ့ဖူးသည်။ ထိုစဉ်က
သူ၏ တစ်ပတ်လုပ်ခမှာ ကျပ် ၂,ဝဝဝ (ယနေ့ပေါက်စျေးအရ ၁ ဒသမ ၄၆ ဒေါ်လာ) ဖြစ်၏။

အထည်ချုပ်စက်ရုံ၌ လုပ်ခဲ့သည့် အတွေ့အကြံုက သူ့ကို ကိုယ်ပိုင်အပ်ချုပ်ဆိုင်လေးဖွင့်၍
အသက်မွေးသည့် လမ်းကြောင်းကို ရွေးချယ်ဖြစ်စေခဲ့သည်။ ယခုအချိန်တွင် အဝတ်အထည်များ
ကိုယ်တိုင်ချုပ်လုပ်နေသည် သာမက သူ့လို အဖြစ်ဆိုးမျိုး မကြံုတွေ့ကြရစေရန် အမျိုးသမီးငယ်များ
အတွက် အပ်ချုပ်သင်တန်းကိုလည်းသူဖွင့်လှစ်ပေးလျက်ရှိသည်။

''အထည်ချုပ်မှာ လုပ်တုံးက ထမင်းစားဖို့ အချိန် ၁ဝ မိနစ် တောင်မရဘူး။ အပေါ့အပါးသွားချင်
တိုင်းလည်း သွားခွင့် မပေးဘူး။ လုပ်ငန်းတွေ ရပ်သွားမှာစိုးလို့ဆိုပြီး အိမ်သာသွားခွင့်မပေးတာ။
အဲဒီ အခြေအနေဆိုးတွေကြောင့် ကျွန်မ ဘာလုပ်သင့်သလဲဆိုတာ အမြင်မှန် ရလာခဲ့တယ်'' ဟု
ပြံုးသက်သက်ကျော်က အတိတ်ကို ပြန်ပြောင်းပြောပြသည်။

လက်ရှိအခြေအနေအရ ''နောက်ဆုံးပေါ် ဖက်ရှင်တွေနဲ့ရိုးရာမဆန်တဲ့ ဖက်ရှင်တွေ အရှိန်အဟုန်နဲ့
ဆက်ခေတ်စားနေရင် ကျွန်မတို့လို ရိုးရာအဝတ်အထည်လုပ်ငန်းတွေကို ထိခိုက်မှာပါ'' သူက
သုံးသပ်ပြောဆိုသည်။

စျေးသက်သာသည့် အဝတ်အထည်များ စီးပွားဖြစ် အမြောက်အမြား ချုပ်လုပ်သည့် အထည်ချုပ်စက်ရုံ
လုပ်ငန်းများမှာ ဆင်းရဲတွင်းနက်နေသော်ငြား ပြောင်းလဲတိုးတက်လာသည့် မြန်မာနိုင်ငံစျေးကွက်သို့
အလုအယက် အပြိုင်အဆိုင် ဝင်ရောက်လျက်ရှိသည်။ ထုတ်လုပ်သည့် အဝတ်အထည်များတွင်
နံမည်ကြီး ဖက်ရှင်တံဆိပ်များဖြစ်သော H&M နှင့် Primark များပင် ပါဝင်ကြ၏။

တရားဝင် စာရင်းဇယားများအရ ယမန်နှစ်က အဝတ်အထည်ပြည်ပပို့ကုန်တန်ဖိုး နှစ်ဆတိုးတက်
လာပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၅ ဘီလျံရှိလာသည်။ အောက်တိုဘာလ၊ အမေရိကန်စီးပွားရေး
ပိတ်ဆို့မှုများရုပ်သိမ်းပြီးနောက်ပိုင်းတွင် ပြည်ပပို့ကုန်တန်ဖိုး ပိုမိုမြင့်တက်လာမည်ဟု ခန့်မှန်းထား၏။

အထည်အလိပ်လုပ်ငန်းသည် တိုင်းပြည်၏ စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုနေသော်ငြား
လည်း အာရှတိုက်၏ လုပ်ခလစာအနည်းဆုံးလုပ်သားများတွင်အပါအဝင်ဖြစ်သော မြန်မာ
အလုပ်သမားများအတွက် အကျိုးကျေးဇူးဖြစ်ထွန်းမှု နည်းပါးသလို ဥပဒေကြောင်းအရ အလုပ်သမား
အခွင့်အရေး အကာအကွယ်ပေးမှုလည်း အားနည်းနေကြောင်း ဝေဖန်သူများက ဆိုသည်။

နိုင်ငံစုံ စောင့်ကြည့်လေ့လာရေးအဖွဲ့ ှဥြဥ ၏ မကြာသေးမီက ထုတ်ဝေသည့် အစီရင်ခံစာတွင်
''မြန်မာနိုင်ငံ၌ ကြံုတွေ့နေရသော အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု အန္တရာယ်ကို
အဆောတလျင် ဖြေရှင်း ဆောင်ရွက်သွားရန် လိုအပ်သည်'' ဟု ဖော်ပြထား၏။

မိုဟမ်း (Mo Hom) ကဲ့သို့ ဒီဇိုင်နာများမှာမူ ရာစုနှစ်နှင့်ချီ ကြာမြင့်ခဲ့ပြီဖြစ်သော မြန်မာ့ရိုးရာ အထည်
လုပ်ငန်းကြီး မတိမ်ကော၊ မပပျောက်စေရေးအတွက် ထိုင်း၊ တရုတ်တို့မှ စျေးပေါပေါနှင့်
တင်သွင်းလာသည့် ပိတ်စများရန်ကို ကာကွယ်နေခဲ့ကြရသည်။

ပြံုးသက်သက်ကျော်၏ ရန်ကုန်ဆိုင်မှာ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တို့မှ ထွက်ရှိသည် ချည်ထည်၊
ပိုးထည်များနှင့် အရောင် စုံစုံ၊ ဝေဝေဆာဆာ ရှိလှ၏။ အဆိုပါ အထည်များကို ရိုးရာရက်ကန်းစင်များ
အသုံးပြုကာ လပေါင်းများစွာ ရက်လုပ်ထားရခြင်း ဖြစ်၏။ လိုအပ်သည့် အရောင်ရရှိရန် လက်ဖက်
ရည်ကြမ်း၊ စတော်ဘယ်ရီ စသည့် သဘာဝပစ္စည်းများကို အသုံးပြုသည်။ ထို့နောက် ရိုးရာပုံစံဒီဇိုင်း၊
အရိပ်ပုံများဖြင့် ရောစပ်ကာ ဒီဇိုင်းဖော်သည်။

''စျေးကွက် ဝယ်လိုအား မရှိတော့ ပြည်တွင်း စက်ရုံတွေ လုံးပါးပါးတော့မယ်'' ဟု နယူးယောက်၌
ဒီဇိုင်နာအဖြစ် လေ့ကျင့်ခဲ့၊ အလုပ်လုပ်ခဲ့ပြီး ၂ဝ၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည့်
Mo Hom က ဆိုသည်။

''ပြည်တွင်းစက်ရုံ အတော်များများ ပိတ်တောင် ပိတ်နေကြပါပြီ'' ဟု သူမက အခြေအနေမှန်ကို
ပြောပြသည်။

- အေအက်ဖ်ပီ



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး