နေ့ခင်းကြောင်တောင် လုယက်မှုတွေက တရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်နေပြီလား

နေ့ခင်းကြောင်တောင် လုယက်မှုတွေက တရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်နေပြီလား

မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ကြီး အပါအဝင် တခြားပြည်နယ်နဲ့
တိုင်းဒေသကြီးတွေမှာ ပုံသဏ္ဌာန်မျိုးစုံနဲ့ လုယက်မှုတွေ မကြာခဏ ဖြစ်ပွားလာတာဟာ
တရားဥပဒေစိုးမိုးရေးအတွက် ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။

လုယက်မှုတော်တော်များများကို ရဲတပ်ဖွဲ့က အချိန်နဲ့တစ်ပြေးညီ ဖမ်းဆီးနိုင်ခဲ့တာရှိသလို
ခုတိုင် မပေါ်ပေါက်သေးတဲ့ အမှုတွေလည်း ကျန်ရှိနေပါသေးတယ်။

လုယက်မှုကျူးလွန်တဲ့သူ တော်တော်များများက အုပ်စုဖွဲ့လုယက်တာဖြစ်ပြီး ပူးပေါင်းပါ၀င်သူ
နှစ်ဦးအထက်ရှိပါတယ်။

လုယက်မှု၊ ခိုးမှုနဲ့ တခြားရာဇဝတ်မှုတွေကို ကျူးလွန်သူ တော်တော်များများက နည်းပညာကို
သိနားလည်သူတွေရှိသလို သိရှိထားတဲ့ နည်းပညာတွေကို လက်တစ်လုံးခြားပြုပြီး ကျူးလွန်တဲ့
အမှုအခင်းတွေလည်း ရှိခဲ့ပါတယ်။

ဒုစရိုက်သမားတွေက ညပိုင်းတင် မကတော့ဘူး။ နေ့လယ်ပိုင်းအချိန်မှာပါ လုယက်မှုကျူးလွန်တာတွေ
ကြံုတွေ့နေရပါပြီ။ များသောအားဖြင့် လုယက်မှုတွေဟာ လူအသွားအလာ ပြတ်တဲ့နေရာတွေမှာ
အဖြစ်များပါတယ်။

ဒုစရိုက်သမားတွေဟာ လုယက်မှုကျူးလွန်မယ့် နယ်မြေကို ရဲတပ်ဖွဲ့ဝင်က ဘယ်အချိန်ကင်းလှည့်
သွားတယ်။ ဘယ်နေရာမှာ ရှိနိုင်တယ်ဆိုတာ လေ့လာထားပြီး ဒီလိုလေ့လာပြီးမှာ ရဲတပ်ဖွဲ့
လှည့်ကင်းချိန် မဟုတ်ချိန် အခွင့်ကောင်းယူပြီးတော့ အသုံးချသွားတာတွေရှိတယ်။

ဒါကြောင့် ရဲတပ်ဖွဲ့ဝင်တွေက လှည့်ကင်းဆောင်ရွက်တဲ့နေရာမှာ ပုံသေမထားသင့်သလို လုယက်မှု
ကျူးလွန်ခံရသူတွေအနေနဲ့လည်း ပတ်ဝန်းကျင်ကို ချက်ချင်း အကူအညီတောင်းခံမယ်ဆိုရင်
အနားမှာရှိတဲ့ ပြည်သူတွေ ပူးပေါင်းမှုနဲ့ ပြစ်မှု ကျူးလွန်သူကို ဖမ်းဆီးနိုင်မှာပါဖြစ်တယ်လို့
တရားလွှတ်တော်ရှေ့နေ ဒေါ်တင်အောင်က ပြောပါတယ်။

မှုခင်းဖြစ်ပွားမှုနှုန်းတွေ လျှော့ချနိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က စွန်ရဲစီမံချက် ၂ ကို
မေ ၁ ရက်ကစပြီး အရှိန်အဟုန်မြှင့် အကောင်ထည်ဖော်ဆောင်ရွက်နေပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁ ရက်က စခဲ့တဲ့ စွန်ရဲစီမံချက်ပြီးတဲ့နောက်ပိုင်းမှာ မှုခင်းဖော်ထုတ်မှုနဲ့
ကြိုတင်ကာကွယ်မှုတွေ ဖော်ထုတ်နိုင်ခဲ့တာကြောင့် အခု စွန်ရဲစီမံချက် ၂ ကို ဆက်ပြီး
အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တာပါ။

ဒီစီမံချက်မှာ မှုခင်းဖြစ်ပွားမှုတွေကို ကြိုတင်ကာကွယ်ဖို့နဲ့ မှုခင်းကျူးလွန်ဖို့အတွက် ကြိုတင်ကြံစည်နေသူ
တွေကို စုံစမ်းစစ်ဆေးပြီး ဆောင်ရွက်မှုတွေ ပါ၀င်နေပါတယ်။

ဒီစီမံချက်ထဲမှာ မြို့နယ်အလိုက် လူစည်ကားတဲ့ ဈေး၊ကျောင်းအစရှိတဲ့နေရာတွေမှာ
မီးတန်းလှည့်ကင်းကား၊ စက်ဘီးလှည့်ကင်းတွေနဲ့စဉ်ဆက်မပြတ် ဆောင်ရွက်နေပါတယ်လို့
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးလှဝေက ပြောပါတယ်။

လုယက်မှုတွေဟာ ပုံစံအမျိုးမျိုးဖြစ်ပြီး တို့ဆေးနဲ့ တောင်းယူလုယက်မှုတွေလည်း ရှိပါတယ်။ တို့ဆေးနဲ့
တောင်းယူမှုက မျက်လှည့်ဆန်တဲ့ ပြကွက်တွေဖြစ်သလို ပတ်ဝန်းကျင်က မြင်တွေ့ရတဲ့သူအဖို့လည်း
ထင်ယောင်ထင်မှား ဖြစ်စေတတ်တာမို့ ဒီလို ဆေးတို့လုယက်မှုတွေဟာ ပြည်သူတွေအတွက်
စိုးရိမ်စရာတစ်ခု ဖြစ်လာပါတယ်။

မြို့နယ်အတော်များများမှာ တို့ဆေးမိလို့ ပစ္စည်းတွေပါသွားတဲ့ သူတွေအကြောင်း မကြာခဏ
ကြားရပါတယ်။

ဒါပေမဲ့ ရဲတပ်ဖွဲ့ကို တို့ဆေးမိလို့ဆိုတဲ့ အကြောင်းအချက်နဲ့ အမှုဖွင့်ဖို့ကတော့ ခက်ခဲလှပါတယ်။
ဘာကြောင့်လဲဆိုတော့ ရဲတပ်ဖွဲ့ဝင်အများစုက တို့ဆေးနဲ့ လုယက်မှုကျူးလွန်တယ်ဆိုတဲ့ အချက်ကို
ယုံကြည်မှု မရှိတာကြောင့်ပါပဲ။ ရဲတပ်ဖွဲ့ဝင်တွေက တို့ဆေးရှိတယ်ဆိုတာကို လက်မခံဘူးလို့
ဆိုလိုတာပါ။

တို့ဆေးမိတယ်ဆိုသူ အတော်တော်များများက ကိုယ်ရေးကိုယ်တာ ကိစ္စတွေအတွက် ငွေအသုံးလိုလို့
မိသားစုကို ဖုံးကွယ်ဖို့ တို့ဆေးမိလို့ ငွေတွေ လုယက်ခံရသလို လက်တစ်လုံးခြားသုံးနှုန်းခဲ့တဲ့ မှုခင်းတွေ
ဖော်ထုတ်ရရှိမှုအပေါ် အခြေခံပြီး ရဲတပ်ဖွဲ့ဝင်တချို့က တို့ဆေးကို မယုံကြည်တာပဲ ဖြစ်တယ်လို့
တို့ဆေးမှုတချို့ကို ဖော်ထုတ်ခဲ့ဖူးတဲ့ ရဲတပ်ဖွဲ့ဝင်တချို့က ပြောပါတယ်။

မှုခင်းပိုင်းဆိုင်ရာစုံစမ်းဖော်ထုတ်မှု ပညာရပ်တွေကို သင်ကြားခဲ့ဖူးတဲ့ ရဲအုပ်တစ်ယောက်ကတော့
တို့ဆေးဆိုတာ ရှိတယ်လို့ လက်ခံပါတယ်။ တို့ဆေးဆိုတာ တကယ့် ဓာတုဗေဒဆေးဝါးတွေနဲ့
ပြုလုပ်ထားတယ်လို့ သူက ဆိုပါတယ်။

လူမှုကွန်ရက်စာမျက်နှာတစ်ခုမှာ တို့ဆေးနဲ့ ပတ်သက်ပြီးတော့ ဒီလိုပြောထားပါတယ်-----။

ကိုလံဘီယာ မှာရနိုင်တဲ့ Scopolamine ဆိုတဲ့ ဆေးတစ်မျိုးက ကိုယ်အသုံးပြုချင်တဲ့သူရဲ့
မျက်နှာရှေ့ကို လေနဲ့ မှုတ်လိုက်ရင် ဆေးရှူရှိုက်မိတဲ့သူက မိနစ်ပိုင်းအတွင်း မှတ်ဉာဏ်တွေပျောက်ပြီး
မိန်းမောသွားသလို ဘေးက တစ်ယောက်ယောက်က သူလုပ်ခိုင်းတဲ့ကိစ္စကို မစဉ်းစားဘဲ
လိုက်လုပ်ပေးမိတတ်ပါတယ်။ ဆေးအာနိသင် ပြယ်သွားတဲ့အချိန်မှာ ကိုယ်ဘာလုပ်ခဲ့မိမှန်း
မမှတ်မိတော့ပါဘူးလို့ ဆိုပါတယ်။

ဒီဆေးကို Borrachero ဆိုတဲ့ အပင်ကနေ ထုတ်လုပ်ထားပြီး အစားအစာနဲ့ အဖျော်ယမကာတွေ
ထဲမှာလည်း ထည့်တိုက်လို့ရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ တို့ဆေးနဲ့ ပတ်သက်ပြီးတော့ ခိုင်လုံတဲ့ ပညာပေးမှုတွေတော့ မှုခင်းပညာပေးတဲ့
ကဏ္ဍတွေမှာ ထည့်သွင်းထားတာ မတွေ့ရသေးပါဘူး။ အိမ်နီးချင်းနိုင်ငံတွေကတော့ ဒီလိုမျိုးတို့ဆေး၊
လေမှုတ်ဆေးနဲ့ ဆေးရည်စိမ်ထားတဲ့ အပ်တွေကို အသုံးပြုပြီးတော့ လူခန္ဓာကိုယ်ကို
ထိတွေ့လိုက်ရုံမျှနဲ့ ခိုင်းသမျှ အကုန်လုပ်ဆောင်ပေးပြီး ဆေးပြယ်ချိန်မှ မူလစိတ်ပြန်ဝင်လာတဲ့
အသိပညာပေး ဗီဒီယိုဖိုင်တွေနဲ့ လူမှုကွန်ရက်မှာ တင်ပေးထားပါတယ်။

ခေတ်ကာလတိုးတက်မှုနဲ့အတူ အိမ်နီးချင်း နိုင်ငံပေါင်းစုံက တရားမဝင်ဝင်ရောက်လာတဲ့
ဆေးဝါးတွေကို အသုံးပြုပြီးတော့ ဒုစရိုက်မှု ကျူးလွန်တဲ့ ဖြစ်စဉ်မျိုးတွေလည်း မကြာခဏ
ကြားသိရမှာပါ။

တို့ဆေးကို ကျူးလွန်တဲ့သူတော်တော် များများကတော့ ကာယကံရှင်နဲ့ ယုံကြည်မှုရယူပြီးမှ
ပြုမူကြတာပါ။ ဒါတွေဟာ လူအသွားအလာပြတ်တဲ့ နေရာနဲ့ လမ်းမကြီးမှာ လုယက်မှုတွေထဲက
တို့ဆေးကို အပ်နဲ့ သုံးပြီး ခန္ဓာကိုယ်ကို တို့လိုက်ချိန်မှာ ခဏတာထုံထိုင်းသွားတဲ့ လျှပ်တစ်ပြက်အတွင်း
လက်လှည့်နည်းပညာကို အသုံးပြုပြီး လုယူသွားတာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၅ ခုနှစ်မှာ လုယက်မှု ၆၇ မှုအပါ၀င် အမှုကြီး ၃၉၇ မှု၊
အခြား အမှုပေါင်း ၁၃,၅၄၆ မှု၊ ကြိုတင်ကာကွယ်မှု ၂၄,၆၂၂ မှုဖြစ်ပွားခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ
လုယက်မှု ၅၁ မှု အပါအဝင် တခြားအမှုပေါင်း ၁၃,၅၄၆ မှု၊ ကြိုတင်ကာကွယ်မှု ၄၂,၀၀၃ မှုတို့ကို
အရေးယူဆောင်ရွက်ခဲ့ကြောင်း ရန်ကုုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းလုံးအနေနဲ့ ၂၀၁၅ ခုနှစ်မှာ လုယက်မှု ၁၃၆ မှု၊ ၂၀၁၆ ခုနှစ်မှာ လုယက်မှု ၁၆၀
ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ လုယက်မှုတွေဟာ နေ့ခင်းကြောင်တောင်၊ လူအသွားအလာ
ကင်းမဲ့တဲ့နေရာတွေတင် မကပါဘူး၊ လူစည်ကားတဲ့နေရာတွေမှာပါ ဆိုင်ကယ်ကို အသုံးပြုပြီး
ပိုက်ဆံအိတ်ကို လုယူသွားတာ၊ ဆွဲကြိုးဖြတ်ယူ မောင်းပြေးသွားတာ၊ အငှားယာဉ်နဲ့ အတူ
အုပ်စုဖွဲ့လုယက်မှု၊ ဓားထောက်လုယက်မှု၊ အငှားယာဉ်မောင်းအယောင်ဆောင် ခရီးသည်
အယောင်ဆောင်လုယက်မှု၊ နယ်စပ်ဒေသတွေမှာဆိုရင် ရွှေဆိုင်တွေကို သေနတ်နဲ့ချိန်ပြီး
လုယက်မှုတွေအပြင် နေအိမ်အတွင်း ၀င်ရောက်ပြီး အနုကြမ်းစီးလာတဲ့ လုယက်မှုတွေထိ
ရှိလာခဲ့တာဖြစ်ပါတယ်။

တချို့နယ်စပ်မြို့တွေမှာ ရွှေဆိုင်တွေကို သေနတ်ထုတ် ပစ်ခတ်လုယက်မှုတွေ တွေ့လာရပါတယ်။
ဒါ့ပြင် ကမ္ဘာလှည့်ခရီးသွားတွေကိုတောင် လုယက်မှု၊ မုဒိမ်းမှု၊ လူသတ်မှု ဖြစ်တဲ့အထိ
အတင့်ရဲလာခဲ့တာတွေက တရားဥပဒေ စိုးမိုးရေးလုပ်ငန်းအပေါ် ပြည်သူအကြား စိုးရိမ်ပူပန်မှု
ပိုမိုမြင့်တက်စေခဲ့ပါတယ်။

၂၀၁၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပြစ်မှုတွေအနက် လူသတ်မှုမှာ ဓားလက်နက် အသုံးပြုမှု
၅၅ ဒသမ ၁၅ ရာခိုင်နှုန်း၊ လုယက်မှုမှာ ဓားလက်နက် အသုံးပြုမှု ၅၃ ဒသမ ၄ ရာခိုင်နှုန်း၊ နာကျင်မှုမှာ
ဓားလက်နက်အသုံးပြုမှု ၃၂ ဒသမ ၈၉ ရာခိုင်နှုန်း ရှိပြီး အဆိုပါ ကျူးလွန်မှုတွေကြောင့် ထိခိုက်ဒဏ်ရာ
ရရှိသူစုစုပေါင်းမှာ တစ်နှစ်တာအတွင်း ၁,၆၅၇ ဦးရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး
ဗိုလ်ချုပ်အောင်စိုးက ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်က ပြည်သူ့လွှတ်တော်မှာ ဖြေကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာ နည်းပညာထွန်းကားလာတာမို့ မှုခင်းဖော်ထုတ်တဲ့ နေရာမှာ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့
စီစီတီဗီကင်မရာမှတ်တမ်းတွေကတစ်ဆင့်၊ ပြည်သူတွေရဲ့ ကူညီမှုကတစ်ဆင့် ပြစ်မှုကျူးလွန်သူတွေကို
ဖော်ထုတ်နိုင်ပေမဲ့ စီစီတီဗီကင်မရာ မရှိတဲ့နေရာတွေ၊ လူသူကင်းမဲ့တဲ့နေရာတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ
ကင်းလှည့်မှုအားနည်းတဲ့ နေရာတွေမှာ ဒုစရိုက် ကျူးလွန်သူတွေဟာ နေ့လယ်နေ့ခင်းအချိန်မှာတောင်
လုယက်မှုတွေ ကျူးလွန်နေဆဲဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့ တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်နေတုန်း
ဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး